တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှု အားပေး
တောင်ငူ နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် သည် တောင်ငူမြို့ ထီးလှိုင်ရပ်ကွက် ထီးလှိုင် လမ်းနှင့် ကေတုမတီရှေးဟောင်း ကျုံးကြား၌ အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ဆောင်ရွက်နေမှု အခြေအနေနှင့် တောင်ငူမြို့ (၁၆)ရပ်ကွက် (၁)လမ်း၌ ပဲခူး တိုင်းဒေသကြီး MSME ဒေသထွက်ကုန် အရောင်းစင်တာ ဖွင့်လှစ်မည့်နေရာတို့သို့ သွားရောက်ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ငူမြို့ ကေတုမတီရှေးဟောင်းကျုံး ယိုးဒယားပေါက်သို့ရောက်ရှိရာ ကျုံးလမ်းတစ်လျှောက်အစဉ်အမြဲ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် ကေတုမတီမြို့ သဝန်ငယ်ရပ်ကွက်ရှိ ဦးဉာဏ်ဝင်း၏ တစ်ရက်(၁၀)တန်ကျ စက္ကူပျော့ဖတ်စက်ရုံသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ကောက်ရိုး၊ ကြံကြိတ်ဖတ်နှင့် ဝါးများမှ ပျော့ဖတ်များ ထုတ်၍ ပြည်ပသွင်းကုန်အစားထိုး စက္ကူထုတ်လုပ်နိုင်ရေး အကြံပြုအားပေးစကား ပြောကြားပြီး စက်ရုံအတွင်း Recycle စနစ်ဖြင့် စက္ကူထုတ်လုပ်မှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။