ဒေါ်နယ်ထရမ့်လား... ကမ်မလာဟဲရစ်လား...

 

ဒေါ်နယ်ထရမ့်လား... ကမ်မလာဟဲရစ်လား...

 

        ဒီနှစ်အတွက် အမေရိကန်သမ္မတရွေးကောက်ပွဲက တော်တော်လေးကို ဂယက်ရိုက်နေတဲ့ ကိစ္စတစ်ခုလို့ပြောရမှာပါ။ အခုဆိုရင်မဲရုံ တွေကလည်း အသင့်ဖြစ်နေသလို မဲပေးမယ့်ပြည်သူ တွေကလည်း အသင့်ဖြစ်နေကြပါပြီ။ မဲရုံတွေကို နိုဝင်ဘာလ ၅ ရက် နံနက် ၆ နာရီ၊ ၇ နာရီလောက်မှာ စတင်ဖွင့်လှစ်သွားမှာပါ။ ပြည်နယ်တစ်ခုနဲ့တစ်ခုတော့ အချိန်မတူပါဘူး။ မဲရုံပိတ်တဲ့အချိန်က ည ၇ နာရီ၊ ၈ နာရီ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန်နဲ့ဆိုရင် နိုဝင်ဘာလ ၅ ရက် ည ၆ နာရီခွဲဝန်းကျင်မှာ မဲရုံတွေဖွင့်မှာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီခွဲဝန်းကျင်မှာ မဲရုံတွေပိတ်မှာပါ။ မဲတွေကိုရေတွက်ပြီးလို့ အနိုင်ရသူ ကိုအတည်ပြုမယ့်အချိန်ကတော့ အတိအကျမသိ နိုင်သေးပါဘူး။

ဒါပေမဲ့ အခုရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပဲ အနိုင်ရမလား၊ ကမ်မလာဟဲရစ်ပဲ အနိုင်ရပြီး အမေ ရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသော အမျိုးသမီး သမ္မတဖြစ်လာမလား ဆိုတာကိုတော့ တော်တော် များများက သိချင်နေကြပါတယ်။ အမေရိကန်သမ္မတ ကဘယ်သူပဲဖြစ်ပါစေ မြန်မာနဲ့ကမ္ဘာအပေါ်ကိုတော့ သက်ရောက်မှု အနည်းငယ်မျှသာရှိပါလိမ့်မယ်။

တကယ်လို့များ အမေရိကန်အစိုးရ တစ်ရပ်လုံးရဲ့မူဝါဒက ပြောင်းလဲသွားတယ်ဆိုရင်တော့  တစ်မျိုးပေါ့။ ဒီအတွက်ကြောင့်လည်း   အခုရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာကို အများကစိတ်ဝင်စားကြတာဖြစ်တဲ့အတွက် မဲပေးသူတွေက သမ္မတတော့ ဘယ်သူဖြစ်သင့်တယ်ဆိုပြီး ရွေးချယ်ရာမှာ စဉ်းစားသုံးသပ်ကြမယ့် အချက်အလက်တချို့ကို တင်ပြချင်ပါတယ်။

အခုလက်ရှိမှာတော့   ယိမ်းလွယ်ပြည်နယ်မှာ ဒေါ်နယ်ထရမ့်နဲ့ကမ်မလာဟဲရစ်တို့ကြား လူကြိုက် များမှုက သိပ်မကွာပါဘူး။ လူထုစစ်တမ်းကောက်ယူ မှုအရဆိုရင် ဒီမိုကရက်တစ်တွေဘက်က ကမ်မလာ ဟဲရစ်က ရီပတ်ဘလစ်ကန်တွေဘက်က ဒေါ်နယ် ထရမ့်ထက် လူကြိုက်များမှုရမှတ်မှာ မဆိုစလောက် လေးသာနေတာကိုတွေ့ရပါတယ်။   အရီဇိုးနားပြည်နယ်မှာတော့  ထရမ့်ကရာခိုင်နှုန်းအနည်းငယ်နဲ့ ဦးဆောင်နေပါတယ်။

