မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဗျူဟာများနှင့် အမိမြန်မာနိုင်ငံ

 

မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဗျူဟာများနှင့် အမိမြန်မာနိုင်ငံ

 

      နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာမှာ နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင် အားနဲ့ ကာကွယ်ရေးမောင်းနှင်အားဆိုပြီး မောင်းနှင်အား သုံးမျိုးရှိပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုရှိမယ်၊ စည်းလုံးညီညွတ်မှု ရှိမယ်ဆိုရင်   နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါကလည်း  ကာကွယ်ရေးအင်အား ကောင်းမွန်မှာဖြစ်ပါတယ်။   ဒီအင်အားနှစ်ခု ကောင်းမွန်နေဖို့ အတွက် အခြေခံကတော့ စီးပွားရေးအင်အားပဲဖြစ်ပါတယ်။ စီးပွားရေး မောင်းနှင်အားဟာ တိုင်းပြည်အတွက် အဓိကကျပါတယ်။

မိမိတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အောင်မြင်အောင်ထုတ်လုပ်နိုင်တဲ့ အခြေခံ ကောင်းတွေကို ပိုင်ဆိုင်ထားရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာမှာ  စားရေရိက္ခာလုံခြုံရေး Food Security ကို များစွာအထောက်အကူပြုနိုင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို ဒေသထွက်ကုန်ကြမ်းတွေ အသုံးပြုပြီး အရည်

အသွေးမြင့်ထုတ်လုပ်ကာ ဒေသတွင်းစီးပွားရေးဖြစ်တဲ့ ပြည်တွင်းထွက်ကုန်ကနေ ပြည်ပပို့ကုန်ထိ မျှော်မှန်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်မှု ရေချိန်တစ်ခုကို အားလုံးလှမ်းမျှော်  မြင်တွေ့ကြမှာလည်း ဖြစ်ပါတယ်။ ဒီကတစ်ဆင့် ပြည်ပပို့ကုန်ဆိုတဲ့ အပိုင်းမှာလည်း မိမိတို့နိုင်ငံရဲ့ ဘိုးဘွားအမွေ ပထဝီမြေဟာ  ဘယ်လိုနေရာမျိုးပိုင်ဆိုင်ထားပါသလဲ၊ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့စီးပွားရေးကို ပြည်ပ

