ပွင့်ဖြူမြို့နယ်၌ ပဲမျိုးစုံ ၆၇၃၉ ဧက စိုက်ပျိုးပြီးစီး
ပွင့်ဖြူ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၆၇၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပဲမျိုးစုံဧက ၄၁၈၀၀ စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် ယခုနှစ် အောက်တိုဘာလပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ပဲမျိုးစုံ ၆၇၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
ပွင့်ဖြူမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးရန် လျာထားမှု အနေဖြင့် ကုလားပဲ ၂၁၈၄၃ ဧက၊ မတ်ပဲ ၁၃၂ ဧက၊ ပဲကြီး ၃၆၉၇ ဧက၊ စားတော်ပဲ ၃၁၈၅ ဧက၊ ပဲလွမ်း ၃၂၃၂ ဧက၊ ပဲနောက် ၄၁၈ ဧက၊ ပဲယဉ်း ၂၁၄ ဧက၊ ပဲကျား ၃၉၁ ဧက၊ ထောပတ်ပဲ ၇၇၃၂ ဧက၊ အခြားပဲသီးနှံ ၉၅၆ ဧက စုစုပေါင်းပဲမျိုးစုံဧက ၄၁၈၀၀ ဖြစ်သည်။
ပဲမျိုးစုံစိုက်ပျိုးရာတွင် ပဲသီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ချိတ်ဆက်၍ ဒေသခံတောင်သူများကို လိုအပ်သည့်မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုပစ္စည်းများ ပိုးမွှားကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ် နှိမ်နင်းရမည့် နည်းလမ်းများကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။