မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

    ကျွန်တော့်တပည့်လေးတွေဟာ  ဒီကျောင်းက  ရှစ်တန်းကို  စတင်ဖြေဆိုကြတဲ့ ကျောင်းသားတွေဖြစ်ပေမယ့် အများဆုံးဖြေဆိုနိုင်ကြပြီး အများဆုံး အောင်မြင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ဆရာနှစ်ဦးစလုံးက ယုံကြည်ထားကြပါတယ်"

"နောက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေ မြေပုံမြို့ကိုသွားပြီး စာမေးပွဲဖြေရမယ့်ကိစ္စ  ဘာမှမစိုးရိမ်ကြပါနဲ့၊  ကျွန်တော်ကိုယ်တိုင် ကိုယ့်စရိတ်နဲ့ကိုယ်   အကုန်အကျခံပြီး  လိုက်ပေးပါ့မယ်။ မိဘတွေကတော့ ကိုယ့်သားသမီးတွေအတွက် လိုက်လိုတဲ့ဆန္ဒရှိရင် လိုက်ပေးကြပါ၊ မအားမလပ် အဆင်မပြေ စသည်အားဖြင့် အခက်အခဲရှိနေရင် လိုက်စရာမလိုပါဘူး။ ရပါတယ်။ ကျွန်တော် တာဝန်ယူပါတယ်။ တည်းဖို့ခိုဖို့ကအစ ကျွန်တော် အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ပေးပါ့မယ်"

"နောက်တစ်ခုပြောလိုတာက   ငွေကြေးကုန်ကျမှု စရိတ်အတွက် ကျောင်းသားတစ်ယောက်ကို ၆၀ ကျပ်ထက် အပိုမယူကြပါနဲ့၊ ၆၀ ဆို မော်တော်ခ သွား/ပြန် အတွက်ပါ လုံလောက်ပါတယ်"

ကျောင်းသားမိဘတွေကတော့ ငြိမ်သက်စွာ နားထောင်နေကြသည်။ တချို့ကလည်း အံ့သြသွားကြသလားမသိ၊ အာရုံစူးစိုက်လှမ်းကြည့်ကြသည်။

"ခု   အကုန်လုံး ကျောင်းသား၊ ကျောင်းသူ  ၁၂ ယောက်ဖြေမယ်။ ယောက်ျားလေးရှစ်ယောက်၊ မိန်းကလေး လေးယောက်ဖြစ်ပါတယ်"

"ကျွန်တော် ဟိုရောက်ရင် ကျောင်းသားတွေကို သူ့နေရာနဲ့သူ အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်"

"ကျောင်းသားမိဘတွေကို ကျွန်တော်တစ်ခုပြောလိုတာက ကျွန်တော်တို့က ဟိုရောက်ရင် စုပေါင်းပြီးတော့ တည်းကြရမှာ မဟုတ်ပါဘူး။ စုပေါင်းပြီး ထမင်းဟင်းချက်စားဖို့ မိဘတွေလည်း   မပါတာကြောင့် သက်ဆိုင်ရာ ရင်းနှီးတဲ့အိမ်၊ ဆွေမျိုးမကင်းတဲ့ အိမ်တွေမှာပဲ တစ်ယောက်တစ်နေရာ   ဒါမှမဟုတ်  နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ တည်းကြရမှာဖြစ်ပါတယ်။ ကလေးတွေမို့လည်း ထမင်းဆိုင်မှာ ထွက်

စားလို့လည်း အဆင်မပြေနိုင်လောက်ပါဘူး"

"ဒါကြောင့် ကိုယ်တည်းတဲ့အိမ်မှာပဲ အိပ်ကြရ၊ စားကြရပါမယ်။ ဒီအတွက် ကျွန်တော်ပြောလိုတာက ကိုယ်တည်းတဲ့ အိမ်ရှင်တွေအတွက် ဆန်ထုပ်ရယ်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်လေးရယ် ကိုယ်စားမယ့်ဟာထက်  ပိုပိုသာသာလေး ယူသွားကြဖို့တော့ လိုမယ်ခင်ဗျ။ တောက စားစရာလက်ဆောင်လေးတွေ ပါတော့    ဧည့်သည်ရော   အိမ်ရှင်ပါ အဆင်ပြေတာပေါ့ဗျာ"