အထိ ဘယ်လိုထိုးဖောက်ဆောင်ရွက်သွားမလဲဆိုတာ နိုင်ငံသားတိုင်း  သိသင့်တဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်  ဒီနေရာမှာ စာရေးသူဟာ မြန်မာနိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့မဟာဗျူဟာ ရည်မှန်းချက်အချို့ကို စာဖတ်သူများထံ သတင်းစကားပါးသွားမှာပဲဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ( Greater Mekong Subregion-GMS ) ဆိုသည်မှာစာရေးသူဆိုခဲ့တဲ့ မဟာဗျူဟာရည်မှန်းချက်တွေကို မပြောခင်မှာ မဟာမဲခေါင်ဒေသခွဲရဲ့ သမိုင်း အကျဉ်းကို စာဖတ်သူတို့နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ မဟာမဲခေါင်ဒေသခွဲ( Greater Mekong Subregion-GMS ) ဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ တည်ရှိပါတယ်။ အာရှဒေသမှာရှိတဲ့  မဲခေါင်မြစ်ရဲ့ နိုင်ငံဖြတ်ကျော်ဒေသတစ်ခုလို့ ဆိုရပါမယ်။ အာရှဖွံ့ဖြိုးရေးဘဏ်( Asian Development Bank-ADB) ဟာ ၁၉၉၂ ခုနှစ်မှာ အာရှဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုကို စတင်ရေးဆွဲခဲ့တယ်။  ဒီအစီအစဉ်မှာ အာရှဒေသတွင်း ခြောက်နိုင်ငံဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ပါဝင်ခဲ့ကြတယ်။ မဟာမဲခေါင်ဒေသခွဲ(GMS) ဆိုတာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက်ဖြစ်ပြီး မြေဧရိယာအကျယ်အဝန်း ၂ ဒသမ ၆ သန်း စတုရန်းကီလိုမီတာနဲ့ လူဦးရေပေါင်း ၃၂၆ သန်းကျော် မှီတင်းနေထိုင်တဲ့ ဒေသခွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့ပြင် မဟာမဲခေါင်ဒေသခွဲဟာ အရှေ့အာရှ၊   တောင်အာရှနဲ့အရှေ့တောင် အာရှဒေသတွေရဲ့ Land Bridge (ကုန်းမြေပေါင်းကူး)တစ်ခုအဖြစ် မဟာဗျူဟာကျကျ အရေးပါနေတယ်ဆိုတာကို စာဖတ်သူများဆီ မျှဝေပေးလိုပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)အတွင်းမှာရှိတဲ့ နိုင်ငံတွေဟာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်  မဲခေါင်မြစ်ကော်မရှင်(Mekong River Commission -MRC) ၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(GMS – Programme)နဲ့ အာဆီယံ-မဲခေါင်ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ( ASEAN - Mekong Basin Development Cooperation -AMBDC) စတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုပါ ချမှတ်ဆောင်ရွက်နေတာကို တွေ့ရပြန်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ကြတဲ့နေရာမှာ  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ရယူဆောင်ရွက်ကြသလို အဓိကထောက်ပံ့ပေးတဲ့အဖွဲ့အစည်းကတော့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ပဲဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကရည်ရွယ်ချက်ကတော့ ပိုမိုပေါင်းစည်း၍  ပြည့်စုံကြွယ်ဝပြီး လိုက်လျောညီထွေမှုရှိသည့် မဲခေါင်ဒေသခွဲ ဖြစ်လာစေရေး၊ ချိတ်ဆက်မှု (Connectivity)   ပိုမိုကောင်းမွန်လာစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း( Competiti-veness) မြင့်မားလာစေရေးနှင့် အသိုက်အဝန်း(Com-munity) စိတ်ဓာတ်ကို မြှင့်တင်ရေးတွေပဲဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ၏ မဟာဗျူဟာဦးတည်ချက် လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ ဒေသတွင်းနိုင်ငံတွေကြားမှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးအတွင်းမှာပဲ ဖြစ်ဖြစ်ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဟာ  မည်ရွေ့မည်မျှ ခိုင်မာကျစ်လျစ်လည်းဆိုတာကို  အားလုံး သိချင်ကြမှာပါပဲ။ သူတို့ဘာတွေ လုပ်ကြမှာလဲ၊ ဒေသတွင်းကတစ်ဆင့် ပါဝင်တဲ့နိုင်ငံတွေထိ အမျိုးသား အကျိုး  စီးပွားမည်ရွေ့မည်မျှ ခိုင်မာကောင်းမွန်သွားကြမှာလဲ၊

ပြည်သူတွေဘယ်လောက်  မျှော်လင့်ချက်ရေချိန် ထားနိုင်ကြမှာလဲ စတဲ့အချက်တွေဟာ ပေါ်ပေါက်လာတဲ့ ဒီအဖွဲ့အစည်းကြီးကို အကဲခတ်မေးမြန်းနေကြမယ့် မေးခွန်းများလည်းဖြစ်ပါတယ်။  ဥပမာလက်ရှိကမ္ဘာကြီးက  စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ BRICS အဖွဲ့အစည်းကြီးကို စိတ်ဝင်တစား စောင့်ကြည့် နေကြသလိုမျိုးလို့ ဆိုရမှာပေါ့။

GMS လို့ခေါ်တဲ့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့အစည်းရဲ့ အစီအစဉ်ကဏ္ဍတွေကို လေ့လာကြည့်ကြမယ်ဆိုရင်-

(၁)     သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transport)

(၂)     စွမ်းအင်ကဏ္ဍ (Energy)

(၃)     ဆက်သွယ်ရေးကဏ္ဍ(ICT)

(၄)     လယ်ယာစိုက်ပျိုးရေးကဏ္ဍ (Agriculture)

(၅)    သဘာဝပတ်ဝန်းကျင်ကဏ္ဍ (Environment)

(၆)    ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)

(၇)    ကျန်းမာရေးကဏ္ဍ (Health)

(၈)    ကုန်သွယ်ရေးနှင့်  သယ်ယူပို့ဆောင်မှု     လွယ်ကူချောမွေ့စေရေး ကဏ္ဍ (Transport  and  Trade Facilitation)

(၉)    မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ  (Urban Development)

(၁၀)  အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ ( Other Multisector)စတဲ့   ကဏ္ဍအသွယ်သွယ်ရဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မဟာဗျူဟာ  ဦးတည်ချက်တွေချမှတ်ထားတာကို လေ့လာတွေ့ရှိရတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဖွဲ့စည်းဆောင်ရွက်မှုများ

