မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

"ဟင် ဆရာဘညွန့်ပါလား"

"ဟုတ်တယ်၊ ခင်ဗျားဘယ်သူလဲ"

ကျွန်တော် ကြောက်ကြောက်ရွံ့ရွံ့ပြန် မေးလိုက်၏။

"ကိုဆိတ်လေ"

"ဟင်"

ကျွန်တော့်ရင်ထဲ   ဝမ်းသာသလိုဖြစ်သွားသည်။

"ဒါဆိုဒီအိမ်က ကိုဆိတ်အိမ်လား"

"ဟုတ်တယ် ဒါကျွန်တော့်အိမ်ပဲလေ"

"ခုဆရာဘညွန့် ဒီမှာဘာလာလုပ်နေ တာလဲ"

"ဗကပတွေ  ကျွန်တော့်ကို  လိုက်ရှာ နေကြတာလေ"

"ဆရာကဘာတွေလုပ်မိလို့လဲ"

ကျွန်တော်တစ်ချက်တွေသွားသည်။

"ငပသုန်မှာပေါ့ဗျာ၊ ဒီလူတွေ ကျွန်တော့်ကို  မတရားအနိုင်ကျင့်ပြီး   ကျွန်တော် မွေးထားတဲ့ဝက်ကို  သေနတ်နဲ့ပစ်သတ်ကြတယ်လေ။ အဲဒါ ကျွန်တော်စိတ်မထိန်း နိုင်တာနဲ့ လက်သီးနဲ့ထိုးခဲ့တာဗျ"

"ဟုတ်လား"

"ဒီရောက်တော့လည်း ကျွန်တော်က အားသစ်လူငယ်စာဖတ် အသင်းဆိုပြီး စာ ကြည့်တိုက်တစ်ခု    ဒီကလူငယ်တွေနဲ့ပေါင်းပြီး ထူထောင်လိုက်တာလေ"

ကျွန်တော့်မှာ    စကားပြောသည်ဆိုသော်လည်း  နှစ်ကိုယ်ကြားတိုးတိုးလေး သာ။

"အဲဒီမှာ ဒီလူတွေ ပိုပြီးဒေါသဖြစ်ကြ ပြန်ရော့ဗျာ"

ကိုဆိတ်ကတော့   ဘာမျှပြန်မပြော ကျွန်‌တော့်စကားကိုပဲ နားထောင်နေသည်။

"ခုဆို   ကျွန်တော့်ကို   သူတို့လိုက်ဖမ်း နေကြပြီလေ၊ မိရင်တော့ ဘယ်လွယ်မလဲ ဗျာ၊   ဟိုလကတောင်  ကျေးတောရွာမှာ ဦးမောင်ပုဆိုတဲ့သူကိုဖမ်းပြီး   ပစ်သတ် သွားကြတာလေ၊   ဟိုးအရင်တစ်လကလည်း  စညှင်းရွာက  ဦးမဲသာအောင်ကို သတ်သွားကြတယ်။ နောက်ပြီး ကျောက်ဖျာရွာကသန်းမောင်ကိုလည်း သူတို့သတ် လိုက်ကြတယ်လို့ကြားတယ်"

"နောက်ပြီးတော့ဗျာ    ကျွန်တော်နဲ့ ခရီးစပ်တူသွားဖူးတဲ့        အမ်းမြို့နယ် ကျားခိုက်ရွာက ဦးမွှီးဖြူအောင်ကိုလည်း သစ္စာဖောက်ဆိုပြီး သတ်ပစ်လိုက်ကြတာတဲ့။ ကျွန်တော် ရင်ထဲမကောင်းလိုက်တာ ဗျာ"

"ဒီလူတွေကို   သူတို့ဘာလို့သတ်ကြ တာလဲ"

