ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၏ မြန်မာ့နှစ်သစ်ကူးဆုတောင်းစကားသံများ
ဦးဝဏ္ဏ(ဗုဒ္ဓဘာသာ)ဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး မင်္ဂလာပါခင်ဗျား-
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ် နှစ်သစ်ကူးအခါသမယ ဖြစ်ပါတယ်။
ယနေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံ
အတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသူ၊နိုင်ငံသားများ၊ တိုင်းရင်းသားများနှင့် ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံကြလျက် အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ကြီးအနေနဲ့ ရှေ့လုပ်ငန်းစဉ်သုံးရပ်ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ရှေ့လုပ်ငန်းစဉ်များကတော့ -
(၁) ဘာသာအယူဝါဒ မတူကွဲပြားသူများအကြား အထင်အမြင်လွဲမှားမှုများကို ရှောင်ကြဉ်ကာ ဘာသာဝင်အချင်းချင်း ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်။
(၂) သက်ဆိုင်ရာဘာသာအသီးသီးတို့၏ ဘာသာရေးအဆုံးအမ တရားဓမ္မများဖြင့် မျိုးဆက်သစ် လူငယ်များအကြား စည်းလုံးညီညွတ်မှုရှိလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၃) ဘာသာကြီးလေးရပ်၏ စုပေါင်းအားဖြင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူတကွပူးပေါင်းဆောင်ရွက်သွားမည် စသည်တို့ဖြစ်ပါတယ်။
ယခုအခါမှာလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့မျက်စိကုသမှုပေးခြင်း၊ ပညာဒါနအဖြစ် အခမဲ့အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
ကျွန်တော်အပါအဝင် နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ မြေပေါ်မှာ မွေးဖွားကြီးပြင်းလာကြသူ ဘာသာမတူ၊ လူမျိုးမတူ၊ မတူကွဲပြား မြန်မာနိုင်ငံသားများ ဖြစ်ကြသည့် အလျောက် တစ်ဦး၏ဘာသာတရားကို တစ်ဦးက လေးစားကြပြီး အပြန်အလှန် ကူညီကြလျက် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံကာ ချစ်ကြည်ရင်းနှီးစွာ နိုင်ငံအကျိုးဝိုင်းဝန်း သယ်ပိုးကြပါစို့လို့ တိုက်တွန်းရင်း မြန်မာနိုင်ငံကြီးအေးချမ်းသာယာပါ စေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။
ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)
ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးမင်္ဂလာပါလို့ မြန်မာ့နှစ်သစ်ကူးမှာ နှုတ်ခွန်းဆက်သပါတယ်။
ဂေါတမမြတ်စွာဘုရားရဲ့မေတ္တာကြောင့် တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ မဟာပိန္နဲဘုရားကြောင့် ပြည်တွင်း/ပြည်ပရန်များ ကင်းစင်ပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကြီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
၁၃၈၅ ခုနှစ်ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ်သို့ကူးပြောင်းချိန်မှာ တိုင်းရင်းသား၊ ပြည်သူပြည်သားများအားလုံး စိတ်သစ်၊
လူသစ်၊ အမြင်သစ်၊ အတွေးသစ်များဖြင့် နိုင်ငံတော်နဲ့အတူ ပြည်သူများအားလုံး ချစ်ချစ်ခင်ခင်အတူလက်တွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြပါစို့။ မြန်မာ့နှစ်သစ်ကူးကနေစပြီး မေတ္တာတရား များများထားပြီး အလုပ်ကို ကြိုးကြိုးစားစား ဆောင်ရွက်ကြပါစို့။
နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်ထိခိုက်စရာ၊ စိတ်ပူပန်စရာတွေရှိခဲ့ပါက အခက်အခဲတွေ အားလုံးကိုဖယ်ရှားပြီး မြန်မာ့နှစ်သစ်ကူးမှာ စိတ်သစ်၊ လူသစ်၊ အမြင်သစ်၊ အတွေးသစ်၊ စီးပွားရေးအသစ်များနဲ့ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ကြီးပွားတိုးတက်ကြပါစေ၊ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့။
ကျွန်တော့်အနေနဲ့ ဂါရဝတရားရှေ့ထားပြီး မေတ္တာကြောင့်အစစအရာရာအောင်မြင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဦးအောင်ဇော်ဝင်း (အစ္စလမ်ဘာသာ)
ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျား-
၁၃၈၅ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော်တို့ အစ္စလမ်ဘာသာဝင်လူထုအနေနဲ့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့နိုင်ငံတော်ကြီးဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး မေတ္တာတရားရှေ့ထားပြီး သစ္စာတရားဖြင့် ချစ်ချစ်ခင်ခင် အေးချမ်းစွာ နေထိုင်ကြပါစို့လို့ ဆုတောင်းအပ်ပါတယ်။
တစ်ဦး၏ဘာသာအယူဝါဒကို တစ်ဦးက အပြန်အလှန်လေးစားကြပြီး တိုင်းပြည် အေးချမ်းတည်ငြိမ် စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းလုပ်ဆောင်ကြပြီး ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဟု ကျွန်တော်တို့အစ္စလမ်ဘာသာလူထုက ယုံကြည်ထားပါတယ်။
ယခုနှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူ၊နိုင်ငံသားအားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ငြိမ်းချမ်းပျော်ရွှင်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကူညီသယ်ပိုးထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အားလုံးနှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
ဦးသောမတ်စ်(ခရစ်ယာန်ဘာသာ)
ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
အခုလို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)ဒုတိယဥက္ကဋ္ဌ ခရစ်ယာန်ဘာသာဝင်အနေနဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် ထာဝရဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အထူးပဲဂုဏ်ယူမိပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလမ်ဘာသာနဲ့ အခြားသော မတူကွဲပြားတဲ့ ဘာသာတရားများကို ကိုးကွယ်ယုံကြည်ကြသူများအကြား ရှေးယခင်နှစ်ပေါင်း များစွာမှစ၍ ယနေ့တိုင်သက်ဆိုင်ရာဘာသာဓလေ့ ထုံးတမ်းယဉ်ကျေးမှုပွဲလမ်းများကို အပြန်အလှန် လေးစားမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ဆင်နွှဲနေထိုင်လျက်ရှိကြပါတယ်။
ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ကြီးအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုရိုးရာ အမွေအနှစ်များကို မပျောက်ပျက်အောင် တိုင်းရင်းသားအားလုံးနဲ့အတူတကွ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
အခုလိုမြန်မာသက္ကရာဇ် ၁၃၈၅ နှစ်ဟောင်းကုန်လို့ မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယမှာ မကောင်းမှု အညစ်အကြေးများအားလုံးကို ဆေးကြောသန့်စင်ခဲ့ကြပြီး မြန်မာပြည်သူပြည်သားများအားလုံး ပေါင်းစည်း ညီညွတ်မှုနှင့် သဟဇာတဖြစ်မှု၊ စာနာကရုဏာနှင့် မေတ္တာတရားများကို ရှေ့ထားပြီး ၁၃၈၆ ခုနှစ်သစ်ခရီးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံအောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေကြောင်း တိုက်တွန်း ဆုတောင်းနှုတ်ခွန်း ဆက်သလိုက်ရပါတယ်ခင်ဗျား။
အားလုံးကို ထာဝရဘုရားသခင် ကောင်းချီးပေးပါစေ။