       GMS ဒေသတွင်းနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများရဲ့ တိုးတက်မှုအခြေအနေ အရပ်ရပ်ကိုတော့ GMS ထိပ်သီးအစည်းအဝေး၊ GMS စီးပွားရေးစင်္ကြံများဖိုရမ်၊ GMS ဝန်ကြီးအဆင့် အစည်းအဝေး၊  GMS အဆင့်မြင့်အရာရှိများ အစည်းအဝေးနဲ့ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီး ဆောင်ရွက် တာကိုတွေ့ရတယ်။  GMS ရဲ့ (၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၂၄ ခုနှစ်   နိုဝင်ဘာလမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ မဟာမဲခေါင် ဒေသခွဲရဲ့ ကဏ္ဍအလိုက်လုပ်ငန်း(၇)ရပ် လွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းအဖွဲ့တွေ၊ ကော်မတီတွေနဲ့ ဖိုရမ်များကိုဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒီကဏ္ဍတွေကတော့ -

(၁)     စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့

(၂)     ဒေသတွင်း စွမ်းအင်ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ

(၃)     ဒေသခွဲပို့ဆောင်ရေးဖိုရမ်

(၄)     ခရီးသွားလုပ်ငန်းအဖွဲ့

(၅)    မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့

(၆)    ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့

(၇)    ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ စတဲ့ကဏ္ဍတွေအလိုက်၊   လုပ်ငန်းအဖွဲ့အလိုက်၊ကော်မတီအလိုက်  ဆွေးနွေးညှိနှိုင်းကြတာပဲဖြစ်တယ်။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ်   မည်သူကတာဝန်ယူပြီး နိုင်ငံအနေနဲ့ မည်သည့်လုပ်ငန်းတွေမှာ ပါဝင်နေကြတာလဲ၊  ကိုယ့်နိုင်ငံရဲ့ ပထဝီမြေအနေအထားကရော မဟာမဲခေါင်ဒေသခွဲ စီမံကိန်းမှာ ဘယ်လောက်အရေးပါလဲဆိုတဲ့ အချက်ဟာ ကျွဲကူးရေပါ အသိမျိုးမဟုတ်ဘဲ တိတိပပသိရမယ့် အချက်ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS) တွင် မြန်မာနိုင်ငံမှဆောင်ရွက်မှုများ

     မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ်   တာဝန်ယူဆောင်ရွက်နေတာကတော့  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပဲဖြစ်ပါတယ်။ ဒါ့ပြင်  မြန်မာနိုင်ငံရဲ့  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံညှိနှိုင်းရေးမှူးရုံး၊   နိုင်ငံဆိုင်ရာ အတွင်းရေးမှူးရုံးတွေအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီနေရာမှာ  GMS အစီအစဉ်ကဏ္ဍများရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပါဝင်တဲ့ GMS စီးပွားရေးစင်္ကြံလမ်းကြောင်း သုံးခုကို ကနဦးသိဖို့ လိုအပ်ပါတယ်။      

ဒီစင်္ကြံသုံးခုကိုကတော့ မြန်မာနိုင်ငံနဲ့ GMS အဖွဲ့ဝင်နိုင်ငံများကြား တောင်-မြောက်စီးပွားရေးစင်္ကြံမှာ    ရန်ကုန် - ကူမင်း၊ အရှေ့-အနောက်စီးပွားရေးစင်္ကြံမှာ ဒါနန်း (ဗီယက်နမ်)-မော်လမြိုင်(မြန်မာ)-သီလဝါ(တိုးချဲ့)နဲ့ တောင်ပိုင်းစီးပွားရေးစင်္ကြံမှာ ဗန်ကောက်-ကန်ချနာဘူရီ-ထားဝယ် တိုးချဲ့အပိုင်းဆိုတဲ့ စင်္ကြံသုံးခုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  ဒေသတစ်လျှောက်ရဲ့ စာဖတ်သူများအနေနဲ့ မိမိဒေသများရဲ့ နိုင်ငံအတွက်အရေးပါမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝစတဲ့  အနာဂတ်ပုံရိပ်များကို  လှမ်းမျှော်ရှုမြင်နိုင်မှာပဲဖြစ်ပါတယ်။

