မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ဤအခြေအနေမျိုးတွင် ကျွန်တော့် အတွက်ရော၊ ကျောင်းသား၊ ကျောင်းသူ များအတွက်ရော ကျေးရွာအတွက်ပါ အဆင်မပြေမှုတစ်ခုနဲ့ ရင်ဆိုင်တိုးရပြန် တော့သည်။ အကြောင်းမှာ ကျွန်တော်တို့ အကူအညီခေါ်ယူထားသော ဘွဲ့ရဆရာ ဦးကျော်ဌေးမှာ တွဲဖက်ဆရာ ဆက်မလုပ် တော့ဘဲ မိသားစုရှိရာ ကျောက်ဖြူမြို့သို့ အပြီးပိုင်ထွက်ခွာသွားခြင်းပင်ဖြစ်ပေ တော့သည်။ မြေပုံမြို့နယ် ကျွန်းစဉ်ဒေသ သည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲခြင်း၊ သူပုန်တို့ကြီးစိုးနယ်မြေဖြစ်ခြင်း၊ ရာဇဝတ်မှုပေါခြင်းတို့ကြောင့် ရပ်ဝေးမှဧည့်သည်ဆရာများ လာရောက် ရန်ခက်ခဲကြသည်။ ငြင်းဆန်ကြသည်။ ဘဝအာမခံချက်မရှိသော စပါးတောင်း ဆရာ(အငှားဆရာများ)ကို တော်ရုံနဲ့ မလုပ်လိုကြ။ ဒီတော့ သရက်တောင်ရွာ တွဲဖက်အလယ်တန်းကျောင်းအတွက် အခက်ကြီးကြုံ ရတက်မီးပုံပွားရပါတော့ သည်။
"ဆရာ့ကို ကျွန်တော်တစ်ခုပြောမယ်"
"ပြောလေ ကိုဘညွန့်"
ကျွန်တော်သည် ကျွန်တော်တို့ တွဲဖက် ဆရာများနဲ့ တွဲပြနေသော မူလတန်းပြ ဆရာ ဦးစောမောင်လှ(ကမ်းထောင်းကြီး ရွာဇာတိ)ကို ခေါ်ယူညှိနှိုင်းနေခြင်းပင် ဖြစ်သည်။
"ဒီလိုဗျာ၊ ခု တို့ဒေသအနေအထားအရ ဘွဲ့ရတစ်ယောက်ရရှိဖို့ဆိုတာမလွယ်ဘူး၊ အရမ်းအခက်အခဲရှိတယ်"
"ဟုတ်တယ်ဗျာ၊ ဘွဲ့တွေရလာရင်လည်း တရားဝင်ဌာနဆိုင်ရာမှာပဲ ဝင်လုပ်ကြတာ လေ၊ ဒါမှလည်း သူတို့အတွက် ရာထူးတိုး၊ လစာတိုးပြီး ပင်စင်ဆိုတာလည်း ရှိလာ ကြတာကိုး"
"ဟုတ်တယ် ဟုတ်တယ်၊ တချို့ဒီလို တွဲဖက်တွေမှာ လာလုပ်ကြတဲ့လူတွေဟာ ဌာနဆိုင်ရာက အပြစ်ပေးခံရသူတွေ၊နိုင်ငံရေးစိတ်ရှိပြီး လက်ရှိအစိုးရကို ဝေဖန်ချင်နေတဲ့လူတွေဆိုတော့ သူတို့မှာ နဂိုကတည်းက စိတ်ဒဏ်ရာက ပါလာကြပြီးသားဆိုတော့ ဆရာအလုပ်မှာ သိပ်ပြီး သဟဇာတမကျဘူးပေါ့ဗျာ"
"ဒီတော့ ဒီလိုလုပ်မယ်ဗျာ၊ ဆရာ ကျော်ဌေးပြသွားတဲ့ အဋ္ဌမတန်းအတွက် သင်္ချာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်ကို ဆရာဦးစောမောင်လှပြပါ"
" ကျွန်တော်ကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်းနဲ့ ပထဝီဝင်ဘာသာရပ်ကို တာဝန်ယူမယ်ဗျာ"
"တကယ့် စွန့်စားခန်းကြီးပဲဗျာ"
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည် တယ်ဗျာ၊ ကျောင်းသားတွေနဲ့လည်း အဆင်ပြေပါတယ်"
"ကိုဘညွန့်လုပ်နိုင်ရင် ကျွန်တော်လည်း လုပ်နိုင်ရမှာပေါ့ဗျာ၊ သတ္တိမွေးပေးမယ်၊ ခွန်အားဖြည့်ပေးမယ်ဗျာ"
ဆရာဦးစောမောင်လှနှင့် ကျွန်တော်ကား အစိုးရစစ် အဋ္ဌမတန်းစာမေးပွဲအတွက် အားမာန်ဖြည့်စကားများနဲ့ ယုံကြည်ချက်မှတ်တိုင်ကို စိုက်ထူလိုက်ကြပေပြီ။ ဦးစောမောင်လှမှာ သိပ္ပံတွဲဖြင့် ဆယ်တန်းအောင်ထားသူဖြစ်၍ သင်္ချာဘာသာရပ်နှင့် သိပ္ပံ
