ဒဂုံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ကျင်းပ
ရန်ကုန် အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို အောက်တိုဘာလ ၃၁ ရက်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဆန်းဝင်း၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာ၊ကျောက်တံတားခရိုင် ပညာရေးမှူး ဒေါ်မာ လာရီ၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင် နာယက ဦးညွန့်ဆွေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာဖတ်ရှိန်ပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာပေလူ့မိတ်ဆွေ သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းရာ ဒဂုံမြို့နယ်ပညာရေးမှူးနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးတို့က လက်ခံရယူကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောမည့် အမျိုးသားစာပေဆုများရှင် စာရေးဆရာဟိန်းလတ်အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အလှူ ရှင်များ၏လှူဒါန်းမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသီးသီး လက်ခံရယူကြသည်။
ထို့နောက် အမျိုးသားစာပေဆုများရှင် စာရေးဆရာဟိန်းလတ်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။