စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှပညာရှင်တို့၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ

 

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှပညာရှင်တို့၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ

တက္ကသိုလ်မြတ်သူ

နိုင်ငံကျော့ပြည်သူမှာပန်ဆုယူ အတာသွန်းချိန်မို့ဆိုပြီး ရှေးစာဆိုတွေ စပ်ဆိုထားတာရှိပါတယ်။ သယံဇာတပေါများတဲ့ မြန်မာနိုင်ငံကြီးဟာ ကျော့ကျော့မော့မော့ ညီညီ ညွတ်ညွတ်နဲ့   ငြိမ်းချမ်းစွာရှိနေကြမယ်

ဆိုရင် အာရှတိုက်မှာ ချမ်းသာတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာမှာပါ။ အာရှကျားလို့ဆိုကြတဲ့ လေးတောင်၊ ငါးတောင်ကျားလိုမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ကျော့ကျော့မော့မော့ရှိနေတဲ့ ကိုးတောင်ပြည့်ကျား ဖြစ်လာနိုင်ပါတယ်။ ရှေးစာဆိုနဲ့အညီ မိမိနိုင်ငံကျော့မော့ ဖွံ့ဖြိုးတိုးတက်နေအောင် ဒီအချိန်မှာ ညီညွတ်တဲ့စိတ်ဓာတ်၊ မိမိတိုင်းပြည်ကို တန်ဖိုးထားတဲ့စိတ်ဓာတ် ရှိကြရပါမယ်။ ဇာတိပုညဂုဏ်မာနဆိုတဲ့ စကားအတိုင်း နှစ်သန်းပေါင်း ၄၀ ပုံတောင် ပုံညာရှိကတည်းက လူနဲ့တူတဲ့သက်ရှိတွေ မြန်မာနိုင်ငံမှာပေါ်နေပါပြီ။ ကမ္ဘာ့လူသားအစ မြန်မာကလို့ပြောတယ်။ ကျောက်ခေတ် ယဉ်ကျေးမှုလက်ရာတွေ ထွန်းကားတဲ့ ရွာငံမြို့နယ်က ပြဒါးလင်းဂူကိုကြည့်မယ်ဆိုရင် ကျောက်ခေတ်ယဉ်ကျေးမှုတွေကို တွေ့ရမှာပါ။ ဒါဟာသမိုင်းသက်သေတစ်ခုပါ။ ဒါ့ကြောင့်  မြန်မာ့အတိတ်သမိုင်းဟာ ဂုဏ်ယူစရာပါ။

ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးဖြစ်အောင်၊ ကျော့မော့နေတဲ့နိုင်ငံတစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုပါတယ်။ ပန်ဆုယူအတာသွန်းချိန်မို့  ရှေးစကားနဲ့အညီ တိုင်းပြည် ညီညွတ်ပါစေ၊ ငြိမ်းချမ်းပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ဘာသာသာသနာလည်း ထွန်းကားပါစေဆိုတဲ့ ဆုတောင်းစိတ်နဲ့ နှစ်သစ်ကိုပန်ဆုယူပြီး     ကြိုကြပါလို့ ပြည်ထောင်စုဖွားတိုင်းရင်းသားများကို မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူပြည်သားအပေါင်း ဘေးကင်းရန်ကင်းသုခချမ်းသာပြီး ငြိမ်းချမ်းသာယာ ပါစေကြောင်း နှစ်သစ်ဆုတောင်းစကားပို့သလိုက်ပါတယ်။

ဒါရိုက်တာကြည်စိုးထွန်း

(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)

မြန်မာ့နှစ်ဟောင်းကုန်လို့ နှစ်သစ်အချိန်အခါကိုကူးပြောင်းချိန်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းနှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ စိတ်သစ်၊ လူသစ်ညီညွတ်စွာနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

