ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအား အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲ ပဲတီစိမ်းမျိုးစေ့နှင့် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ရရှိရေး သွင်းအားစု ပေးအပ်ပွဲကျင်းပ

 

ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအား အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲ ပဲတီစိမ်းမျိုးစေ့နှင့် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ရရှိရေး သွင်းအားစု ပေးအပ်ပွဲကျင်းပ

 

ကျောက်ဆည်  အောက်တိုဘာ  ၂၈

      မန္တလေးတိုင်းဒေသကြီး    ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ထိခိုက် ပျက်စီးဧကများအား    အစားထိုး စိုက်ပျိုးနိုင်ရေး အတွက် မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့နှင့် ချည်မျှင်ရှည်ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစု ပေးအပ်ပွဲကို အောက်တိုဘာလ ၂၈ ရက်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးကောင်းမြတ်နိုင်က  စပါး၊ ဆီထွက်သီးနှံနှင့်  ချည်မျှင်ရှည်ဝါစိုက်ဧကများ တိုးချဲ့နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက်   လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊   မျိုးစေ့များနှင့် သွင်းအားစုများ ပံ့ပိုးကူညီမှုများ     ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်  သီးနှံအထွက်နှုန်း တိုးပွားရေး ဆောင်ရွက်ကြရန် လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍     မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး  ဦးမြင့်အောင်က   မြို့နယ်အတွင်း   အဓိက ပန်းတိုင်သီးနှံ ၁၀  မျိုး   စိုက်ပျိုးထားပြီး   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု ၅၉ အုပ်စု၌  စိုက်ပျိုးထားသည့်  မိုးသီးနှံ ၂၄၀၄၁ ဧက ထိခိုက်ခဲ့ကာ ၁၆၃၈၄   ဧက   ပျက်စီးခဲ့ကြောင်း၊    အဆိုပါပျက်စီးဧကများအား ပြန်လည်စိုက်ပျိုးနိုင်ရန်  မြန်မာနိုင်ငံပဲမျိုးစုံ၊ မြေပဲ၊ နှမ်းကုန်သည်ကြီးများအသင်းမှ ကုမ္ပဏီများက  ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေး   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍   မတ်ပဲ၊  ပဲတီစိမ်းမျိုးစေ့များနှင့်    ချည်မျှင်ရှည်ဝါသီးနှံအတွက်   ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများကို  တစ်ဧကအထွက်နှုန်းတိုးရန်၊     ဝင်ငွေအကျိုးအမြတ်များ ရရှိစေရန်  သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် စားရေရိက္ခာဖူလုံရေး နည်းပညာများကို တိကျစွာလိုက်နာ၍ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်    ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်       ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးချစ်ဆွေဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက     ရေကြီးနစ်မြုပ်မှုကြောင့်  ထိခိုက်ပျက်စီးခဲ့သော  သီးနှံဧကများ အစားထိုးစိုက်ပျိုးနိုင်ရေး မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များနှင့် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ရရှိရေး သွင်းအားစုများကို    မကျီးတောကျေးရွာ၊    ကြောင်ပန်းကုန်းကျေးရွာနှင့်     ရဲဘော်ကြီးကျေးရွာတို့မှ တောင်သူများအား     အခမဲ့ပံ့ပိုး ပေးအပ်ခဲ့ကြောင်း သိရသည်။