မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
အခန်းစောင့်ဆရာမလေးက အဝေးသို့ မသွား။ ကျွန်တော့်ကိုပဲ ကြည့်နေသည်။ မိမိလို ရိုးရိုးသားသား ဖြေဆိုနေသူတစ်ဦးကို သံသယများ ဝင်ရက်လေတယ်ဟု ကျွန်တော့်ရင်၌ ဒေါမနဿစိတ်ကလေး ခိုတွဲသွား၏။ ဆရာမလေးကိုလည်း လူ ကဲခတ်ညံ့လှချည်လားဟု အထင်သေး စိတ်တောင် ဝင်လိုက်သေးသည်။
ကျွန်တော့်မှာ စာဖြေရင်းပဲ စာမေးပွဲဝင်ခွင့်ကတ်လေး (Identity Card) ကို ဘာရယ်မဟုတ် ကိုင်မြှောက်လိုက်၏။
မေးခွန်းစာရွက်ကို မြှောက်ကြည့်လိုက်၏။
အဖြေလွှာစာရွက်ကို ဟိုဘက်ဒီဘက် တစ်ရွက်ချင်း လှန်ကြည့်လိုက်၏။
အဓိပ္ပာယ်မှာ မည်သည့်အထောက်အကူ မျှမရှိဘဲ ရိုးရိုးသားသား ဖြေနေခြင်းသာဖြစ် ကြောင်း ပေါ်လွင်စေခြင်းပင်ဖြစ်ပေသည်။
ကျွန်တော် ရိုးသားစွာဖြေဆိုနေခြင်းကို မည်သို့ပင်ပြုမူပြသနေစေကာမူ ဆရာမ လေးကတော့ ကျွန်တော့်နားကမခွာ။ ကျွန်တော့်ကိုသာ တစ်ရစ်ဝဲဝဲအကဲခတ် နေပေသည်။
ဆရာမလေးသည် တဖြည်းဖြည်းနဲ့ ကျွန်တော့်အနားသို့ ပိုမိုနီးကပ် လာသည်ကို ကျွန်တော်သတိထားမိလိုက် သည်။
ဒီတစ်ချီတွင်တော့ ဘာပဲပြော ပြော ကျွန်တော် ရင်ထိတ်လာသည်ကတော့အမှန်ပင်။
တစ်ခုခုအကြောင်းပြချက်နဲ့ စာမေးပွဲကြီးကြပ်ရေးမှူးကို တင်ပြ လိုက်လျှင် ကျွန်တော် ဆက်မတွေးရဲတော့ ပေ။
ဟောဗျာ၊ ကျွန်တော့် စာမေးပွဲဖြေဆို ခွင့်ကတ်လေးကို ဆရာမဆွဲယူသွားပေပြီ။ ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွား