ဂွမြို့နယ်၊ မြောက်ပိုင်းကျေးရွာများတွင် စျေးဆိုင်များနှင့် နေအိမ်များရှိ လူသုံးကုန်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ယူနေကြောင်း သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၃၀ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မြောက်ပိုင်းကျေးရွာများတွင် စျေးဆိုင်များနှင့် နေအိမ်များရှိ လူသုံးကုန်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ယူနေ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဂွမြို့နယ်ရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဂွမြို့နယ်အတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်မှုများ ရှိသော်လည်း လုံခြုံရေးနှင့် မသက်ဆိုင်သည့်ကိစ္စများကို ဆောင်ရွက်ခြင်းမရှိကြောင်း၊ တရားမဝင်ပြည်ဖျက် မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင် လွဲမှားစေရန်နှင့် အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူများ စိုးရိမ်ထိက်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် သတင်းတုသတင်းမှားများကို လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။