မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

      ဟေမန္တအရုဏ်ဦးမို့      မြောက်လေစူးစူးသည် ရိုးတောင်ဦးဆီမှ အရူးအမူး တိုက်ခတ်နေပေသည်။ ကြက်ဖညောင်ကန် တွန်ကျူးသံကလည်း ဩကာသ လောကကြီးအား      သက်ဝင်လှုပ်ရှားလာအောင် သတိပေးနေလေသယောင်။

ကျွန်တော်သည်  ရွာလမ်းအတိုင်းလျှောက်လိုက် ၏။ ညရေးရေးကို ငွေနှင်းမြူလွှာဇာပဝါ လွှမ်းခြုံထား ရာ လက်နှိပ်ဓာတ်မီးအလင်းရောင်ဖြင့် လမ်းကြောင်း ရှာယူနေရ၏။ ရာသီမှန်မြောက်ပြန်လေက ကျွန်တော့် တစ်ကိုယ်လုံးကို ခိုက်ခိုက်တုန်အောင် ချမ်းစေလေပြီ။

"မောင်သန်းဆွေ၊ မောင်သန်းဆွေ . . . ထတော့လေ"

"မခင်နှင်းရီ   ထတော့လေ"

"မောင်အောင်စိုးမြင့် ထတော့ကွာ"

ကျွန်တော့်မှာ  ယနေ့နံနက် ၇ နာရီတွင်   ကမ်းထောင်းကြီးအထက်တန်းကျောင်း၌ ပြည်ထောင်စုနေ့အကြို တိုက်နယ်စာစီစာကုံးပြိုင်ပွဲသို့ ယှဉ်ပြိုင်ရန် သွားကြမည့် ကျောင်းသား၊ ကျောင်းသူများကို တစ်အိမ် ပြီးတစ်အိမ်  လိုက်လံနှိုးနေခြင်းဖြစ်သည်။  ကြိုတင် စီစဉ်ထားသည့်အတိုင်း    ရှစ်တန်း   ကျောင်းသား၊ ကျောင်းသူ  သုံးဦးစလုံး လှော်တက်တွေကို ကိုယ်စီ ကိုင်ပြီး အိမ်ခြံဝင်းထဲမှ ထွက်လာကြ၏။

"ကဲ . . . အတော်ပဲ၊ ခု ငါးနာရီရှိနေပြီ။ လာ လာချောင်းနားဆိပ်ဘက်ဆင်းကြစို့"

ဆရာတပည့်လေးယောက် ချောင်းနားသို့ရောက် ချိန်တွင်     ရေစစ်ချိန်မို့   လှေမှာ   ရွှံ့သောင်ပြင်တွင် တင်ကျန်ရစ်နေပေပြီ။

"ဟေ့ ချမ်းတယ်ဆိုပြီး နွဲ့နေလို့မရဘူးနော်၊ အချိန် စကားပြောနေပြီ။ လာ ဆင်းကြ ဆင်းကြ လှေကိုတွန်း ကြရအောင်"

ကျွန်တော်နှင့်  တပည့်လေးများမှာ ပုဆိုးကိုတိုတို ပြင်ဝတ်ပြီး အေးစက်ပျော့ညံ့သော ရွှံ့ပြင်ထဲသို့ ဆင်း လိုက်ကြ၏။ ခြေထောက်များကို  ရွှံ့ဗွက်ထဲနင်းချ လိုက်ချိန်တွင် ကျွိခနဲမြည်ပြီး နစ်ဝင်သွားကြသည်။ ဒူးခေါင်းလောက်အထိ ကျွံဝင်သွားကြ၏။ ချမ်းလိုက် သည်မှာ ပြောစရာမရှိပြီ။

"ကဲ . . . လာ ပြိုင်တူတွန်းလိုက်ကြစို့"

"ဟေး ဟေး လာလေရဲ့၊ ရဲ့ . . . ရဲ့ . . . ရဲ့"

