မြစ်ကိုအလျှား စုန်ကူးခဲ့သည်

 

မြစ်ကိုအလျှား စုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

     တင်ပြရလျှင် ဘွဲ့ရဆရာဟူသည် တစ်ဦးတလေမျှပင်မရှိသော  မထင်မရှားကျေးရွာလေးတစ်ရွာ၏ တွဲဖက်အလယ်တန်းကျောင်းက ၈ တန်းကျောင်းသူ၊

ကျောင်းသားသုံးဦးသည် ကိုးတန်း၊ ၁၀ တန်းတည်း ဟူသော   အထက်တန်းအဆင့် ကျောင်းသားများနှင့် ယှဉ်ပြိုင်သည့်အချိန်တွင် တစ်ယောက် ပထမ၊ နောက်တစ်ယောက်က တတိယဆိုသည်မှာ သာမန် အောင်မြင်မှုမျိုးမဟုတ်ဘဲ ထူးချွန်ထူးခြားသော အောင်မြင်မှုဟု ပြောကြားလိုက်ပါရစေ။

ဤသို့  အောင်မြင်ခြင်း၏   အနှစ်အရသာကို ဆန်းစစ်ကြည့်လျှင် သရက်‌တောင်ရွာ၌ "အားသစ် လူငယ်"မည်သော စာကြည့်တိုက်ရှိခြင်းနှင့်"စာတွေ ဖတ်ပါ၊ လေ့လာပါ"ဟု တိုက်တွန်းအားပေးလေ့ရှိသော ဆရာသမား၏  ကောင်းသောလမ်းညွှန်မှုဟု ဆိုက မှားအံ့မထင်မိပေ။

အထက်ကျွန်းစဉ်နယ်တွင် ကမ်းထောင်းကြီးရဲစခန်း ရှိ၍ အစိုးရက အညိုရောင်နယ်‌မြေအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်၍ ဗကပတို့မှာ ကိစ္စကြီးငယ်ရှိလျှင် နေ့အချိန်များတွင်   မဝင်ရဲကြဘဲ  ညအချိန်မှသာ တိတ်တိတ်လေးဝင်ကြသည်။ သူတို့ကိုဆန့်ကျင်သူ ဟုသတ်မှတ်လျှင်  ရွာပြင်သို့  ခေါ်ထုတ်သွားကြပြီး အသက်ဇီဝိန်ကို ချုပ်ငြိမ်းစေခဲ့သည်။

သရက်တောင်ရွာမှာ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားသောနေရာဖြစ်၍ စာသင်ကျောင်းဖွင့် ခွင့်ရနေခြင်းဖြစ်သည်။ ကျွန်တော် ရွာလယ်ဇရပ်ကြီး အနီးတွင် "အားသစ်လူငယ်စာဖတ်အသင်း" ဖွဲ့စည်းကာ  စာကြည့်တိုက်ကို ဖွင့်လှစ်တည်ထောင်လိုက်ခြင်းသည်  ကျွန်တော့်အတွက်   ဗကပဆန့်ကျင်သူ စာရင်းဝင်ခဲ့ပြီမို့ ကျီးလန့်စာစားဘဝဖြင့် သွားသတိ၊ စားသတိနေရသော အခြေအနေမျိုးဖြစ်ပေသည်။

"အဲဒီကောင်လေးကိုဖမ်းမိရင်    သေနတ်နဲ့ပစ်မသတ်ဘူး၊ ကျည်ကုန်တယ်၊ ဓားမြှောင်နဲ့ထိုးမသတ်ဘူး၊ လက်ညောင်းတယ်၊ သူဖွင့်ထားတဲ့စာကြည့်တိုက်ထဲ ထည့်ပြီး ကောက်ရိုးပုံပြီး မီးရှို့သတ်မယ်"

ဗကပတို့၏ ရာဇသံက ပြင်းလှသည်။ ဘဝအကြောင်း တရားပါပဲ။ ဗုဒ္ဓဟောကြားခဲ့သည့်အတိုင်း မမေ့မလျော့သော သတိနဲ့ဆင်ခြင်နေရုံမှတစ်ပါး အခြားမရှိပြီ။

လကွယ်ည သန်းခေါင်ယံအချိန်မို့ နွေညပေမယ့်    ငွေလက ရွှန်းရွှန်းမြမြမသာနိုင်။   မိုးသားကောင်းကင်ပြင်တွင် တိမ်မည်းညိုတွေ  ဟိုနားဒီနားခိုတွဲနေရာ ယူထားကြသဖြင့်   ကြယ်ရောင်လေးတွေတောင် ပြိုးပြိုးပြက်ပြက်မလင်းလက်နိုင်ရှာကြ။

"ဆရာဘညွန့်ရေ ဆရာဘညွန့်"

အသံရှင်ကို ကျွန်တော်ကောင်းကောင်းသိသည်။ ရွာပြင်ကွင်းစပ်တွင်နေသော ကိုကျော်ဖြူအောင်၏ အသံ။   ကျွန်တော်နဲ့ဆို   ညီလိုအစ်ကိုလိုခင်သည်။ ကျွန်တော့်မှာ  အားအားရှိလျှင် ကျော်ဖြူအောင်တို့ အိမ်ဘက်ကို သွားလည်သည်။ တစ်ခါတလေ သူတို့နဲ့ ကဏန်းချိတ်၊ ဖားရိုက်လိုက်သည်။ ကျော်ဖြူအောင် အသံကြား၍ ကျွန်တော်စာဖတ်ခြင်းကိုရပ်လိုက်သည်။ ချက်ချင်းတံခါးဝနားသို့သွားပြီး တံခါးကိုအလျင်စလိုဖွင့်လိုက်သည်။ ကျော်ဖြူအောင်မှာ တံခါးပေါက်နား ရောက်နေပေပြီ။

