အရည်ကြည်ဖု နှင်းခူအကြောင်း
နှင်းခူနဲ့ပတ်သက်ရင် အစိုနဲ့အခြောက်ဆိုပြီး အသိများကြပေမယ့် ဆေးပညာမှာတော့ အမျိုးအစားတွေ အများကြီးရှိပါတယ်။ နှင်းခူဖြစ်စေ တဲ့အကြောင်းအရာပေါ် အခြေခံပြီး ခွဲခြားလေ့ရှိသလို နှင်းခူဖြစ်တဲ့ နေရာပေါ်မူတည်ပြီးလည်း အမျိုးအမည်တွေ ပေးလေ့ရှိပါတယ်။ နောက်ပြီး နှင်းခူရဲ့ ပုံသဏ္ဌာန် အသွင်အပြင်ကို ကြည့်ပြီးတော့လည်း အမည်အမျိုးမျိုး ပေးတတ်ပါတယ်။ ယေဘုယျအနေနဲ့ ဘယ်လို နှင်းခူအမျိုးအစားပဲဖြစ်စေ အရေပြားရောင်ရမ်းပြီး ယားယံတာကို ခံစားရတာချင်းတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် နှင်းခူကို အဇီးမား (Eczema) လို့ခေါ်သလို အရေပြားရောင်ရမ်းတာလို့လည်း ခေါ်ဝေါ်ကြပါတယ်။
သာမန်နှင်းခူတွေနဲ့မတူဘဲ ထူးထူးခြားခြားအရည်ကြည်ဖုတွေထွက် လာတဲ့နှင်းခူ(Vesicular Eczema) ဆိုတာလည်းရှိပါတယ်။ အရည်ကြည်ဖုနှင်းခူဆိုတာ အရည်ကြည်ဖုတွေ ပလုံစီထနေတာကို ဆိုလို ပါတယ်။ တချို့ကတော့ အဲဒီနှင်းခူမျိုး လက်မှာဖြစ်ခဲ့ရင် ချီယိုပိုပမ်လက် (Chei- ropompholyx) လို့ခေါ်ပြီး ခြေထောက်မှာဖြစ်ရင် ပီဒိုပိုပမ်လက် (Pedopompholyx) လို့ခေါ်ပါတယ်။ ချီယိုဆိုတာ လက်ဖြစ်ပြီး ပီဒို ဆိုတာ ခြေထောက်ဖြစ်ပါတယ်။
နောက်ပြီး ချွေးထွက်များတဲ့အခါမှာ ဖြစ်တတ်တဲ့ နှင်းခူမျိုးကို ဒစ်ဟိုက် ဒရောတစ်အဇီးမား (Dyshidrotic Eczema) လို့ခေါ်ပါတယ်။ ချွေးထွက် မူမမှန်တဲ့ နှင်းခူဆိုတာလည်း ရှိပါတယ်။ ဘယ်လိုနှင်းခူအမျိုးအစားမဆို ခြေနဲ့လက်တွေမှာ အရည်ကြည်ဖုတွေပေါက်လာပြီး အလွန်ယားယံတာ မျိုးခံစားရတတ်ပါတယ်။
အရည်ကြည်ဖုတွေ ထွက်တဲ့နှင်းခူကို လက်ဖဝါး၊ ခြေဖဝါးတွေမှာဖြစ် တဲ့နှင်းခူအနေနဲ့ တွေ့ရတတ် ပါတယ်။ ထူးခြားတာက ဘယ်၊ ညာစုံညီဖြစ် လေ့ရှိပါတယ်။ လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်းကြား၊ ခြေချောင်းကြားနဲ့ ခြေချောင်းဘေးစောင်းတွေပေါ်မှာ အဓိကဖြစ်တတ်ပါတယ်။ သာဂူစေ့ အရွယ်ကနေ လက်မဝက်လောက်အထိကြီးတဲ့ အရည်ကြည်ဖုတွေပေါက် လာပါတယ်။ အဲဒါကို သေချာကြည့်မှ မြင်ရပါတယ်။ အရေပြားမှာထက် အရေပြားထဲကိုမြုပ်ပြီး ဝင်နေတာများပါတယ်။ တချို့က ယားလွန်းလို့ အဲဒီအရည်ကြည်ဖုလေးတွေကို လက်သည်းတို့၊ အပ်တို့၊ လက်သည်း ညှပ်တို့နဲ့ ဖောက်ပစ်တာ လုပ်ကြတယ်။ အဲဒီထဲက အရည်ကြည်လေး တွေထွက်သွားတော့ အယား နည်းနည်းသက်သာ သွားတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ အဲဒီအရည်ကြည်လေးတွေ တစ်ခုနဲ့တစ်ခုဆက်သွားတော့ အရည်ကြည်ဖုကြီး ဖြစ်သွားတတ်တာကို ဂရုပြုသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရောဂါ အတိမ်အနက် မတူပေမယ့် မကုတ်ရ၊ မဖဲ့ရမနေနိုင်အောင် ယားယံတာကတော့ အတူတူပဲဖြစ်တယ်။