ပြည်သူပြည်သားများဟာ ရုပ်ရှင်လောကသားများ မှီခိုအားထားရာ ကျေးဇူးရှင်များလည်းဖြစ်ပါတယ်။  ရေမြင့်မှကြာတင့်သလို ရုပ်ရှင်ကြည့်ပရိသတ်များရွှင်လန်းမှ ကျွန်တော်တို့လည်း စိတ်ရွှင်လန်းကြမှာပါ။ ဒါ့ကြောင့် ရေလိုအေးပြီး ပန်းလိုမွှေးကြပါစေ။ မြန်မာနိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် ပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သပါတယ်။

ပန်းချီစိုးမိုး(ရုပ်ရှင်ဒါရိုက်တာ)

မြန်မာ့နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ အတာပွဲတော်နဲ့အတူ စိတ်သစ်ကိုယ်သစ်နဲ့ နိုင်ငံအကျိုး၊ သာသနာ့အကျိုး၊ အများပြည်သူအကျိုးဆောင်ရွက် နိုင်ကြပါစေ။ တိုင်းရင်းသားလူမျိုးစုအပေါင်း တစ်မိဝမ်းတွင်းမှ သက်ဆင်းသည့်ညီရင်း အစ်ကိုပမာ ဆတက်တိုးချစ်ခင်ညီညွတ်ကြပြီး မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ကြွားနိုင်ပါစေ။ ကမ္ဘာကြီးလည်း အေးချမ်းသာယာပြီး မြန်မာနိုင်ငံလည်း အေးချမ်းသာယာ ပါစေကြောင်း နှစ်သစ်မင်္ဂလာမှာ ဆုတောင်းမေတ္တာပို့သပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း

ပြည်သူပြည်သားအပေါင်း အေးချမ်းသာယာကြပါစေ။ စီးပွားရေးလုပ်ငန်းများလည်း အောင်မြင်ကြပါစေ။ အခက်အခဲဟူသမျှ ကျော်လွှားနိုင်ကြပါစေ။ ရုပ်ရှင်လောကသားများလည်း ဇာတ်လမ်းများများရိုက်ကူးနိုင်ကြပြီး   အနုပညာလောကမှာ ထာဝရရပ်တည်နိုင်ကြပါစေ။ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ နှလုံးသားအသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။  အနုပညာဟာ တိုင်းပြည်အတွက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် လုပ်ဆောင်လာတာ ၈၅ နှစ်ထဲ ရောက်နေပါပြီ။ ပြည်သူပြည်သားအပေါင်းလည်း   သက်ရှည်ကျန်းမာဘေးကင်းရန်ကင်းပြီး ကပ်ကြီးသုံးပါးကိုကျော်လွှားနိုင်ကြပါစေ။

ရုပ်ရှင်သရုပ်ဆောင်ဒေါ်ပုလဲ

ပြည်သူပြည်သားအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ။ အနုပညာရှင်လောကသားအားလုံးချမ်းမြေ့ကြပါစေ။  မြန်မာပြည်သူပြည်သားများ အေးချမ်းကြပါစေ။ ဦးဝင်းဦးနဲ့ဇာတ်ကားရှစ်ကားမှာ ခုနစ်ကားရိုက်ခဲ့ရတယ်။ ၁၉၇၅ ခုနှစ်မှာ သင်္ကြန်ဇာတ်ကားဖြစ်တဲ့ ချစ်သူကြင်သူမြတ်နိုးသူဇာတ်ကားကို ပထမဆုံးရိုက်ခဲ့ရတယ်။ မကြာခင်က ရုပ်သံမှာပြသွားတော့ သင်္ကြန်ရောက်ချိန်ဆိုရင်ပိုပြီး သတိရမိပါတယ်။ ဒီနှစ်သစ်ကူးမှာ မြန်မာပြည်ကြီး သင်္ကြန်ရေလိုအေးချမ်းပြီး စီးပွားရေးလာဘ်လာဘများ တိုးတက်ပါစေ၊ ငြိမ်းချမ်းသာယာပါစေ၊ ဦးညွန့်ဝင်းသီချင်း

ထဲကလို ပြည်သူပြည်သားအားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့  နှစ်သစ်ဆုတောင်းစကားပို့သလိုက်ပါတယ်။