ကျွန်တော် ကျောင်းသားမိဘများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဆေးပြင်းလိပ်သောက်နေသူ တစ်ယောက် နှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သာ နှုတ်ခမ်းရွဲ့တွဲတွဲမှာ ဆေးတံရိုးကိုထိုးသွင်းပြီး ဆေးတံဆီခံနေတာ တွေ့ရသည်။ တခြားကျောင်းသားမိဘတွေကတော့ အာရုံစူးစိုက် နားထောင်နေကြသည်။

"ခုလို ကျွန်တော်တို့ သားသမီးတွေ ပညာရေးအတွက် အရေးတစိုက် စီစဉ်ပေးတဲ့   ဆရာဦးဘညွန့်ကို    အထူးပင်ကျေးဇူးတင်ကြောင်း ကျောင်းသားမိဘများ ကိုယ်စားပြောကြားလိုပါတယ်၊  မိဘတွေ လိုက်ပါစရာမလိုဘဲ   ဆရာဦးဘညွန့်ကပဲ  စီစဉ်အုပ်ချုပ်ပြီး အသွားအပြန် ဆောင်ရွက်ပေးမယ်ဆိုတော့ မိဘတွေ ပိုပြီးဝမ်းသာရပါတယ်။ ကိုယ့်ရွာနဲ့ ကိုယ့်ဆရာ၊ ကိုယ့်တပည့် အဆင်ပြေလှပါတယ်။ ပိုက်ဆံ  ၆ဝ ကျပ်ဆိုတာကလည်း   လူတိုင်းပေးနိုင်ကြမှာပါ၊  ငါးပိ၊  ငါးခြောက်ဆိုတာ ဘာခက်တာမှတ်လို့၊ ကိုယ့်ဒေသထွက်တွေပဲ၊ အကုန်လုံး အဆင်ပြေပါတယ်"

"ဟုတ်တယ် ကောင်းပါတယ်ဆရာ"

"ကျေးဇူးပါ ဆရာ"

"တော်တော် အဆင်ပြေပါတယ်"

"ကောင်းပါတယ်ဆရာ အစစအရာရာ အဆင်ပြေပါစေ"

ဦးကျော်သာအောင်က      ကျောင်းသားမိဘများကိုယ်စား ထပြီး ဆွေးနွေးလိုက်ချိန်တွင် ဦးမောင်ဆိုင်၊ ဦးစံဖေ၊ ဦးကျော်ထင်၊ ဦးအုန်းပွင့်တို့ကပါ အားရဝမ်းသာ ထပြောကြသည်။

"ဟုတ်ပါပြီ မြေပုံမြို့ကို ကမ်းထောင်းကြီးကနေတစ်ဆင့် ရက်မှန်သွားနေတဲ့ မော်တော်နဲ့လိုက်ရမှာဖြစ်လို့ သတ်မှတ်တဲ့နေ့မှာ ကမ်းထောင်းကြီးကို ကိုယ့်လှေလေးနဲ့ကိုယ်  နှစ်ယောက်တစ်စင်း၊ သုံးယောက်တစ်စင်း မိဘတွေက လိုက်ပို့ကြရမှာနော် "ရပါတယ် ဆရာ ရပါတယ်၊ အတူတူလှော်ခတ်သွားကြတော့ ပျော်ဖို့တောင်ကောင်းသေးတယ်"

"ကဲ ဟုတ်ပါပြီ၊ ပြန်နိုင်ကြပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်"

ကျောင်းသား၊ ကျောင်းသူများအတွက် ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်သည့်အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိသည်။

နောက်တစ်ပတ်အကြာမှာပဲ   ကျွန်တော်နှင့် ရှစ်တန်းကျောင်းသား၊ ကျောင်းသူများသည် ကမ်းထောင်းကြီးရွာမှ ပုံမှန်ထွက်နေသော လိုင်းစက်လှေဖြင့် မြေပုံမြို့သို့ လိုက်ပါလာခဲ့ကြသည်။