"မြန်မြန်ဆင်း  မြန်မြန်ဆင်း၊  ပြောက်ကျားတွေ ရွာထဲဝင်လာကြပြီ"

"ဟိုက်"

ကျွန်တော် အိမ်ပေါ်ကနေ တစ်ဟုန်ထိုး ပြေးဆင်းခဲ့လေပြီ။   ရွာလမ်းမကြီးအတိုင်း  လျှောက်မပြေးရဲ။ ကတ်သီးကတ်သတ်လမ်းကြားတွေဘက်ဝင်ပြေး၏။ နွေရာသီမို့  ဓနိချပ်ပုံတွေက  အိမ်နားတိုင်းတွင်ရှိကြပေရာ   ဓနိချပ်ပုံတွေကြားကို   အကာအကွယ်ယူပြီး ပြေး၏။   နောက်ဆုံး     ဘုန်းတော်ကြီးကျောင်းနှင့် လူနေရပ်ကွက်အစပ် အိမ်ပြိုအိမ်ဟောင်း သေးသေးလေးတစ်လုံးထဲ ဝင်ပုန်းနေလိုက်၏။ ကျွန်တော်သည် အသက်ပြင်းပြင်းရှူထုတ်ကာ   ငုတ်တုတ်ကလေး ထိုင်နေလိုက်သည်။ ရင်ဘတ်ကြီးတစ်ခုလုံး တဒိန်း ဒိန်းခုန်နေပေ၏။

"ဂီး ဂီး ဂီး ဂီး"

ညဉ့်ငှက်တစ်ကောင်၏ အော်မြည်သံက ကျွန်တော့် ကို ပိုပြီးချောက်ချားစေသည်။ ရွာလမ်းမဘက်ကလူ တွေ တိုးတိုး တိုးတိုးပြောပြီး လျှောက်သွားနေကြသံ ကိုလည်း ကြားရသည်။

"ဝုတ် ဝုတ် ဝုတ် ဝုတ်"

ခွေးတစ်ကောင်   ဆီးဟောင်သံ  ကြားလာရပြန်

သည်။

"တောက်"

တောက်ခေါက်သံတစ်ချက် ညဉ့်ယံကို ထွင်းဖောက် မြည်ဟည်းသွားသည်။

"ခလွတ် ခလွတ် ခလွတ် ခလွတ်"

သိပ်မကြာ    သစ်ရွက်ခြောက်တွေကို   ဖိနင်းပြီး ဝင်ရောက်လာသော ခြေသံတစ်စုံက စိုးမိုးလာသည်။ ခြေနင်းသံမှာ   ကျွန်တော်ခိုအောင်းနေရာဘက်သို့ လျှောက်လာသံဖြစ်၍  ကျွန်တော် ဆောက်တည်ရာ မရတော့ပေ။ ရင်ခုန်နှုန်းက ခပ်ပြင်းပြင်း ဆောင့်ကန် နေပေ၏။ အိမ်ပေါ်ကပဲ ဆင်းပေးရမလား၊ တိတ်တိတ် လေးပဲဆက်နေရမလား ကျွန်တော်ဝေခွဲမရ။

"ခလွတ်  ခလွတ် ခလွတ် ခလွတ်"

ခြေသံမှာ  ပိုမိုနီးကပ်လာသည်။   ကျွန်တော့်မှာ အိမ်ထဲမှထွက်ပြေး၍       မလွတ်မှန်းသိလိုက်မိပေပြီ။  ကြံရာမရသည့်အဆုံး ရရာစောင်ပိုင်းကိုဆွဲပြီး ခေါင်းမြီးခြုံထားလိုက်တော့သည်။ ကျွန်တော့်အတွက် မထူးတော့ပြီ။   တစ်ကိုယ်လုံး   တဆတ်ဆတ်တုန်နေ၏။ ဟော  ခြေသံက  အိမ်ပေါ်ရောက်လာခဲ့ပေပြီ။ ကျွန်တော့်တစ်ကိုယ်လုံး    တုန်နေရုံမက    ခြုံထားသောစောင်ပိုင်းကြီးပါ  နတ်ဝင်သလို ဖြစ်နေခဲ့ပေပြီ။ ရင်ဘတ်ကြီး တဒုန်းဒုန်းခုန်နေ၏။ ဒုက္ခတော့ ရောက်ကြပြီထင်ရဲ့။

"ဟေ့ . . . ဘယ်သူလဲ"

လက်နှိပ်ဓာတ်မီးရောင်ကြီး ကျွန်တော့်ကိုယ်ပေါ် သို့   ကျရောက်နေပေပြီ။   ကျွန်တော်   စောင်ကို   ခွာမကြည့်ရဲ။ လှုပ်ရဲမလား ကျွန်တော် သေဘေးကြုံနေခဲ့ပြီလေ။

"ဟေ့ ဘယ်သူလဲ"

မေးမြန်းစူးစမ်းသံက ဒုတိယအကြိမ် ခပ်ကျယ် ကျယ်ပေါ်လာပြန်သည်။

"ကြာတယ်ကွာ ကဲ"

စိတ်မရှည်ဟန်အသံကြီးနဲ့အတူ     ကျွန်တော့်ခန္ဓာကိုယ်ပေါ်က စောင်ကို       ဆွဲခွာခြင်း ခံလိုက်ရပေပြီ။                             

ဆက်လက်ဖော်ပြပါမည်။