မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
တတိယနှစ် ဆယ်တန်းကျောင်းသား ရာသီသဘာဝက ဖူးပုရစ်တို့ မြူးလှစ်ထိန်ဝေ အလှ နွေဖြစ်နေခဲ့ချေပြီ။ ရိုးတံပြိုင်းပြိုင်း၊ နွေသစ်ကိုင်းလည်း၊ ပင်တိုင်းဆင့်ဆင့်၊ ဖူးတံဝင့်လို့ နွေဂုဏ်ဖွင့်ကြပေါ့။
သရက်တောင်ရွာက ရှစ်တန်းကျောင်းသားတွေ စာမေးပွဲဖြေအပြီးတွင် ကျွန်တော့်မှာ (တတိယအကြိမ်) အခြေခံပညာအထက်တန်း စာမေးပွဲဖြေရန် အနီးကပ် စီစဉ်ရတော့သည်။ ကျွန်တော် ဆယ်တန်းစာမေးပွဲဖြေရန်အတွက် ဒီတစ်ခါတော့ မိမိပညာဆည်းပူးခဲ့သော ကျောက်ဖြူစာဖြေဌာနကိုပဲ လျှောက်ထားလိုက်သည်။ စာမေးပွဲစစ်ရန် သီတင်းတစ်ပတ်အလို လောက်ကပင် ကျောက်ဖြူမြို့သို့ထွက်မည့် မော်တော်ကို ကျွန်တော်စုံစမ်းခဲ့သည်။ မရပါ။ ပတ်ဝန်းကျင်ရွာ များသို့ပါ မေးမြန်းကြည့်သည်။ တစ်စုံတစ်ရာ သတင်း မကြားရ။ ကျွန်တော် နေ့ပေါင်းများစွာ၊ လပေါင်း များစွာ လေ့လာခဲ့သော၊ ကျက်မှတ်ခဲ့သောသင်ခန်း စာများကို စာမေးပွဲမဖြေရလျှင် အဘယ်မှာလျှင် အဓိပ္ပာယ်ရှိတော့မည်နည်း။ ဘဝ၏ အခက်အခဲကြီး တစ်ခုက ကျွန်တော့်ခေါင်းပေါ်သို့ ရောက်နေခဲ့ပြန်လေပြီ။
မနက်ဖြန်ဆို ဆယ်တန်းစာမေးပွဲတွေ စဖြေရတော့ မည်။ ကျွန်တော်ကား ကျောက်ဖြူမြို့သို့ မရောက် သေး။ ကျွန်တော် ရွှေရင်မီးတောက်ရပါပြီ။ ဘယ်လိုမျှ မတတ်နိုင်။ လှေလေးနှင့် လှော်သွားလို့လည်းမရ၊ ချောင်းအတန်တန်၊ မြစ်အတန်တန်နှင့် မြစ်ဝကျယ်ကြီး တွေကို အခါခါဖြတ်ကျော်ရမည်။ ကျွန်တော့်ဘဝ မွေးဇာတာက ပြဿဒါးခပ်များများနှင့် ဖွဲ့ယှက်မွေးဖွား ခဲ့လေရော့သလား၊ ကျွန်တော့်ရင်မှာ သောကတောင် ထု မြင့်တက်နေခဲ့ပြန်လေပြီ။
သူငယ်ချင်း ဘညွန့်
ဒီနေ့ ညနေ ၆ နာရီမှာ တို့ရွာက ကျောက်ဖြူမြို့ကို ကုန်သွယ်လယ်ယာစပါးပို့မယ့် မော်တော်တစ်စင်းရှိတယ်။ အမြန်လိုက်လာပါ။
မောင်မောင်ထွန်း၊ ကမ်းထောင်းကြီးရွာ။
ကျွန်တော် အတိုင်းမသိ ဝမ်းသာသွားသည်။ ပြင်ဆင်ထုပ်ပိုးပြီးထားသော ပစ္စည်းများကိုဆွဲပြီး ဆွေမျိုးတစ်ယောက်ကို လှေလေးတစ်စင်းနှင့် ကမ်းထောင်းကြီးသို့ ပို့ခိုင်းလိုက်သည်။ ကုန်သွယ်လယ်ယာ ကွင်းဒိုင်ဆိပ်ကမ်းသို့ အရောက်တွင် မော်တော်ကို လှမ်းကြည့်လိုက်သည်။ မော်တော်တွင် စပါးအပြည့် ထည့်ထားပြီးဖြစ်သည်။ ကျွန်တော် မော်တော်ပေါ် လှမ်းတက်လိုက်၏။ စက်လှေတာဝန်ခံကို အကျိုး အကြောင်း ပြောပြပြီး မေတ္တာရပ်ခံကာ လိုက်ပါခွင့်တောင်း၏။ စာမေးပွဲကိစ္စဆိုတော့ တာဝန်ခံ ပုဂ္ဂိုလ်ကလည်း အလွယ်တကူပဲ ခွင့်ပြုလိုက်သည်။ ကျွန်တော် မော်တော်ပေါ်သို့ ရောက်ချိန်တွင် ကမ်း ထောင်းကြီးရွာသား ဈေးဆိုင်ရှင်သုံးယောက်လည်း မော်တော်ပေါ်ရောက်နေကြပေပြီ။ သူတို့မှာ ကျောက်ဖြူမြို့သို့ ရောင်းကုန်ပစ္စည်း အဝယ်လိုက်ကြသည်ဟု ယူဆကြရပေသည်။
