လူငယ်တိုင်းစွမ်းရည်မြင့်မားအောင်ဖြည့်ဆည်းရေး

 

လူငယ်တိုင်းစွမ်းရည်မြင့်မားအောင်ဖြည့်ဆည်းရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ ၆  ရက်)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတမည်မျှပင် ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ် ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည် မဟုတ်ပေ။

ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

ဘက်စုံပညာရေးစနစ်သည် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးနေသည့်စနစ်ဖြစ်သည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များ ဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင်တော်နေတတ်နေသိနေဖို့ လိုပေသည်။ လူငယ်များ ကိုယ်တိုင်ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်သည်။ ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ၊ နက်ရှိုင်းကျယ်ပြန့်လှသည်။ မိမိ၏ကာယ၊ ဉာဏစွမ်းအားအပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိက အင်အားစုအဖြစ်ပါဝင်နိုင်ရန် လူငယ်များကိုဗလငါးတန် ပြည့်ဝသည့်လူငယ်များဖြစ်အောင် မြှင့်တင်ပေးလျက်ရှိသည်။ ပညာတတ်ချင်းတူလျှင်သော်မှ စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသူက အမြဲသာလွန်နေပေလိမ့်မည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သကဲ့သို့ အတတ်ပညာ တစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုး ပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ်ကျွမ်းကျင် တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် လူငယ်တိုင်းကြိုးစားရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာများ အတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်းပေမွန်များ ဖတ်ရှုခြင်းမှတ်သားခြင်းဖြစ်သည်။

အလိမ္မာစာမှာရှိသည် ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများမှာ မိမိတို့ဘဝအတွက် လမ်းကောင်းများကို ညွှန်ပြပေလိမ့်မည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။

ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်းသည့်အရာကွမ်းယာ၊ ဆေးလိပ်၊ အရက်မှမူးယစ်ဆေးဝါး လေးတစ်ပြားလောက် စူးစမ်းမိလျှင်ကား မိမိဘဝ၏တိုးတက်မှုကို ဖျက်ဆီးနင်းချေပစ်လိုက်သည်နှင့် တူပေသည်။ အတုယူလွဲမှားခြင်းမရှိအောင် ပြုမူနေထိုင်သင့်လှပေသည်။ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်တတ်သကဲ့သို့ အပေါင်းအသင်းကြောင့် ဂုဏ်မြင့်တတ်သည်လည်း ရှိသည်။ မိမိဂုဏ်တက်စေမည့်  မိမိအတွက်ကောင်းကျိုးရှိစေမည့် အပေါင်းအသင်းမျိုးကိုသာ ပေါင်းသင်းသင့်ပေသည်။

ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူလွဲမှားစေသော အရာများတွေ့မြင်နေကြရသည်။ ယနေ့လူငယ်များ ဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက် ကြီးပွားရေးအတွက်သာဖြစ်သင့်သည်။ လူငယ်တိုင်းစိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင်လေ့လာ သိရှိထားသင့်သည်။ လူငယ်တိုင်းက မိမိနိုင်ငံကိုချစ်မြတ်နိုးသည့်စိတ်ဖြင့် နိုင်ငံတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည်ဟူသော အသိတရားရှိထားရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် မျိုးချစ်စိတ်ဓာတ်မရှိသော နိုင်ငံနှင့်လူမျိုး၊ ၎င်းတို့ကိုးကွယ်သော သာသနာကိုဦးစားမပေးသော နိုင်ငံနှင့်လူမျိုးဟူ၍ တစ်နိုင်ငံမျှမရှိသေးပါ။ ရှိလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့်မျိုးဆက်သစ် လူငယ်များကို တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သောစိတ်၊ မိမိတို့ ကိုးကွယ်သောဘာသာတရားကို မြတ်နိုးတန်ဖိုးထားသော စိတ်များ ရှိနေရန်လိုအပ်ပေသည်။

နိုင်ငံတော်တစ်ရပ်စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။  လူငယ်မောင်မယ်များ တက်ရောက်သင်ကြားခဲ့သော တက္ကသိုလ်ဆိုသည်မှာ ကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြုလက်မှတ်ပေးသည်။ ထို့ပြင် ထိုလက်မှတ်နှင့် ကိုက်ညီသောအလုပ်ကို လုပ်နိုင်မည့် သက်မွေးပညာရေးမျိုးထက်ပိုသော နိုင်ငံတော်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နိုင်မည့် ယှဉ်ပြိုင်နိုင်စွမ်းရည်ပြည့်ဝသော နိုင်ငံသားကောင်း(Good Citizen)များအဖြစ် တွေးခေါ်မြော်မြင်မှုများကို လေ့ကျင့်ပျိုးထောင်ပေးရာ နေရာသာဖြစ်သည်။ ဆိုလိုသည်မှာ လူငယ်မောင်မယ်တို့အတွက် သင်ယူတတ်မြောက်စရာ၊ သင်၍မကုန်နိုင်သော ပညာရပ်များရှိနေသေးကြောင်းသိရှိကာ ရိုးသား၊ ကြိုးစား၊ မြင့်မားအောင် စွမ်းဆောင်ကြရန်ဖြစ်သည်။ မိမိတို့လူငယ်မောင်မယ်များ အနေဖြင့် ကိုယ်စီအရည်အချင်းများ ပြည့်ဝအောင်ကြိုးစားကြမည် ဆိုပါက နိုင်ငံတော်၏ အနာဂတ်တွင် စွမ်းရည်ပြည့်ဝသော နိုင်ငံ့သားကောင်း၊ သမီးကောင်းများအဖြစ် နိုင်ငံတော်ကို ဦးဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။