"ကျွိ . . . ကျွိ . . . ကျွိ . . . ဗွမ်း"

လှေမှာ ရွှံ့လတာထဲတွင် တကျွိကျွိမြည်ပြီး ရွေ့လျားရင်း ချောင်း‌ရေပြင်ထဲသို့ ဗွမ်းခနဲကျသွားလေ တော့သည်။ နာရီဝက်ခန့်ပဲကြာလိမ့်မည်ထင်သည်။

"ကဲ . . . ကဲ . . . မြန်မြန်ခြေဆေးပြီးတက်ကြ"

အကုန်လုံး ဆားငန်ရည်နှင့်ပင် ခြေထောက်ဆေး ပြီး လှေပေါ်သို့ရောက်သွားကြသည်။

"ကဲ ဆရာက ပဲ့ကိုင်မယ်၊ သားတို့နှစ်ယောက်က လှော်ကြ။ မခင်နှင်းရီက ရေပက်ထုတ်ပေးနော်"

ကျွန်တော့်မှာ   ပဲ့ဖျားမှ  အားရှိပါးရှိလှော်ပေးလိုက်သည်။ ကျောင်းသားလေးများကလည်း မခေ။ ချောင်းနံဘေးက  ရွာသားလေးတွေပီပီ  လှေလှော်တတ်ကြသည်။ တက်ချညီနေတော့ လှေပြေးအားက သိပ်ကောင်းနေသည်။ သိပ်တောင်မကြာ ရွာချောင်း ဝဘက်ရောက်လာသည်။ မြောက်ပြန်လေကို လေဆန် တိုးပြီး လှော်နေကြရသဖြင့် ပိုပြီးအေးသည်။  ရေစို နေသောလက်ချောင်းများမှာ  ပဲကြီးစေ့ရေစိမ်ထားသလို ရှုံ့တွန့်နေကြ၏။

"သားတို့ကို ဆရာပြောပြမယ်။ ခုပြိုင်ပွဲက ရှစ်တန်း ရယ်၊  ကိုးတန်းရယ်၊   ဆယ်တန်းရယ်   အကုန်လုံးတစ်တန်းတည်း ထားပြီးပြိုင်ရမှာ။ အဲဒီတော့ တို့က ရှစ်တန်းတွေပဲ  ကိုးတန်း၊  ဆယ်တန်းတွေနဲ့ ပြိုင်ရတယ်ဆိုပြီး  အားမငယ်ကြနဲ့နော်။ အတန်းကြီးတာ၊ ငယ်တာနဲ့မဆိုင်ဘူး။      အရေးအသား အတင်အပြ ကောင်းဖို့ရယ်၊ သေသပ်ဖို့ရယ်၊ နည်းစနစ်ကျဖို့ရယ် ဒါတွေပဲအရေးကြီးတာ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ဆရာ"

ဇွဲထုတ်ပြီးလှော်လိုက်ကြခြင်းဖြစ်၍ ချမ်းဖို့ဝေးလို့ ချွေးသီးချွေးပေါက်များတောင် ထွက်လာခဲ့ကြပေပြီ။ လှေမှာ  တဖြည်းဖြည်း ကမ်းထောင်းကြီးရွာနားသို့ ရောက်လာခဲ့သည်။

"ရေလည်းဆန်နေတယ်ကွာ၊ ရွာကိုရောက်အောင် လှော်နေရင်  တို့တွေ အချိန်နောက်ကျနေလိမ့်မယ်။ ဒီတော့ ဒီနားလယ်တမံရိုးကတက်ပြီး လျှောက်လိုက် ကြရအောင်"