အလွန်ယားယံတဲ့ အရည်ကြည်ဖုလေးတွေက ဘာကြောင့်ဖြစ်ရ သလဲဆိုတာ တိတိကျကျမသိရပါဘူး။ တိုက်ဆိုင်မှု၊ ဆက်နွှယ်မှုရှိတဲ့ ကိစ္စတွေကတော့ အများကြီးရှိပါတယ်။ လက်ဖဝါး၊ ခြေဖဝါးချွေးထွက် များလွန်းတဲ့သူတွေမှာ ဖြစ်တာများတယ်လို့ ယေဘုယျအားဖြင့် သိရှိရပါ တယ်။ တကယ်တမ်း အရေပြားကို အသားစယူပြီး အနုစိတ်စစ်ဆေး ကြည့်တော့ ချွေးအိတ်တွေရဲ့ အနေအထားကလည်း ပုံမှန်ပါပဲ။ ဒါကြောင့် ချွေးအိတ်တွေကြောင့်လို့ တစ်သမတ်တည်း ယူဆထားလို့ မရပါဘူး။ ချွေးထွက် နည်းသူတွေလည်း နှင်းခူဖြစ်နိုင်ပါတယ်။ ၎င်းတို့ကတော့ ဓာတ်မတည့်တာကနေဖြစ်တာလို့လည်း သိရပါတယ်။ လက်နဲ့ထိတွေ့ တဲ့ပစ္စည်းတွေထဲမှာ နီကယ်သတ္တုဓာတ်ပါရင် နှင်းခူ ဖြစ်တတ်ပါတယ်။ နီကယ်ဆိုတဲ့ငွေရောင်သတ္တုဓာတ်ပါတဲ့ ပစ္စည်းဆိုတာ ကလည်း လက်ရှိခေတ်မှာများလှပါတယ်။ ဥပမာ- နေ့စဉ်သုံးပစ္စည်းတွေ ဖြစ်တဲ့ ကားသော့၊ အိမ်သော့၊ တယ်လီဖုန်းဟန်းဆက်၊ လက်ဆွဲအိတ်၊ ပိုက်ဆံအိတ် ကဇစ်တွေ၊ နာရီကြိုး၊ ဖန်စီလည်ဆွဲ၊ လက်ကောက်စတာတွေမှာ အနည်းနဲ့အများဆိုသလို နီကယ် ပါဝင်နေတတ်ပါတယ်။ တချို့သုတေသီတွေကတော့ အိမ်တွင်းမှာကပ်ငြိနေတတ်တဲ့ ဖုန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အရည်ကြည်ဖုထွက်တဲ့ နှင်းခူပိုဖြစ်တတ်တယ် လို့ဆိုပါတယ်။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ခြေတွေ၊ လက်တွေမှာ နှင်းခူ အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ လည်း သက်ဆိုင်တယ်လို့ဆိုပြန်ပါတယ်။ စိတ်ဗျာများတဲ့အခါ အရည်ကြည်ဖု ထွက်တဲ့ နှင်းခူပေါ်လာပြီး ယားယံတတ်ပါတယ်။
နှင်းခူက တခြားသူတွေကို ကူးစက်တတ်တယ်လို့ တထစ်ချမပြော နိုင်ပေမယ့် သတိထားသင့်ပါတယ်။ တချို့ဆို နှင်းခူနာက မန်းရည်တစိုစိုနဲ့ အနာဗရပွဖြစ်တတ်ပါတယ်။ ဒါကြောင့် အရည်ကြည်ဖုတွေကို ဖောက် ပစ်လိုက်မယ်ဆိုရင် ပိုးသန့်စင်ထားတဲ့ကိရိယာတွေကိုပဲ အသုံးပြုသင့်ပါတယ်။ တွေ့ကရာ အပ်တို့၊ ကတ်ကြေးတို့ မသုံးသင့်ပါဘူး။ အကယ်၍ သုံးခဲ့ရင် ယားတဲ့နှင်းခူက မယားတော့ဘဲ ပြည် တည်နာတွေကြောင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။
နှင်းခူက တစ်ခါဖြစ်ဖူးပြီးရင် ပြန်ဖြစ်တတ်ပါတယ်။ ပြဿနာက နှင်းခူ က ရုတ်တရက် ပေါ်ပေါက် တတ်ပေမယ့် ပျောက်ဖို့တော့ ကြာတတ်ပါ တယ်။ နာတာရှည်သွားရင် အရည်ကြည်ဖုတွေအဖြစ် မတွေ့ ရတော့ဘဲ အရေပြားက မာခြောက်လာပြီး ကွဲရာ၊ အက်ရာတွေအပြင် အရေခွံတွဲ တာ၊ ကွာတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ပြီး လက်သည်း၊ ခြေ သည်းတွေလည်း ပုံပန်းပျက်တတ်ပါတယ်။ တချို့ဆိုရင် မကြာခဏပြန် ဖြစ်တတ်လို့ စိတ်ညစ်ရပါတယ်။ လူနာတွေက ဆရာဝန်တွေနဲ့တွေ့တဲ့အခါ ဘာကြောင့် ပြန်ဖြစ်တာလဲ၊ ဘာတွေရှောင်ရမလဲဆိုတာတွေပဲ မေးလေ့ ရှိကြပါတယ်။ တကယ်တော့ နှင်းခူတစ်ခါ ဖြစ်ဖူးရင် ထပ်မဖြစ်ရလေအောင် ရှောင်သင့်တာတွေကို ရှောင်လိုက်တာ မမှားပါဘူး။