အရင်ဆုံးထရမ့်အပေါ် လူကြိုက်များမှုရာခိုင်နှုန်း နဲ့စပြောလိုက်ရအောင်။ ထရမ့်အပေါ်လူကြိုက်များမှုက တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ဆိုရင် ၄၃ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါဟာ သူ့အတွက်တော့ ဌာန်ကုန်ပါပဲ။ ယခင်သူသမ္မတမဖြစ်ခင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်တုန်းကမှ လူကြိုက်များမှုမှာ ၅၀ ရာခိုင် နှုန်းနီးပါးရှိပါတယ်။ ဒါ့အပြင် သမ္မတဖြစ်တဲ့အချိန်နဲ့ သမ္မတတာဝန်ထမ်းဆောင်ပြီးတဲ့အချိန်တွေမှာလည်း ၅၀ ရာခိုင်နှုန်းကျော်တယ်ဆိုတာမရှိပါဘူး။ ဒါကြောင့် လည်း အခု ၄၃ ရာခိုင်နှုန်းဆိုတာ သူ့အတွက်ဌာန်ကုန် ပဲလို့ပြောရတာပါ။

ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းတုန်းကဆိုရင်လည်း ရီပတ်ဘလစ်ကန်ပါတီဝင် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိက ထရမ့်ကိုမဲမပေးဘူးလို့ကြားသိ ထားပါတယ်။ အဲဒီထဲကမှ ထက်ဝက်လောက်က ရွေး ကောက်ပွဲမှာ ကမ်မလာဟဲရစ်ကိုများ သွားပြီးမဲပေး မလားဆိုတဲ့  ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

တကယ်တမ်း ကမ်မလာဟဲရစ်အတွက် ပြန်ကြည့်မယ် ဆိုရင်တော့  သူ့အနေနဲ့ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ဆိုရင်  ရီပတ်ဘလစ်ကန်တွေရဲ့ မဲတချို့ကိုရရှိဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းအတွက် အမည်စာရင်း တင်သွင်းတုန်း က ထရမ့်ကိုမဲမပေးခဲ့သူတွေက ရွေးကောက်ပွဲရောက် ချိန်မှာ ပါတီမျက်နှာကိုကြည့်ပြီး ရီပတ်ဘလစ်ကန် အတွက်သာ မဲထည့်သွားနိုင်တဲ့ တစ်ချက်လည်းရှိပါတယ်။

ကမ်မလာဟဲရစ်အနေနဲ့  လူကြိုက်များမှုမှာ ထရမ့်ထက် အနည်းငယ်ပဲသာနေတာပါ။  ထရမ့်ကလူကြိုက်များမှု ၄၃ ရာခိုင်နှုန်းဆိုရင် သူက ၄၆ ရာခိုင် နှုန်းပဲရှိတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာသမ္မတ အဖြစ်ရွေးကောက်ခံရဖို့အတွက် သေချာတဲ့လူကြိုက် များမှုရာခိုင်နှုန်းကတော့ ၅၀ လောက်ရမှသာဖြစ်မှာပါ။ ဟဲရစ်အတွက် အားသာချက်ရှိတာက သူဟာ အမျိုးသမီးဖြစ်နေတာပါပဲ။ အမျိုးသမီးဖြစ်နေတဲ့ အတွက် အမျိုးသမီးအများစုရဲ့ မဲတွေကိုတော့ သိမ်းပိုက်သွားနိုင်ပါတယ်။

နောက်တစ်ခုက စီးပွားရေးဘက်ကနေကြည့်မယ် ဆိုရင် လက်ရှိမှာ အမေရိကန်ပြည်သူတွေရဲ့စိတ်ထဲ သူတို့ရဲ့ စီးပွားရေးကောင်းနေတယ်လို့ တွေးထားတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့စီးပွားရေး လမ်းကြောင်းက လမ်းမှားဘက်ကို ဦးတည်နေတယ်လို့ ပြည်သူ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိက ယုံကြည်ထားပါတယ်။ လက်ရှိဂျိုးဘိုင်ဒင်လက်ထက်ထက် စာရင် ထရမ့်လက်ထက်တုန်းကမှ စီးပွားရေးအခြေ အနေအဆင်ပြေသေးတယ်လို့ အများစုက သုံးသပ် ထားပါတယ်။

