ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သဘာဝအရတည်ရှိနေသည့် တည်နေရာကြောင့် ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကြီးမားသည့်စျေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသော အာဆီယံဒေသတွင်း အချက်အချာကျသည့် နေရာတွင်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်သည့် ရာသီဥတုနှင့်မြေ အကျယ်အဝန်းရှိသည်။
အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမြေ၏ ၂ဝ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးမှုပြုနိုင်သေးသည်။ မြေဆီသြဇာကြွယ်ဝ ကောင်းမွန်ပြီး ဓာတုပစ္စည်းများ သက်ရောက်မှုမရှိသေးသည့် စိုက်ပျိုးမြေနေရာများစွာ ရှိနေသည်မှာ ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အခွင့်အလမ်းကောင်းများပင်ဖြစ်သည်။ ထို့အတူစိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် အခွင့်အလမ်းများရှိနေပါသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝကပေးထားသည့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး ကမ္ဘာပေါ်တွင်စားနပ်ရိက္ခာ အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်စေရေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန်အတွက် စိုက်ပျိုးရေး နည်းစနစ်များနှင့်အတူ အခြေခံလိုအပ်ချက်များဖြစ်သည့် ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ သဘာဝမြေသြဇာ ထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေး လိုအပ်ချက်များလည်းရှိနေသည်။ အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆက်သွယ်ဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့အစည်းများလည်း ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန်နှင့် လိုအပ်သည်များ အကူအညီပေးရန်အသင့်ရှိနေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် နိုဝင်ဘာလ ၅ ရက်တွင် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးစဉ် ‘‘တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့်နည်းပညာ လွှဲပြောင်းရယူရေး၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး ထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အစားအစာဘေးကင်း လုံခြုံမှုရှိပြီး ဂေဟစနစ်ကိုရေရှည် ထိန်းသိမ်းထားနိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မိမိတို့၏မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်လိုကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် လူဦးရေများပြားသည့် နိုင်ငံများဖြစ်ပြီး စားနပ်ရိက္ခာ စျေးကွက်ကြီးမားလှသည်။ စိုက်ပျိုးရေးကဏ္ဍကို စက်မှုလယ်ယာအဖြစ်မြှင့်တင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ဆောင်ကြရန်ဖြစ်သည်။ ထို့ပြင် စက်မှုကုန်ကြမ်း သီးနှံများဖြစ်သည့် ဝါနှင့်ရော်ဘာ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ဝါမှချည်မျှင် ယင်းမှ အထည်အလိပ်များ ထုတ်လုပ်နိုင်ရန်အထိ ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။ ရော်ဘာစိုက်ပျိုးရေးအတွက် ကာလတို၊ ကာလရှည်စီမံကိန်းများရေးဆွဲပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နေပြီး ဖိနပ်၊ ရော်ဘာ၊ လက်အိတ်နှင့် တာယာအမျိုးမျိုး ထုတ်လုပ်နိုင်ရေး ရည်ရွယ်ထားသည်။ သစ်အခြေခံပရိဘောဂ လုပ်ငန်းများအပြင် အဆင့်မြင့်ရော်ဘာ ထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံ ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက် လာအောင် အားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သည့် ဘိလပ်မြေများကို ပြည်တွင်းတွင် လုံလောက်အောင် မထုတ်နိုင်သေးသည့်အတွက် ဘိလပ်မြေ ထုတ်လုပ်ရေး ကဏ္ဍကလည်း အခွင့်အလမ်းများစွာရှိနေသည်။ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်ရန် အခြေခံကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ဂျစ်ပဆမ်နှင့် ဂေါဒန်ကျောက်များ ပေါကြွယ်ဝသည်။ ထို့ပြင် နေ့စဉ်မဖြစ်မနေ အသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အား အတွက်လည်း ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို လာရောက်ရင်းနှီး လုပ်ကိုင်နိုင်သည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာကို ရရှိပြီးဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်းကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်အကြီးအကဲက ဖိတ်ခေါ်ထားသည်။
ကဏ္ဍများစွာတွင် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ် လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်း ပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်-ကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ သို့ဖြစ်၍ ယွမ်နှင့်ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝပြုလုပ်နိုင်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှု ဆောင်ရွက်သူများအတွက် နစ်နာမှုများမရှိစေရေး ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။