မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ကျွန်တော်သည် မိမိအထုပ်ကြီးနှင့်အတူ အိမ်သာနားမှာ ဆောင့်ကြောင့်လေး သွားထိုင်နေလိုက်သည်။ ကျွန်တော့်တစ်ကိုယ်လုံးမှာလည်း အဝတ်တွေရွှဲရွှဲ စိုနေပြီ။ ကျွန်တော့်ခန္ဓာကိုယ်မှ ရေတွေစီးကျနေသည်။ အကာလညအချိန် သင်္ဘောမှာ လေဆန်တိုးပြီး စက်ကုန်မောင်းနေ၏။ ရှပ်အင်္ကျီရေစိုနဲ့ ဘောင်းဘီတို ရေစိုကိုဝတ်ထားသည့် အိမ်သာနံဘေးကကျွန်တော် ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပေပြီ။ ကျွန်တော့်မှာ ဖလန်နယ်ရှပ်အင်္ကျီ ဝတ်လာခဲ့ရာ ရေစိုကြီးနဲ့ဆိုပိုလေးသည်။ ပုဆိုးမှာလည်း ဒီနေ့တွင်မှ အသစ်ဝယ်ပြီး ဝတ်လာခဲ့ခြင်းဖြစ်သည်။ လှေနစ်တော့ ခြေထောက်ကို ကျောက်ရင်းကန်ရင်း ကျွတ်ကျန်ခဲ့လေပြီ။ ကျွန်တော့်ခန္ဓာကိုယ်အောက်ပိုင်းတွင် အတွင်းခံ ဘောင်းဘီတိုလေးပဲ ကျန်တော့သည်။ ကျွန်တော့်ခန္ဓာကိုယ်မှာ ရေခဲတုံးကြီးနဲ့ဘာမျှမခြား။ အပြစ်ကြီး တစ်ခုကိုကျူးလွန်မိထားသည့် ရာဇဝတ်သားတစ်ယောက်လို ကျွန်တော့်ကို အများက ဝိုင်းပယ်ထားခြင်း ကို ခံနေရပေပြီ။
ကမ်းထောင်းကြီးဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ သည်မှာ အချိန်မည်မျှ ကြာသွားလေပြီမသိ။ သင်္ဘော လူးလှိမ့်လာသည်။ ကျွန်တော် မြစ်ပြင်ဝဲ၊ ယာသို့ လှည့် ပတ်ကြည့်လိုက်၏။ ဪ နောင်တော်မြစ်ပြင် ကျယ်ကြီးတောင် ရောက်နေမှကိုး။ ကျွန်တော်သည် မြစ်ပြင်ကျယ်ကြီးထဲမှာ လှိုင်းလုံးများနဲ့ နပန်းထိုး သတ်ခဲ့ရပေါင်းများပြီ။ လှေနစ်လို့ ညီလေးကိုပခုံး ပေါ်ခွတင်ပြီး ကူးခဲ့ဖူးသည်။
မြစ်ပြင်ကျယ်၏သဘာဝအရ လေပိုမိုပြင်းလာ သည်။ ကျွန်တော့်မှာ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါ အောင်ဖက်ထားရင်း ခေါင်းကိုဒူးနှစ်လုံးပေါ် တင်ထားလိုက်သည်။ အေးလွန်း၍ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ခါနေပေပြီ။ ကျွန်တော်၏အဇ္ဈတ္တဝန်းကျင် တွင် ဝမ်းနည်းကြေကွဲမှုများ၊ အားငယ်မှုအရောင်များ စွန်းထင်းမှုအားကြီးလာသည်။
ကိုယ့်ဘဝနဲ့ကိုယ် ဒုက္ခခံလို့ အေးအေးမနေရ ယိုပေါက်ကိုဖွင့်ချဖို့ လာပြန်ချေပြီတစ်ယောက်။ ကျွန်တော့်မှာ ကိုယ်ကိုကိုင်းပြီး အိမ်သာလမ်းကြောင်း ကို နည်းနည်းဖယ်ပေးလိုက်သည်။ ဒီလူကဆက်မသွား ကျွန်တော့်အနီးမှာရပ်နေသည်။ ကျွန်တော်က လမ်းမရသေး၍ ဆက်မသွားဟုထင်ကာ ထပ်မံကိုင်းညွတ် ဖယ်ပေးလိုက်ပြန်သည်။
"မင်းဘယ်လိုဖြစ်လာတာလဲ၊ အဝတ်တွေလည်း ရေစိုကြီးနဲ့"
ကျွန်တော် ခေါင်းကိုဖြည်းဖြည်းမော့ကြည့်လိုက်သည်။ လူကြီးတစ်ယောက် ကျွန်တော့်ကိုစိုက်ကြည့် နေသည်။
"ဒီလိုပါဗျာ၊ ကျွန်တော်ကမ်းထောင်းကြီးဆိပ်ကမ်းမှာ ကူးတို့လှေနစ်လို့ ဒုက္ခရောက်လာတာပါဗျာ"
"ဪ ဒုက္ခပါပဲ၊ ဒီရေစိုအဝတ်တွေနဲ့ မင်းဘယ်လို လုပ်ခံနိုင်မှာလဲ ပင်လယ်ပြင်ထဲရောက်နေပြီ၊ လေက အရမ်းတိုက်နေတယ်"