ဘာသာရပ်ကို ကောင်းကောင်းပြနိုင်ပေ သည်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဝိဇ္ဇာတွဲကို ဆက်ခါဆက်ခါ သင်ပြသင်ယူမှုလုပ်နေသူဖြစ်၍ နောကျေပြီးသားလို့ ပြောနိုင်ပေသည်။ ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်း အတန်းများအတွက် ကျွန်တော်တို့နှစ်ယောက် နည်းနည်းသက်သာရာရအောင် ကိုစံရွှေ (ကောင်စီစာရေး)ကို အကူအညီတောင်းပြီး ဝိုင်းကူဖို့ပြောကြည့်ကြရာ သူကိုယ်တိုင်လက်ခံသဖြင့် ကျွန်တော်တို့အတွက် နည်းနည်းအဆင်ပြေသလိုရှိသွားသည်။
ဒီနှစ်တွင် ကျွန်တော့်အတွက် တစ်ခုထူးခြားသည်မှာ ကျောက်ဖြူမြို့ အ.လ.က (၂) (မြို့မကျောင်း)က အဋ္ဌမတန်း ဝိဇ္ဇာဘာသာရပ်များအတွက် လက်ရေးမူမှတ်စုတစ်စုံ ကျွန်တော့်ဆီ ရောက်လာခဲ့ပေသည်။ လက်ရေးမူဟုဆိုသော်လည်း ညီညာဝိုင်းစက်နေသည်။ ကျွန်တော့် အတွက် သင်ကြားရေးအထောက်အကူရသဖြင့် လွန်စွာကျေနပ်သွားသည်။ (ကျောက်ဖြူမြို့နေ မမှဲ့ခင်ရွှေ (သရက်တောင်ဇာတိ)က ကိုယ့်ရပ်ကိုယ့်ရွာ ပညာရည်မြင့်မားမှုအတွက် ပေးလိုက်သည်ဟု ထင်ပါသည်။) (ကျောက်ဖြူမြို့တွင် အ.လ.က(၂) (မြို့မကျောင်း) သင်ကြားသင်ယူမှုထူးချွန်သောကျောင်းဖြစ်သည်။)
နောက်တစ်ခု ကျွန်တော့်အတွက်ထူးခြားသည်မှာ ကံ့ကော်ရွှေပြည် စာပေးစာယူသင်တန်းနဲ့ အဆက်အသွယ်ရပြီး သင်တန်းသားအဖြစ် ကျွန်တော် ပါဝင်သင်ယူလိုက်ရခြင်းပင်ဖြစ်ပေသည်။ ဤမျှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းပြီး သောင်းကျန်းသူတို့၏ စိုးမိုးမှုအောက်ရောက်နေသော ကျွန်တော့်အတွက် ကံ့ကော်ရွှေပြည် စာပေးစာယူသင်တန်းနဲ့ အဆက်အသွယ်ရသွားခြင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မဟာကံထူးရှင်ဟု ခံယူလိုက်ပေပြီ။ ထပ်မံ ကံကောင်းပြန်သည်မှာ သရက်တောင်ရွာ အစိုးရမူလတန်းကျောင်းက ကျွန်တော့်မိတ်ဆွေ ဆရာဦးဘဆွေမှာ မူလတန်းဆရာဖြစ်သင်တန်းကို ကျောက်ဖြူမြို့ ဆရာဖြစ်သင်တန်းကျောင်းမှာ တက်ရောက်နေချိန်ဖြစ်သည်။ ရန်ကုန်မြို့မှပို့ပေးသောဘာသာရပ်ဆိုင်ရာ သင်ကြားမှုများနှင့် ဘာသာရပ်အလိုက် လပိုင်းမာတိကာမေးခွန်းစာစဉ်များကို ကျွန်တော့်ဆီပို့ပေးသည်။ ကျွန်တော့်ဆီရောက်လျှင် မေးခွန်းများကိုဖြေဆိုပြီး ဆရာဦးဘဆွေဆီ ပြန်လည်ပို့ပေးသည်။ သူမှတစ်ဆင့် ကျောက်ဖြူမြို့စာတိုက်မှ ရန်ကုန်သို့ပို့ပေးခြင်းဖြစ်ပေသည်။ ကျွန်တော့်ဖြေဆိုမှုများကို သင်တန်းဌာနက အမှတ်ခြစ်ပြီး ရမှတ်များကို ကျွန်တော့်ဆီ ပြန်ပို့ပေးသည်။
ကျွန်တော့်ဖြေဆိုမှုများသည် လအလိုက် ၆၅ ရာခိုင်နှုန်းနှင့် ၁ဝဝ ရာခိုင်နှုန်းကြားတွင် အမြဲရှိသည်။ ကျွန်တော် အားအရဆုံးမှာ အင်္ဂလိပ်စာဘာသာရပ်သင်ခန်းစာများကို အပြည့်အစုံသင်ရပြီး လေ့လာရခြင်းပင် ဖြစ်ပေသည်။ ကျွန်တော် အခြေခံပညာ အထက်တန်းစာမေးပွဲကို နှစ်ကြိမ်တိုင်တိုင်ဖြေပြီးဖြစ်သော်လည်း အင်္ဂလိပ်စာ ဘာသာရပ်ပြဋ္ဌာန်းစာအုပ်ကို ခုထိပင် မမြင်ဖူးသေးချေ။