ကျွန်တော်တို့မှာ     ကမ်းထောင်းကြီးရွာတောင်ဘက်စွန်းရှိ  လယ်ကွင်းတမံရိုးကို   တွယ်ချိတ်တက် လိုက်ကြပြီး ရွာသို့ သုတ်ခြေတင်ခဲ့ကြသည်။ လေဆန် တိုးပြီး လှမ်းလာခဲ့ကြသဖြင့် ချမ်းလိုက်သည်မှာ အလွန့်အလွန်ပင်ဖြစ်သည်။ လက်ဖျားခြေဖျားတွေ ရေခဲတုံး ကြီးလိုဖြစ်နေကြ၏။   ကျွန်တော်တို့    ကျောင်းသို့ရောက်ချိန်တွင် စာစီစာကုံးပြိုင်ပွဲစတင်ရန် အချိန်နီး နေပေပြီ။

"သရက်တောင်က ကျောင်းသားတွေလား၊ လာကြ လာကြ၊ ရောက်လာကြတာအတော်ပဲ"

ကမ်းထောင်းကြီးအထက်တန်းကျောင်းကဆရာတစ်ဦးက လှမ်းပြောသည်။

သရက်တောင်ရွာ  တွဲဖက်အလယ်တန်းကျောင်းက  ကျောင်းသားသုံးယောက်မှာ  ခပ်သွက်သွက်ပဲ စာမေးပွဲခန်းထဲသို့ ဝင်သွားလိုက်ကြသည်။

"ဆရာရေ ကမ်းထောင်းကြီးက စာပါလာတယ်"

အကောင်းအဆိုးတို့ဖြင့် ထွေးလုံးရစ်ပတ်နေသောလူမှုဘဝပုံရိပ်များထဲတွင်  ကျွန်တော်  မည်မျှအထိ နစ်မျောနေသည်မသိ။  ခေါ်သံကြားမှ  ကျွန်တော် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကျွန်တော် ရွာသားဆီ က စာကိုလှမ်းယူပြီး စာအိတ်ကိုဖောက်ဖတ်လိုက်၏။

"ဟေး တို့ရွာကကျောင်းသားတွေ စာစီစာကုံးပြိုင် ပွဲမှာ ဆုတွေရကြပြီဟေ့ ဟေး ဟေး ဟေး"

"ဒီမှာ ဦးစောမောင်လှ လာကြည့်ပါဦး၊ မခင်နှင်းရီ ပထမ။ မောင်အောင်စိုးမြင့် တတိယတဲ့"

"ဟာ  ဆရာ  ဝမ်းသာစရာပဲနော်၊  တို့ကျောင်းက ရှစ်တန်းတွေ၊ ကိုးတန်း၊ ဆယ်တန်းတွေနဲ့ သွားယှဉ် တာ ဆုတွေရကြတယ်ဗျာ"

"ကမ်းထောင်းကြီး အ.ထ.က က မောင်ခင်သန်း ဆိုတဲ့   ကလေးတစ်ယောက်ပဲ   ဒုတိယဆုရတယ်။ ဒီကလေးက ဆယ်တန်းဆိုပဲ"

"ဒီလိုတပည့်တွေ မြန်မာစာတော်တာ ဆရာဘညွန့် ကိုယ်တိုင်က မြန်မာစာသမားဖြစ်လို့ပဲဗျ"

"ကလေးတွေကိုယ်တိုင်ကလည်း  အရည်အချင်းရှိလို့ပေါ့ဗျာ။  သူတို့လေးတွေက  ကျောင်းစာတင် မဟုတ်ဘူးလေ။  "အားသစ်လူငယ်စာကြည့်တိုက်" က  စာအုပ်တွေလည်း  ငှားငှားဖတ်ကြတော့  စာပေ ဆိုင်ရာဗဟုသုတတွေ ရကြတာပေါ့ဗျာ"

ကျွန်တော်သည်      နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြုံးလျက်ပဲ   ဆရာဦးစောမောင်လှကို   အဓိပ္ပာယ်ရှိရှိ ကြည့်နေလိုက်ပေတော့သည်။

ဆက်လက်ဖော်ပြပါမည်။