ကုန်သွယ်လယ်ယာ စပါးသယ်စက်လှေကြီးမှာ ညနေ ၆ နာရီတိတိတွင် ကမ်းထောင်းကြီးဆိပ်ကမ်း မှ ထွက်ခွာလာသည်။ ပေါက်တူးတောင်မြစ်၊ ငန်းတောင် မြစ်တို့ကိုစုန်ဆင်းပြီး မြေပုံမြို့နယ်၏ အနားသတ် ကျောက်ဖျာသောင်မော်ကြီးကို လှည့်ကာ နောင်တော်ကြီးပင်လယ်ကို ဖြတ်သန်းမောင်းနှင်လိုက်ပေပြီ။ အပြောကျယ်လှသော ပင်လယ်ရေပြင်ကြီးမှာ လှိုင်းသရမ်းများကို အမြဲသယ်ဆောင်ထား တတ်ပေရာ စပါးသယ်လှေကြီးကို လှိုင်းဆိုးကြီးများကြောင့် ခပ်ပြင်းပြင်းလှုပ်ခါစေ၏။ ညမှောင်မှောင်ထဲတွင်မို့ မည်သည့်နေရာကိုမျှ သဲသဲကွဲကွဲမမြင်ရ။ လှိုင်းလုံးကြီး တွေကတော့ စက်လှေကြီးကို တဗုန်းဗုန်းရိုက်ခတ် ကြသည်။
ကျွန်တော် ရွာဆိပ်ကမ်းမှထွက်ခွာလာတုန်းက စက်ခန်းဝတွင် တွဲလောင်းဆွဲပြီး ထွန်းညှိထားသော လက်ဆွဲမှန်အိမ်နားတွင်ထိုင်ပြီး စာကြည့်လာ၏။ ခုတော့ ကျွန်တော်၏စာကြည့်ခြင်းကို လှိုင်းသရမ်းတွေက မနာလိုစွာ တားဆီးလိုက်ကြပေပြီ။ ကျွန်တော် စာအုပ်ထုပ်လေးကို ခေါင်းအုံးပြီး ခွေခွေလေး အိပ်လိုက်၏။ မော်တော်တစ်စင်းလုံးတွင် စက်သံ၊ လှိုင်းရိုက်သံမှအပ တခြားမည်သည့်အသံကိုမျှ မကြားရ။ လှေသားတွေကတော့ သူ့နေရာနှင့်သူနေရာယူပြီး အသင့်အနေအထားနှင့် တာဝန်ထမ်းဆောင်နေကြ၏။ ညတောင် အတော်နက်နေပေပြီ။
"ဒိန်း တဒိန်း ဒိန်း ဒိန်း"
"ဟင် ဘာဖြစ်တာလဲ"
"စက်လှေ သောင်တင်သွားပြီ"
ကျွန်တော် နဖူးပြင်ကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း ရိုက်ထည့်ပစ်လိုက်သည်။
"မနက်ဖြန် ၉ နာရီ စာမေးပွဲ စဖြေရမယ်"
"မနက်ဖြန် ၉ နာရီ စာမေးပွဲ စဖြေရမယ်"
"မနက်ဖြန် ၉ နာရီ စာမေးပွဲ စဖြေရမယ်"
စာမေးပွဲအတွက် သတိပေးသံသည် ရင်ဘတ်ထဲ တွင် ထပ်ခါထပ်ခါမြည်ဟည်းနေပေ၏။ ကျွန်တော် မည်သို့လုပ်ရပါ့။ တစ်ပူပေါ် နှစ်ပူဆင့်ခဲ့ပြန်လေပြီထင့်။ မော်တော်ပဲ့ကိုင်သည် စက်လှေသောင်ကျနိုင်ရေး အတွက် စက်အားကို တင်လိုက်၊ ချလိုက်နှင့် အကြိမ်ကြိမ်လုပ်ကြည့်သည်။ မရပါ။ ခုတော့ စက်ကို လုံးဝရပ်ထားလိုက်ပေပြီ။
"မရတော့ဘူးဗျ၊ ရေကျနဲ့တင်တာဆိုတော့ မလွယ်ဘူး၊ ရေပြန်တက်လို့ မော်တော်ကြွတက်လာမှ ဆက်မောင်းရမှာ"
"စက်လှေက ဘယ်အချိန်ပေါ်လာမှာလဲဗျာ"
ကျွန်တော် စိုးရိမ်စိတ် ငယ်ထိပ်တက်နေပေပြီ။
"ခု လဆန်း ၁၁ ရက်ဆိုတော့ ရေက မနက်ပြည့် ညနေပြည့်ပဲ၊ မနက် ၅ နာရီလောက်မှာ ရေပေါ်နိုင်ပါတယ်"
မော်တော် သောင်တင်သွားသည်ဆိုသော်လည်း မော်တော်အောက်တွင် ရေတစ်ပေါက်မျှ မကျန် လောက်အောင် ခြောက်ခန်းသွားသည်တော့ မဟုတ်ပေ။ လောင်းလှေများ သွားလို့လာလို့ရနိုင်သည့် ရေအနက်ကတော့ ရှိနေသေးသည်။ ထိုစဉ် ကမ်း ထောင်းကြီးရွာမှ လိုက်ပါလာကြသည့် ဈေးဆိုင်ရှင် ကုန်သည်ကြီးသုံးဦးသည် မော်တော်ဝမ်းဗိုက်တွင် တောင်ပုံယာပုံဖြစ်နေသော စပါးပုံကြီးကို ဟိုနား တစ်ယောက် ဒီနားတစ်ယောက် တသောသော ယက်နေကြတော့သည်။ ကျွန်တော့်မှာ အထူးအဆန်း မြင်ကွင်းတစ်ခုကြောင့် အာရုံစူးစိုက်ကြည့်နေမိသည်။
ဆက်လက်ဖော်ပြပါမည်။