ဘိုင်ဒင်နဲ့ဟဲရစ်တို့က သမ္မတနဲ့ဒုတိယသမ္မတ အဖြစ် အိမ်ဖြူတော်မှာ တာဝန်ယူခဲ့တဲ့ လေးနှစ်နီးပါး ကာလတစ်လျှောက် လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ က ၁၀ ရာခိုင်နှုန်းကနေ  ၄၀ ရာခိုင်နှုန်းအထိကို မြင့်တက်ခဲ့တာပါ။ ဓာတ်ဆီဈေးနှုန်းဆိုရင် အဲဒီထက် တောင်မှ ပိုပါသေးတယ်။ ဒီအချက်ကိုအခွင့်ကောင်း ယူထားသူက ထရမ့်ပါ။ ဒီလိုမျိုးဒုက္ခရောက်ရတဲ့ အခြေအနေကနေ  ကယ်တင်ပေးနိုင်သူတွေက ဘယ်သူတွေလဲဆိုရင်  ယိမ်းလွယ်ပြည်နယ်မှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူများသာဖြစ်တယ်လို့   ထရမ့်က ပြောထားပါတယ်။

နောက်ထပ်အရေးကြီးတဲ့ ကိစ္စတစ်ခုက လူဝင်မှုကြီးကြပ်ရေးပါ။ ထရမ့်လက်ထက်တုန်းက နယ်စပ် ကနေ လူဝင်မှုကို ကောင်းကောင်းကြီး ထိန်းချုပ်ခဲ့တာ တွေ့ရပါတယ်။ ဘိုင်ဒင်လက်ထက်ရောက်ချိန်မှာတော့ သုံးနှစ်အတွင်းမှာတင် နယ်စပ်ကနေ တရား မဝင် လူဝင်မှုဟာ သိသိသာသာကြီးကိုမြင့်တက်လာပါတယ်။ ဒီမှာလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လာရင် ထရမ့်ကကောင်းစွာ ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ မဲဆန္ဒရှင်များက ယုံကြည်ထားပါတယ်။ ဒီတော့ ရွေးကောက်ပွဲအတွက် ဆုံးဖြတ်ရာမှာ အဓိက ထားရတဲ့ ကိစ္စလေးခုအနက် နှစ်ခုမှာထရမ့်ကအသာ စီးရနေတာပါ။

နောက်ထပ်ကိစ္စတစ်ခုကတော့ ကိုယ်ဝန်ဖျက်ချခွင့်ပါ။ အရင်တုန်းက  အမျိုးသမီးတွေဟာ မတော်တဆပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ကိုယ်မလိုချင်တဲ့ ကိုယ်ဝန်ရရှိလာသည့်တိုင်    တရား ဝင်ဖျက်ချခွင့်မရှိပါဘူး။     ဘိုင်ဒင်နဲ့ဟဲရစ်တို့ရဲ့ လက်ထက်မှာတော့ ဒီလိုမျိုး ကိုယ်ဝန်ဖျက်ချခွင့်ဟာ ပြည်နယ်အဆင့်မှာ အတည်ပြုပြဋ္ဌာန်းထားနိုင်ပြီး ဖြစ်တဲ့အတွက် အခုရွေးကောက်ပွဲမှာ ဟဲရစ်အနေနဲ့ အမျိုးသမီးများရဲ့ အားပေးထောက်ခံမှုကို ပိုရထားပါတယ်။ ဒါကြောင့်ပဲ   ယိမ်းလွယ်ပြည်နယ်မှာ ဟဲရစ်အပေါ် အမျိုးသမီးတွေရဲ့ထောက်ခံမှုက   ထရမ့်အပေါ်ထောက်ခံမှုထက် ပိုများနေတာပါ။