GMS အဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်ပြောင်းလဲလာမယ့် လူဦးရေ၊ လူမှုစီးပွား၊ ပတ်ဝန်းကျင်  အခြေအနေဆိုင်ရာ အချက်အလက်တွေကို ကြိုတင်တွက်ဆ ထားပြီးဖြစ်တယ်။ တွက်ဆထားချက်များအရ နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အရည်အသွေးပြည့်ဝစေဖို့ GMS ၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသန္တရအစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမှုတွေရှိနေကြောင်း လေ့လာတွေ့ရှိရတယ်။ နိုင်ငံတော်ရဲ့စီးပွားရေး ရည်မှန်းချက်ဖြစ်တဲ့ စားနပ်ရိက္ခာဖူလုံရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်တွေကို ခေတ်မီနည်းစနစ်တွေသုံးပြီး အလေးထားဆောင်ရွက်လျက်ရှိတယ်။ ပြည်တွင်းပို့ကုန်မှသည် ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ဖို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ ဦးတည်ချက်ချမှတ် ဆောင်ရွက်နေတာကို   စာဖတ်သူတို့ သိမြင် ပြီးသားပဲဖြစ်ပါတယ်။  GMS အဖွဲ့ဝင်နိုင်ငံများနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအပြင်  အဖွဲ့ဝင်နိုင်ငံများနှင့် ချုပ်ဆိုခဲ့တဲ့  ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင်    အခြားသောနိုင်ငံတကာ ကတိကဝတ်များကိုလည်း တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဦးတည်ချက်

     စီးပွားရေးကဏ္ဍ တိုးတက်မှုတွေကို နိုင်ငံများမှာ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှု ကဏ္ဍစတဲ့   ကဏ္ဍတစ်ခုခုနဲ့  အကောင်အထည်ဖော် ဆောင်ရွက်မှုကိုကြည့်ပြီး နိုင်ငံတော်၏ GDP ကို တွက်ချက်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့  စီးပွားရေးဦးတည်ချက်များတွင်  စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဓိကအခြေခံထားတာကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလို အခြေခံထားရခြင်းအကြောင်းကလည်း မိမိနိုင်ငံရဲ့ ပထဝီပိုင်ဆိုင်မှုကိုက စိုက်ပျိုးမွေးမြူရေးကို အခြေခံစေတဲ့ သမိုင်းမြေခံဖြစ်နေလို့ပဲဆိုတာကို အားလုံးသိမြင်နားလည်ကြရပါမယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများက    ရရှိလာတဲ့ ထွက်ကုန်တွေကို ကုန်ထုတ်စွမ်းအားစုတွေအဖြစ်ပြောင်းလဲပြီး   ပြည်တွင်းဖူလုံမှုမှသည် ပြည်ပပို့ကုန်မြှင့်တင်ရေးအထိ   တိုးချဲ့မျှော်မှန်းဆောင်ရွက်ကြရပါမယ်။   မိမိနိုင်ငံရဲ့  ပြည်တွင်းထုတ်လုပ်မှုအတွက်  အသေချာဆုံးလုပ်ငန်းဟာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကနေ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေတိုးမြှင့် ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောကြားနေခြင်းပဲဖြစ်ပါတယ်။  နိုင်ငံတိုင်းမှာ သူ့လူ့စွမ်းအား အရင်းအမြစ်၊ သူ့ Productများနဲ့သူ   နိုင်ငံ့စီးပွားရေးကို ခိုင်မာအောင်တည် ဆောက်နေကြပါတယ်။ ကိုယ့်နိုင်ငံအနေနဲ့လည်း ကိုယ့်လူ့စွမ်းအား အရင်းအမြစ်၊ ကိုယ့် Product ကို ကိုယ်တိုင်တည်ဆောက်ပြီး  ကမ္ဘာကိုပြသနိုင်ရပါမယ်။ ကိုယ့်နိုင်ငံစီးပွားရေးကို အရှိန်အဟုန်မြှင့် တိုးတက်ပြီး  ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားကြရပါမယ်။ ဟုတ်ပါပြီ ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရဲ့ ရှုထောင့်ကနေကြည့်ရင်လည်း ကိုယ့်နိုင်ငံရဲ့ပိုင်ဆိုင်ထားတဲ့ ရေခံမြေခံကောင်းဟာ မဟာမဲခေါင်ဒေသခွဲ (GMS)ရဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာ မည်ရွေ့မည်မျှ  အရေးပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုစာရေးသူ စိတ်ဝင်စားတာကတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့  ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကဏ္ဍပါပဲ။ အဲဒါနဲ့ဆက်စပ်တဲ့ မဟာဗျူဟာကတော့  စင်္ကြံ  သုံးခုပါပဲ။ ဒီအပိုင်းမှာလည်း ကိုယ့်နိုင်ငံရဲ့ ပြည်ထောင်စုလမ်းမကြီးတွေရဲ့ အရေးပါနေပုံကို လယ်ပြင်မှာ  ဆင်သွားသလို အထင်းသားမြင်နေရပြန်ပါတယ်။

