ချစ်ကြည်ရင်းနှီးမှုမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

 

ချစ်ကြည်ရင်းနှီးမှုမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ  ၈  ရက်)

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့် အစိုးရဖြစ်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် မပျက်သုဉ်းရေးအတွက် နိုင်ငံတော်ကို ဦးဆောင်နေရခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီး အန္တိမရည်မှန်းချက်အဖြစ်   အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်သည်။

ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲ အပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်းသည်  ငြိမ်းချမ်းရေးအပြည့်အဝ မရှိခြင်းကြောင့် ဖြစ်သည်မှာ ငြင်းပယ်၍မရနိုင်သည့် အဖြေမှန်ဖြစ်သည်။ ငြိမ်းချမ်းရေးကဏ္ဍနှင့် ပတ်သက်၍မြန်မာ့တပ်မတော်အနေဖြင့် ၂ဝ၁၈ ခုနှစ်ကတည်းကစတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ  တပ်မတော်မှ တုံ့ပြန်တိုက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂ဝ၂၂ ခုနှစ် ဧပြီလမှစပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ပွင့်လင်းမြင်သာစွာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

အဆိုပါငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို  MNDAA၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များ အနေဖြင့်ငြင်းပယ်ခဲ့သည်။ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိနေသည်။ လက်နက်ကိုင် အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကိုရှေ့တန်းတင်မည့် အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုသည်။ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား ကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် နိုင်ငံတော်အစိုးရ အနေဖြင့် ဆွေးနွေးမှုများကို ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏နယ်စပ်ဒေသများ တည်ငြိမ်ရေး၊  ဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်  အလွန်ပင် အရေးပါလှသည်။ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်း ဆောင်ရွက်ရမည်ဖြစ်သည်။  ကုန်သွယ်မှုမြှင့်တင်ရန် အတွက် နယ်စပ်ကုန်သွယ်ရေးသည် အရေးပါပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား ယွမ်-ကျပ် တိုက်ရိုက် ကုန်သွယ်မှုကိုလည်း ဖော်ဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr.Li Qiang တို့ နိုဝင်ဘာလ ၆ ရက်က တွေ့ဆုံဆွေးနွေးစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က "မြန်မာနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံ အားပေးကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်း နိုင်ငံအဖြစ် ထာဝရရပ်တည် သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ  နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး  ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှချမှတ်ထားသည့်  ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို  ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်လည်း ဆန္ဒပြု ကူညီနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံ အတွင်းအခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ကြောင်း" ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ထိစပ်နေပြီး နက်ရှိုင်းသည့်ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်။ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြားခိုင်မြဲသည့် ဆက်ဆံရေးဖြင့် အတူတကွလက်တွဲ ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ဆက်လက်၍လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို  တိုးမြှင့်ဆောင်ရွက်ကြမည်ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရစီမံခန့်ခွဲမှု အောက်တွင်ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်သဖြင့်   နိုင်ငံတကာ မျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို  အစဉ်အမြဲ ထောက်ခံနေမည်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။   ။