ဘယ်သူ့ကိုမဲပေးရမလဲဆိုတာ ဆုံးဖြတ်ပေးမယ့် နောက်ထပ်ကိစ္စတစ်ခုက အမေရိကန်ပြည်ထောင်စု ရဲ့ အနာဂတ်ဒီမိုကရေစီအခြေအနေပါ။ စစ်တမ်းအရ ဆိုရင် ထရမ့်သာသမ္မတ ဖြစ်သွားပါက သူ့ရဲ့မူဝါဒတွေ၊ အစီအစဉ်တွေကို မဖြစ်မနေ အကောင်အထည်ဖော် နိုင်ဖို့အတွက် အာဏာရှင်ဆန်ဆန် ကျင့်သုံးလာနိုင် တာကြောင့် အမေရိကန်ဒီမိုကရေစီရဲ့ အန္တရာယ်က ထရမ့်ဖြစ်နေတယ်ဆိုပြီး ပြည်သူထက်ဝက်လောက် ကရှုမြင်ထားကြပါတယ်။   ဒီနေရာမှာ  ဟဲရစ်က သူ့အနေနဲ့ မတူကွဲပြားမှုတွေကို ရင်ကြားစေ့ကာ ရီပတ်ဘလစ်ကန်ဖြစ်စေ၊ ဒီမိုကရက်ဖြစ်စေ အားလုံးဟာ သာတူညီမျှအတူတကွ အလုပ်လုပ်နိုင်ကြစေမယ်လို့ ကတိပြုထားပါတယ်။

ဒီတော့ အခုရွေးကောက်ပွဲမှာ  ဘယ်သူနိုင်မလဲ ဆိုတာကိုပြောဖို့ အချိန်ရောက်လာပြီပေါ့။ တရုတ်နိုင်ငံ  ဖူဒန်တက္ကသိုလ်မှ ပါမောက္ခတန်း ရှီပင်းဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ နိုဝင်ဘာလ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဘယ်သူနိုင်မလဲဆိုတာ ကို ကွန်ပျူတာစံပြုပုံစံနဲ့ တွက်ချက်ပြီး တရားဝင် အဖြေထုတ်ပေးထားတာရှိပါတယ်။ သူတို့ရဲ့အဖြေ အရဆိုရင် "အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ အနိုင်ရရှိပါလိမ့်မယ်။ အနိုင်ရနိုင် ခြေက ၆၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။" လို့ဖော်ပြ ထားတာတွေ့ရပါတယ်။

နောက်ဆုံးသုံးသပ်ချက်အရ ဆိုရင်တော့ အကယ်၍ ကမ်မလာဟဲရစ်နိုင်ခဲ့ရင် မဲဆန္ဒရှင်ပြည်သူများရဲ့ လိုလားချက်နဲ့ သူနဲ့ကိုက်ညီမှုရှိပြီး ပြောတဲ့အတိုင်း အလုပ်နဲ့ သက်သေပြရမှာဖြစ်ကာ ဒီရွေးကောက်ပွဲကလည်း အမေရိကန်ပြည်သူတွေအနေနဲ့ ဒေါ်နယ်ထရမ့်ကို နိုင်ငံရေးစင်မြင့်ပေါ်မှာ မမြင်တွေ့ချင်တော့ဘူးဆိုတဲ့ ဆန္ဒခံယူပွဲတစ်ခု အထိဖြစ်သွားနိုင်ပါတယ်။

တကယ်လို့များ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမှာ အနိုင်ရသွားမယ်ဆိုရင်တော့ သူ့အနေနဲ့ငွေကြေး ဖောင်းပွမှု၊ နေထိုင်မှုစရိတ်မြင့်မားမှုတို့ကို အကောင်းဆုံး စီမံခန့်ခွဲကာ  ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ရာဇဝတ်မှုဖြစ်ပွားမှုတို့ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ပြည်သူများက ယုံကြည်လို့ဖြစ်ပါလိမ့်မယ်။ ကမ်မလာဟဲရစ်အတွက်ကတော့ အမေရိကန်ရဲ့ပထမဆုံးသော အိန္ဒိယနွယ်ဖွား အမျိုးသမီးသမ္မတဖြစ်လာနိုင်ခြေအိပ်မက်ကို တစ်သက်လုံး စွန့်လွှတ်လိုက်ရမယ့် အခြေအနေရှိနေပါတယ်။ လက်တွေ့မှာ ဘယ်သူနိုင်မလဲဆိုတာကတော့ ရလဒ်အမှန်ကိုသာ  စောင့်ကြည့်ရမှာဖြစ်ပါတယ် ခင်ဗျာ။       ။