နှင်းခူမဖြစ်အောင် ဆင်ခြင်နေထိုင်နိုင်ပါတယ်။ လက်မှာ နှင်းခူရှိရင် ဒါမှမဟုတ် ရှိခဲ့ဖူးရင် ရေ၊ ဆပ်ပြာ၊ ရေချိုးခန်းသုံး သန့်ရှင်းရေးပစ္စည်းတွေနဲ့ ထိတွေ့မှုနည်းအောင် နေသင့်ပါတယ်။ နီကယ်ပါတဲ့ပစ္စည်းတွေ၊ နီကယ်ပါတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ အိမ်တွင်းက ဖုန်တွေကို ဖြစ်နိုင်ရင် တံမြက်စည်း အစား လေစုပ်စက်နဲ့ သန့်စင်သင့်ပါတယ်။ စိတ်ဖိစီးရင် ရောဂါပိုဆိုးစေလို့ စိတ်ကို ဖြေလျှော့ထား သင့်ပါတယ်။ အရည်ကြည်ဖုတွေကို လက်လွတ်စပယ်ဖောက်တာ၊ ကုတ်ဖဲ့တာတွေ မလုပ်သင့်ပါဘူး။ ချွေးထွက်များတာနဲ့ ဆက်စပ်နေလို့ ပူအိုက်တဲ့ရာသီမှာ ဖိနပ်အလုံပိတ်ဝတ်ဆင်တာကို ဆင်ခြင်သင့်ပါ တယ်။ မိမိသဘောနဲ့မိမိ တွေ့ကရာလိမ်းဆေး၊ စားဆေးတွေသုံးတာကို ရှောင်သင့်ပါတယ်။ အနာ တခြား၊ ဆေးတခြားဖြစ်နေနိုင်ပါတယ်။
နှင်းခူက အရေပြားကို ယားယံ၊ နီရဲ၊ ခြောက်သွေ့စေပြီး အက်ကွဲခြင်း၊ သားရေပြားလို မာခေါက် ခေါက်ဖြစ်ခြင်းမျိုး ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို နှင်းခူဖြစ်နိုင်ပါတယ်။ နှင်းခူ ဖြစ်စေတဲ့ အကြောင်းရင်းတွေက မျိုးရိုးလိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ အပူနဲ့ချွေး ထွက်များတာ၊ အေးပြီးခြောက်သွေ့တဲ့ရာသီဥတုမှာ အသားခြောက်တာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ နှင်းခူဖြစ်နိုင်ခြေ ပိုများတဲ့အချက်တွေက မိသားစုထဲမှာ သို့မဟုတ် ကိုယ်ကိုယ်တိုင် အရင်က နှင်းခူ ဒါမှမဟုတ် ဓာတ် မတည့်တာနဲ့ ပန်းနာရင်ကျပ်ဖြစ်ဖူးတာ၊ ကိုယ်ကိုယ်တိုင်က ကျန်းမာရေး ဝန်ထမ်းဖြစ်နေတာ စတဲ့ အချက်တွေဖြစ်နိုင်ပါတယ်။
နှင်းခူရဲ့ အတွေ့ရအများဆုံး လက္ခဏာတွေက ကာလကြာရှည်အရေ ပြားယားယံခြောက်သွေ့ပြီး မာနေ၊ ထူနေတာပဲဖြစ်ပါတယ်။ လက်၊ လည်ပင်း၊ မျက်နှာနဲ့ ခြေထောက်တွေမှာ ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာဆို ဒူးနဲ့လက်မောင်းတွေမှာ အဓိကဖြစ်လေ့ရှိပါတယ်။ ယားလို့ကုတ်ရင် ခြောက်နေတဲ့ အရေပြားနေရာတွေမှာ အနာဖြစ်သွားပြီး ပိုးဝင်လာနိုင် ပါတယ်။ အရေပြားနာနေခြင်း၊ အရေပြားပိုးဝင်တဲ့လက္ခဏာရှိခြင်း၊ အနီစက်တွေ၊ ပြည်တွေ၊ အဝါရောင် အနာဖေးတွေဖြစ်ခြင်း၊ အမြင်အာရုံ ထိခိုက်ခြင်း စတဲ့အခြေအနေမျိုးတွေရှိလာရင် သက်ဆိုင်ရာဆရာဝန်ထံ ပြသပြီး ကုသမှုခံယူသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်