အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျအောင်မြင်စေရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်)
နိုင်ငံတစ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ အလယ်တွင် လူသိထင်ရှားဖြစ်စေသည့် အကြောင်းအရာများအနက် အားကစားထူးချွန်သူများ ပေါ်ထွန်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အားကစားကဏ္ဍမြင့်မား တိုးတက်ရေးသည် နိုင်ငံတိုင်းကကြိုးပမ်း လုပ်ဆောင်နေသည့်ကဏ္ဍတစ်ရပ်ဖြစ်သည်။
အားကစားတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်သည်။ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးစေနိုင်ပြီး အားကစားအောင်မြင်မှုများကြောင့် နိုင်ငံ၏ဂုဏ်သိက္ခာလည်း မြင့်မားစေနိုင်သည်။ နိုင်ငံနှင့်ပြည်သူလူထုအတွက် အားကစားကဏ္ဍသည် အလွန်ပင်အရေးကြီးလှသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင် အားကစားထူးချွန်သူများ ပေါ်ထွက်လာရေးကို ရည်ရွယ်လျက် အားကစားကွင်းများကို အဆင့်မြင့်မြင့် တည်ဆောက်ပေးထားသည်။ ထိုသို့တည်ဆောက်ပေးထားခြင်းနှင့် အတူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ကလည်း အားကစားကိုလေ့လာ လိုက်စားကြရမည်ဖြစ်သည်။
အားကစားကိုလေ့လာ လိုက်စားခြင်းဖြင့် မိမိတို့တစ်ဦးချင်း၏ ကျန်းမာရေး ကောင်းမွန်စေသည်။
လူငယ်ပီပီတက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ရှိနေကြရမည်ဖြစ်သည်။ ထိုသို့အားကစားကို စိတ်ပါဝင်စားစွာ လေ့လာလိုက်စားလေ့ကျင့်ရင်းမှ မိမိတို့၏ဝါသနာပါရာ အားကစားတစ်ခုခုကို ထူးချွန်အောင်လေ့ကျင့်ကြရမည်။ ကျောင်း၏ဂုဏ်၊ မြို့၏ဂုဏ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။
မည်သည့်ပညာရပ်မဆိုထူးချွန်စွာ တတ်ကျွမ်းထားလျှင် အသက်မွေးဝမ်းကျောင်းအတွက် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အောက်တိုဘာလ ၃ဝ ရက်က ကျင်းပသည့် ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် "အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွစေနိုင်သည့် အတွက် မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ခမ်းခမ်းနားနားနှင့် အဓိပ္ပာယ်ရှိရှိကျင်းပရန် ရည်ရွယ်ထားကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသားအားကစားပွဲတော်များကို ယခုအချိန်ထိ (၄) ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် ကို ၁၉၉၂ ခုနှစ် မေလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် အားကစားနည်း ၂၂ နည်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် အားကစားနည်း ၂၄ နည်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်အားကစားနည်း ၂၉ နည်း၊ စတုတ္ထအကြိမ်ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် အားကစားနည်း ၂၇ နည်းဖြင့်ကျင်းပခဲ့ပြီး ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂ဝ ရက်နေ့အထိ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံအတွက် အဓိကစွမ်းအားစုဖြစ်သည့် လူငယ်များကို ဗလငါးတန်ပြည့်ဝရေးနှင့်အတူ လူငယ်ကဏ္ဍများကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက်ရှိသည်။ ‘‘တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင် စေရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး’’ ဟူသောဦးတည်ချက်ကိုလည်း အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍနှင့်ပညာရေးကို အမြဲအားပေး ထောက်ပံ့ပေးလျက်ရှိရာ လူငယ်များအနေဖြင့် နိုင်ငံတော်က အားကိုးရပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။
၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ရည်ရွယ်၍ ကျင်းပမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သည် အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျအောင်မြင်အောင် ဆောင်ရွက်သွားကြရမည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ပေရာ ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။