မြေပုံမြို့တွင် ယင်းအချိန်အခါ၌ မော်တော်ကားဟူ၍ တစ်စီးတစ်လေမျှပင် မရှိသေး။ ဆိုက်ကားဟူသည်ပင် များများစားစား မရှိသေးပါ။ ကျွန်တော်သည် သဲတန်းရပ်ကွက်ဘက်တွင်တည်းခိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဈေးနားရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်တို့တွင် တည်းခိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို သီးသန့်စီခွဲထားလိုက်သည်။ ပထမဆုံး သဲတန်းရပ်ကွက်တွင် တည်းခိုကြမည့် ကျောင်းသားများကိုခေါ်ပြီး သဲတန်းရပ်ကွက်ဘက်သို့ လျှောက်လာခဲ့ကြသည်။ ဆရာဦးသိန်းထွန်းဦး (သရက်တောင်ရွာတွင် တာဝန်ကျနေသောဆရာ)ကို အကျိုးအကြောင်း ပြောပြပြီး ကျောင်းသားနှစ်ယောက် အပ်ထားခဲ့သည်။ ယင်းမှ ဆက်လျှောက်လာခဲ့ရာ ကိုသိန်းဖေ (ကျွန်တော်နှင့် ကျောက်ဖြူတွင် ကျောင်းအတူတက်ခဲ့ကြပြီး H.S.F အောင်သွားရာ သ/မဦးစီးဌာနတွင် စာရေးဝန်ထမ်း လုပ်နေသူ)ဆီသွားပြီး ကျောင်းသားနှစ်ယောက် အပ်နှံထားခဲ့သည်။ ယင်းမှ ရဲစခန်းအနီးရှိ ဦးဖြူယေ (ဇာတိသရက်တောင်ရွာသား) ဆီတွင် ကျောင်းသားတစ်ယောက် အပ်နှံထားခဲ့သည်။

မြေပုံမြို့ ဈေးနားပိုင်းအရောက်တွင် ဦးသန်းရွှေ (သရက်တောင်တွင်  ကျောင်းဆရာတာဝန် ထမ်းဆောင်နေသူ) ထံတွင်  ကျောင်းသားနှစ်ယောက်၊ မြေပုံမြောက်ပိုင်းရပ်ကွက်နေ ဦးစိန်ကျော်ဦး (ကျောင်းအုပ်(ငြိမ်း) သရက်တောင်ရွာတွင်   ကျောင်းအုပ်တာဝန် ထမ်းဆောင်ခဲ့သူ)ထံတွင် ကျောင်းသားတစ်ယောက်၊ မြေပုံမြို့ တစ်ရာတန်အနီး ဦးဘရှိန်၊ဒေါ်ရွှေတင်တို့ထံတွင်    ကျောင်းသားတစ်ယောက် (ဒေါ်ရွှေတင်မှာ သရက်တောင်ရွာသူဖြစ်သည်)၊  နောက်ဆုံး ကျွန်တော်တည်းခိုမည့် အုန်းတောရပ်ကွက်ရှိအိမ်တွင်  ကျွန်တော်နှင့်အတူ  ကျောင်းသားသုံးယောက် တည်းခိုကြသည်။ ကျွန်တော်နှင့် ကျောင်းသား၊ ကျောင်းသူများမှာ အထုပ်တွေကိုဆွဲကာ မနိုင်မနင်း မြို့ထဲသို့ခြေကျင်လျှောက်ပြီး သွားနေကြသည်မှာ လူတကာမြင်လျှင် အဆင်မပြေဖြစ်နေကြမည်မှာ အမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းသားများ ကိုယ့်အိမ်နှင့်ကိုယ် တည်းဖို့ခိုဖို့ အနေအထားကျသွားသဖြင့် ကျွန်တော် ကျေနပ်နေမိပါသည်။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ပို့၊ ဆရာတို့

ကျင့်ဖို့ဝတ်ငါးဖြာ

မည်သော မြန်မာ့ရိုးရာ ဆရာ့ကျင့်ဝတ် ရနံ့အလင်္ကာသည် ကျွန်တော်၏ ခံစားချက်နှလုံးအိမ်အား ကောင်းကောင်းပက်ဖျန်းလျက် ရှိနေလေပြီတကား။

 

ဆက်လက်ဖော်ပြပါမည်။