"ဒီလူတွေက   အရင်ဗကပဆိုသူတွေ လေ၊ နောက်  သူတို့  အလင်းဝင်သွားတဲ့အခါမှာတော့   ဒီလူတွေကို  ပါတီသစ္စာ ဖောက်ဆိုပြီး သူတို့လာသတ်သွားကြတာ လေ"

ကျွန်တော့်မှာ   စကားပြောနေသော်လည်း ကြောက်စိတ်ကတော့ ရင်နှင့်အမျှ ပြည့်နေတုန်း။

"ကဲကဲ ဒီညတော့ ဆရာဘညွန့် အေးအေးဆေးဆေးနေလိုက်တော့ သူတို့တွေ ထွက်သွားကြပါပြီ၊ ရွာမှာမရှိတော့ဘူး"

"သေချာတယ်နော်"

"ဆရာကလည်း ရွာကအထွက်မှာ ငါနဲ့ ညွန့်မောင်ကိုခေါ်သွားလို့ ရွာတောင်ဘက် လှေဆိပ်အထိ လိုက်ပို့လိုက်ရတာလေ"

"သူတို့အမာခံပါတီကျောရိုး လူကိုးဦး ဆိုတဲ့သူတွေဆီမှာ ဆက်ကြေးလာယူကြ တာနေမှာပေါ့"

"ဒါတော့ ငါလည်းမသိဘူး"

ကျွန်တော်သည်     ရွာထဲပြန်မဝင်ဝံ့ တော့ဘဲ  ကိုဆိတ်အိမ်မှာပဲ အိပ်နေလိုက် တော့သည်။

ဆရာကျင့်ဝတ်ဆိုတာ

ကျွန်တော်တို့ ဆရာနှစ်ယောက်တည်းဖြင့် သင်ပြသင်ယူမှုပြုကြရသော ရှစ်တန်း ကျောင်းသား၊ ကျောင်းသူများကို သင်ကြား မှုပိုပြီးထိရောက်စေရန်အတွက် ကျွန်တော် တို့  ဆရာနှစ်ဦးသည်  ခါတိုင်းနှစ်တွေလို ညနေ ၄ နာရီဆို ကျောင်းပုံမှန်လွှတ်လေ့ရှိသော်လည်း ဤစာသင်နှစ်တွင်မူ  ၅ နာရီ ထိုးပြီးမှသာ  ကျောင်းလွှတ်တော့သည်။ ထို့ကြောင့် ကျွန်တော်တို့  ဆရာနှစ်ဦးသည်  ကိုယ့်တပည့်များကို   ရှစ်တန်းစာမေးပွဲ ဖြေရန် အသင့်ဖြစ်နေပြီဟု ခံယူထားကြပေသည်။

အဋ္ဌမတန်းစာမေးပွဲ   ဖြေဆိုသွားရေး အတွက် ဆရာများနှင့်ကျောင်းသားမိဘ များ   အစည်းအဝေးတစ်ရပ်ပြုလုပ်ကြ သည်။ ကျောင်းသားမိဘတစ်ယောက်က ထပြောသည်။

"ဆရာရေ   ကျွန်တော့်သမီး   မြို့ကို စာမေးပွဲသွားဖြေဖို့၊ တည်းဖို့ခိုဖို့ အသိအိမ် မရှိဘူးဗျ"

"ကျွန်မလည်းတစ်ခုတင်ပြချင်ပါတယ်။ ကျွန်မသား မြို့တက်စာမေးပွဲဖြေဖို့ စရိတ် လွယ်မှာမဟုတ်ဘူး၊ ကျွန်မသားကို စာဖြေ စာရင်းက နုတ်ထားပေးပါဆရာ"

"ကျွန်တော့်သားကိုတော့   ကျောင်း ဆက်မထားနိုင်တော့ဘူးဆရာ၊    လူပျို ပေါက်လေးလည်းဖြစ်လာပြီဆိုတော့ ပိုက် လှေလိုက်ဖို့ခေါ်ရတော့မယ်၊ ကျွန်တော့် အနေနဲ့ ဆယ်တန်းအောင် ဘွဲ့ရအထိလည်း မြို့ပို့ပြီး   ကျောင်းထားပေးနိုင်မှာလည်း မဟုတ်ပါဘူး"