ဒါ့ပြင် ပြည်တွင်းရေလမ်းသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေကလည်း တွဲဖက်အရေးပါလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့သယ်ယူ ပို့ဆောင်ရေးလမ်းမကြီးတွေဟာ  အမိမြန်မာနိုင်ငံမှသည် မဟာမဲခေါင်ဒေသခွဲထိ ဆိုတဲ့ ခရီးပန်းတိုင်တစ်ခုထိ  ဦးတည်နေတယ်ဆိုတာကို  အမိမြေရဲ့  သမိုင်းရေခံမြေခံတွေက  သက်သေညွှန်းဆိုနေပါတယ်။  ဒီလမ်းကြောင်းတွေက တစ်ဆင့်  မြင်လာရမယ့် အခြားသော  ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များဟာ   ကန့်လန့်ကာနောက်ကွယ်က ပြကွက်ပြရုပ်များပမာ  စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။

အဓိက  သယ်ယူပို့ဆောင်ရေးလမ်းများဆီက နယ်စပ်ကုန်သွယ်ရေးဇုန်များရဲ့ အရေးပါမှုကိုလည်း   အထင်းသားမြင်ရပြန်ပါတယ်။ဒီလမ်းမကြီးများမှာ မည်သို့သော  အခက်အခဲအတားအဆီးများ ရှိနေစေကာမူ GMS အဖွဲ့ဝင်နိုင်ငံတစ်ခု၊ အဖွဲ့ဝင်နိုင်ငံများရဲ့ အသိုင်းအဝိုင်းနှင့်ဆိုလျှင်  တစ်စတစ်စပျောက် ကွယ်သွားမယ့် ဒီအခက်အခဲ အတားအဆီးများရဲ့ အနာဂတ်မှေးမှိန်သွားနိုင်မှုကိုလည်း မှန်းဆမြင်တွေ့နိုင်မှာပဲ ဖြစ်တယ်။ ဒါဆိုရင်  အစိုးရတစ်ရပ်ခိုင်မာစေရေးဟာ အဓိကအရေးပါနေပြီး ခိုင်မာတဲ့ အစိုးရတစ်ရပ် ပိုင်ဆိုင်နိုင်ရေးဟာ  တိုင်းရင်းသားပြည်သူများရဲ့ မှန်ကန်တဲ့အတွေးအခေါ် အယူအဆရွေးချယ်မှုများဟာ အဓိကကျကြောင်း ညွှန်းဆိုနေပြန်ပါတယ်။

နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်တဲ့ ဘယ်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်အစိုးရတစ်ရပ်ဟာ   အမျိုးသားအကျိုးစီးပွားအတွက် မဆုတ်မနစ်သောဇွဲနဲ့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ   မှန်ကန်တဲ့အမြင်နဲ့   ရှုမြင်တတ်ဖို့လိုပြီး ကျစ်လျစ်တဲ့စုပေါင်းအားနဲ့ ဝန်းရံထောက်ခံဖို့ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူတစ်ရပ်လုံးအတွက် တာဝန်ထက်ပိုတဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတရား တစ်ခုသာဖြစ်ကြောင်း  အသိပေးနှိုးဆော်လိုပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်တွေမှာ မြန်မာနိုင်ငံအနေနဲ့  ပူးပေါင်းဆောင်ရွက်မှုတွေ အားတက်သရော ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သမိုင်းကပေးတဲ့ ပထဝီဆိုတဲ့ ရေ၊ မြေ အခြေခံကောင်းတွေကြောင့်  အမိမြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဆီဆိုတဲ့ ရည်မှန်းချက်ကို မဆုတ်မနစ်  လျှောက်လှမ်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့  ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှုစတဲ့ တိုးတက်မှု အခြေခံကောင်းများကို မြင်တွေ့နိုင်စေဖို့ မဟာမဲခေါင်ဒေသခွဲဗျူဟာများနှင့် အမိမြန်မာနိုင်ငံ ဟူသော ဆောင်းပါးလေးဖြင့် စာလွှာပါးလိုက်ရပါ တော့တယ်။    ။