အကယ်ဒမီ ရန်အောင်

မြန်မာ့သက္ကရာဇ် ၁၃၈၅ ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ဖြစ်ပါတယ်။ ယနေ့ကစပြီးတော့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား အားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး အနာရောဂါကင်းဝေးကြပါစေ၊ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ စီးပွားလာဘ်လာဘများလည်း တိုးတက်ပါစေ၊ အနှောင့်အယှက်အန္တရာယ်ကင်းဝေးကြပါစေ၊ ဘေးဥပဒ်အန္တရာယ်

ကင်းဝေးပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မိုးယံဇွန်

မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ ကနေပြီးတော့ ၁၃၈၆ ခုနှစ်    နှစ်သစ်ဖြစ်ပါပြီ။ ဒီလိုနေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ခုနစ်ရက် သားသမီးများအားလုံး  လူမျိုးမရွေး၊ ဘာသာမရွေး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ နောက်ပြီး ပရိသတ်တွေအားလုံးလည်း ပျော်ရွှင်စွာ နှစ်သစ်ကူးကာလကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ

မြန်မာ့သင်္ကြန်အပြီး နှစ်ကူးလေးပေါ့နော်။  မြန်မာနှစ်ကူးလေးဖြစ်တဲ့အတွက် အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ တစ်နှစ်ပတ်လုံး  စီးပွားတွေတိုးတက်ကြပါစေ၊ အားလုံးကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ ပရိသတ်တွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ အဓိက စိတ်ချမ်းသာကြပါစေလို့ ပန်ပန်ဆုတောင်းပေးပါတယ်ရှင်။

ဦးလွင်မြင့်

(မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ)

ယခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အချိန်အခါ ပိတောက်ပန်းတွေဝေချိန်မှာ ပြည်ထောင်စု ဖွားတိုင်းရင်းသားများ အထွတ်အမြတ်ထားရာ အတာရေပက်ဖျန်းတဲ့ သင်္ကြန်ပွဲတော်အခါသမယလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဘေးရန်ကင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှအားလုံးကိုယ်စီကိုယ်င ပြည့်ဝကြပါစေ။ ကျွန်တော်တို့နိုင်ငံမှာ ပိတောက်ပန်း၊ ငုပန်းတွေဝေပြီး  သင်းကြိုင်နေတဲ့အခါသမယမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး ချစ်ခြင်းမေတ္တာပန်းရနံ့များ  သင်းကြိုင်မွှေးပျံ့တဲ့အချိန်အခါကို ရောက်ရှိကြပါစေ။ သင်္ကြန်အတာရေပက်ဖျန်းချိန်မှာ တိုင်းရင်းသားအားလုံးအေးချမ်းသာယာစွာ အတူလက်တွဲနေထိုင်နိုင်ကြပါစေ။ သင်္ကြန်သီချင်းများ ပျံ့လွင့်နေချိန်မှာလည်း ငြိမ်းချမ်းရေးတေးသံများ ကျွန်တော်တို့နိုင်ငံမှာလွင့်ပျံ့ပြီး ငြိမ်းချမ်း သာယာသောနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့တည်ရှိပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

ဦးအောင်တင်ဝင်း

(မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နာယက)

ပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာလန်းဖြာကြပါစေ။ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းမှ တိုင်းပြည်သာယာမှာပါ။ တိုင်းပြည်အေးချမ်းသာယာပြီး ကိုယ်လည်း ကျန်းမာစိတ်ချမ်းသာ ဘယာကင်းပ လိုတိုင်းရ သုခချမ်းသာအဖြာဖြာနဲ့ ပြည်သူပြည်သားအပေါင်း ပြည့်စုံကြပါစေလို့ အမြဲဆုမွန်ကောင်း ပို့သလျက်ပါ။ သဘင်လောကသားအပေါင်းနဲ့ အနုပညာရှင်များအားလုံးလည်း ကျန်းမာချမ်းသာလန်းဖြာပြီး အားလုံးအဆင်ပြေကြပါစေလို့ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ ပို့သလိုက်ပါတယ်။

ညိမ်းသူ(သတင်းစဉ်)

ဓါတ်ပုံ-ကနူး