ကျွန်တော်သည် သရက်တောင်ရွာတွင် ကျောင်းဆရာလုပ်ရင်း ကလေးတွေ ပညာတိုးတက်စေရေးအတွက် ကြိုးစားအားထုတ်စာသင်ပြရင်း ရပ်ရွာတိုးတက်ရေး အတွက်ကိုလည်း စည်းရုံးလှုပ်ရှားလျက်ရှိရာ "အားသစ်လူငယ် စာကြည့်တိုက်"ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့သည်။ ကျေးရွာပြည်သူ့ကောင်စီ၏ ခွင့်ပြုချက်ကိုယူပြီး ရွာလယ်မြေကွက်လပ်တွင် အဆောက်အအုံတစ်ခုကို ရွာသားများ၏လုပ်အားဖြင့် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ခဲ့ကြသည်။ စာကြည့်တိုက်စတင်ဖွင့်လှစ်ရာတွင် ကျွန်တော့်မှာ ကျောင်းနေတုန်းကပင် မိဘပေးထားသော ချွေးနှဲစာ ပိုက်ဆံကို မုန့်ပင်မစားရက်ဘဲ ဝယ်ယူသိမ်းဆည်းထားသောစာအုပ်များနှင့် အလှူခံရရှိထားသော စာအုပ် ၁ဝဝ ကျော်ကို အခြေတည်ပြီး စတင်ဖွင့်လှစ်ခဲ့သည်။ လူငယ်များနဲ့ပဲ စာကြည့်တိုက်ကော်မတီကို ဖွဲ့စည်းသည်။ အသင်းဝင်များရရှိနိုင်အောင်စည်းရုံးပြီး လစဉ်ကြေးကောက်ခံသည်။ အလှူငွေများရှာဖွေသည်။ ရွာသို့ ဇာတ်အဖွဲ့များ ဝင်ရောက်ကပြလျှင် စာကြည့်တိုက်ကော်မတီများသည် မုန့်ရောင်းကြသည်။ ရွာသားများက စာကြည့်တိုက်ရန်ပုံငွေရရှိရေးအတွက် ဝယ်ယူစားသောက် အားပေးကြသည်။ ကျောင်းပိတ်ရက်များဆို စာကြည့်တိုက်တွင် ကျွန်တော် ကိုယ်တိုင်ထိုင်သည်။ စာအုပ်ငှားသည်။ နောက်ဆိုလျှင် ရွာထဲမှ အလှူရှင်များရှာဖွေကာ လစဉ်ထုတ်မဂ္ဂဇင်းများကို လအလိုက်ဝယ်ယူပြီး စာကြည့်တိုက်တွင် ဖြည့်ဆည်းကြသည်။ နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာကို ကျွန်တော်နှင့်ကျောင်းနေဖက် အတန်းဖော် ကိုဘတင်က သီတင်းတစ်ပတ်တစ်ကြိမ်စီထွက်သော ရက်မှန်မော်တော်ဘုတ်နဲ့ ကျောက်ဖြူမြို့မှ မြေပုံမြို့နယ် သရက်တောင်ရွာသို့ ပုံမှန်ထည့်ပေးသည်။ စာကြည့်တိုက်လေးကို ပြတင်းပေါက်လေးများဖောက်ပြီး သဘာဝကျကျ ဆောက်လုပ်ထားရာ ခုံတန်းလျားလေးများပေါ်တွင် အစီအရီထိုင်လျက် စာဖတ်နေကြသည့်မြင်ကွင်းမှာ သဘာဝကျလှပေသည်။ ကျွန်တော့်မှာ ကျောင်းသူ၊ကျောင်းသားများအား စာသင်ပြရ၊ ကိုယ်တိုင်လည်း ဆယ်တန်းစာမေးပွဲကို (က)အဆင့်ဖြင့် အောင်မြင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသည့်အပြင် စာကြည့်တိုက်လုပ်ငန်းကလည်း ရှေ့တည့်တည့်မှာ နေရာယူလာရာ မေတ္တာပြည့် အလုပ်၊ စေတနာပြည့်တာဝန်တွေက များလွန်းလှသည်ဟု ဆိုရပေမည်။ ကျွန်တော်သည် ရပ်ရွာအပေါ်တွင် စေတနာထားပြီး ဆောင်ရွက်နေမှုများကို ကိုယ်တွေ့မြင်နေ၊ ကြားနေရသော ရွာသားများ မှာ ကျွန်တော့်အပေါ် နွေးထွေးမှုပိုပြီးရှိလာကြသည်ဟု ခံစားမိလာသည်။
ဆက်လက်ဖော်ပြပါမည်။