လူကြီးသည် ကျွန်တော့်ကိုပြောပြီး သင်္ဘောအပေါ်ထပ်သို့ တက်သွားသည်။ ခဏအကြာတွင် သူပြန် ရောက်လာသည်။
"ရော့ ... ရော့ မင်းဒီအဝတ်တွေလဲဝတ်ထား"
"ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ"
"ကဲဟုတ်ပြီ၊ မင်းမှာပြန်လဲစရာလည်းရှိပုံမရဘူး
အကုန်လုံးရေစိုကြီးဖြစ်နေမှာပေါ့"
"ဟုတ်ကဲ့ ကျွန်တော့်အိပ်ရာလိပ်ထဲမှာ အကုန်လုံး စိုကုန်ပြီဗျာ"
"ဟုတ်ပြီဟုတ်ပြီ၊ အဲဒီအဝတ်တွေမင်းပဲ ယူသွားလိုက်တော့"
လူကြီးသည် ကျွန်တော့်ကို အင်္ကျီ၊ ပုဆိုးတွေပေး ပြီး ပြန်ထွက်သွားသည်။ ကျွန်တော် အင်္ကျီရေစို၊ ဘောင်းဘီတိုရေစိုများကို လဲဝတ်လိုက်သည်။ ပြီးနောက် သင်္ဘောစက်ခန်းကို ကာရံထားသောနံရံပြားကိုမှီပြီးထိုင်နေလိုက်သည်။ စက်အပူငွေ့ကြောင့် နံရံမှာနွေး နေပြီး နေသာထိုင်သာရှိသွားသည်။
အသက် ၂၅ နှစ်အထက် ကျော်နေပြီဆိုသော ကျွန်တော်ဘညွန့်သည် မြန်မာနိုင်ငံအစိုးရဌာနဆိုင်ရာ စည်းကမ်းချက်အရ ၁၀ တန်းကို နှစ်ကြိမ်တိုင်တိုင်အောင်ထားပြီး ဖြစ်သော်လည်း ဌာနဆိုင်ရာ အလုပ်ကလေးတစ်ခုမျှကိုပင် မရပါလေခဲ့။ နိုင်ငံအတွက်ရော၊ ဌာနဆိုင်ရာအတွက်ရော၊ ကျေးလက် ရင်ခွင်ကြားက တောင်သူလယ်သမား ရင်သွေးငယ်များအတွက်ရော စာသင်စာပြပြုပေးပါရစေဟု မျက်နှာ ငယ်လေးနဲ့ တောင်းဆိုခဲ့ပါသော်လည်း တစ်စုံတစ်ရာ အလေးဂရုမပြုခဲ့ပါတကား။ ဪ ငါ့ဘဝမှာ ကျောင်း ဆရာဖြစ်လိုရေး ဆန္ဒအတွက် ပေးဆပ်ရတာတွေ တွေးမိတိုင်း ရင်ထဲထိလှသည်။ ခုလည်း ရှေ့ဆက် ရမည့်ခရီးအတွက် လှမ်းမျှော်ကာ သွားနေတုန်း ပင်ဖြစ်သည်။ ရှေ့မှာပန်းတိုင်ရှိသည်ဟူ၍။
၁၉၇၈-၁၉၇၉ ပညာသင်နှစ်သည် ကျွန်တော် တွဲဖက်အလယ်တန်းပြဆရာ တစ်နည်းအားဖြင့် စပါးတောင်းကျောင်းဆရာ လုပ်သက်လေးနှစ် ပြည့်ခဲ့လေပြီ။ နဝမတန်းစာမေးပွဲတစ်ကြိမ်၊ ဆယ်တန်း စာမေးပွဲနှစ်ကြိမ် အောင်ထားပြီးပြီ။ ယခုတစ်ဖန် ဆယ်တန်းကို နောက်တစ်ကြိမ်ထပ်ဖြေမည်ဆိုတော့ အခြေခံပညာအထက်တန်း စာမေးပွဲဖြေသည့် အကြိမ်ရေပေါင်း လေးကြိမ်တိတိရှိပေရော့မည်။ ဒီတော့ ကျွန်တော် ပဉ္စမတန်းကပင် သင်လာသောတွဲဖက် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများသည် ယခုနှစ်ဆိုလျှင် အဋ္ဌမတန်းသို့ ရောက်ရှိလာခဲ့ကြ လေပြီ။
ကျွန်တော်သည် ဤသက္ကရာဇ်မှာပင် စိတ်ဓာတ်ခွန်အားကို တစ်ဆင့်မြှင့်ပြီး တိုက်ပွဲဝင်ရတော့မည်။
ထူးခြားသည့် အကြောင်းတရားနှစ်ခုတော့ရှိသည်။ တစ်ခုမှာ အဋ္ဌမတန်းသည် အစိုးရစစ်စာမေးပွဲဖြစ်၍ ကျွန်တော်တို့ဆရာတွေ ထိရောက်သော သင်ကြားမှုကို ရွက်ဆောင်ကြရတော့မည်။ နောက်တစ်ခုက ကျွန်တော်သည် ဆယ်တန်းစာမေးပွဲကို (က) အဆင့် အောင်မြင်နိုင်အောင်ကြိုးစားပြီး ဘွဲ့တစ်ခုခုရအောင် ကြိုးစားကာ ဌာနဆိုင်ရာ ကျောင်းဆရာဘဝကို အရယူရန်ပင်ဖြစ်ပါတော့သည်။ ကျွန်တော့်အတွက် အလွန်ပင်ကြီးလေးသော တာဝန်များပင် ဖြစ်ကြပါပေ၏။
ဆက်လက်ဖော်ပြပါမည်။