မြစ်သားမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးပြီး မထမ်းဆောင်လိုပါ က ငွေးကြေးဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရိုးကန်ကျေးရွာနှင့် ရစ်ကန်ကျေးရွာတို့မှ လူငယ် ၄ ဦးတို့ကို နိုဝင်ဘာ ၂ ရက်က စစ်မှုထမ်းဆောင်ရန်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် အဆိုပါ လူငယ်များကို စစ်မှုမထမ်းဆောင်လိုပါက ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးယူရန် မိသားစုများထံ အကြောင်းကြားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းသည် သတင်းအမှားသာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ အသီးသီးဖွဲ့စည်းထား ရှိပြီး သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ မသမာသူ အချို့နှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။