"ကျွန်မတို့မှာလည်း တလင်းသိမ်းမပြီး သေးတာနဲ့ သားနဲ့အတူမြို့လိုက်ရမယ် ဆိုရင် ဖြစ်နိုင်မယ်မထင်ဘူး၊ သားစာမေးပွဲ မဖြေရရင်လည်းနေပါစေ၊ ကျွန်မမြို့လိုက် လို့ အဆင်ပြေမှာမဟုတ်ဘူး"

သူတို့ဘဝနှင့်သူတို့     ခံစားချက်များသည် နှလုံးသားအသီးသီးမှ ပွင့်အန်ထွက် လာကြသည်။ ကျွန်းစဉ်ဒေသသည် မြို့ပြ နှင့် အလှမ်းဝေးလွန်းသဖြင့် မြို့ဆိုကျွန်းစဉ် သားတို့ကြောက်ကြသည်။ ကိုယ့်ဘဝနှင့် မြို့ပြ   မည်သို့မျှဆက်စပ်မရဟု   ကိုယ့် အတွေးနဲ့ကိုယ် ခဝါချနေကြသည်။ မြို့ဆို ကြောက်သလိုလို၊    ရွံ့သလိုလိုဖြစ်နေကြ သည်။ မြို့အိမ်မှာဘယ်လိုလုပ်နေမှာ တုန်း။ "မြို့သွားရင် ပိုက်ဆံတွေအများကြီးကုန် မှာ" "ငါတို့တော့ အဲလောက်မတတ်နိုင်ဘူး" စသည် စသည်ဖြင့် သားသမီးမြို့တက် ပြီး စာဖြေမည့်အရေးတွေးကြောက်နေ ကြသည်။ ကျောင်းသားမိဘတို့၏ထင်မြင် ချက်သဘောထားများကို    ခြုံငုံသုံးသပ်ပြီး    ကျွန်တော်     ပြန်ပြောဖြစ်လိုက်မိသည်။

"ကြွရောက်လာကြတဲ့  ကျောင်းသား မိဘများခင်ဗျာ။   အကုန်လုံးပဲ   တစ်ရွာ တည်းသား  ကိုယ့်ဆွေကိုယ့်မျိုးတွေပါပဲ ကျွန်တော် လက်တွေ့ဘဝနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးပေးပါ့မယ်”

"ဒီကမိဘတွေပြောကြတဲ့ ဆန္ဒသဘောထားတွေကိုခြုံငုံပြီး ကျွန်တော်တင်ပြပါ့မယ်၊  ဒီနှစ်စာသင်နှစ်မှာ  ကျွန်တော်တို့မှာ  ဘွဲ့ရဆရာဆိုတာ  ဆရာစာရင်းမှာ အမည်သာရှိပြီး တကယ်ဆရာမရှိပါဘူး၊ ဒီခေတ်မှာ တို့အရပ်က ဘွဲ့ရပညာတတ် ရှားပါးတာရယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာရယ်၊ ဒေသဖွံ့ဖြိုးမှု အားနည်းတာတွေကြောင့်      ဘွဲ့ရတစ်ယောက်ကို  ဒီလိုနေရာမျိုးကို ခေါ်လို့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဆရာဦးစောမောင်လှနဲ့   ကျွန်တော် နှစ်ယောက်တည်းပဲ နည်းနည်း နဲ့ကျဲကျဲဝိုင်းပြီး ကိုယ့်တပည့်တွေ အစိုးရစစ် ရှစ်တန်းစာမေးပွဲကို   ဖြေဆိုနိုင်အောင်   အတတ်နိုင်ဆုံး ကြိုးစားပြီး သင်ကြားပေး ထားကြပါတယ်"

 ဆက်လက်ဖော်ပြပါမည်။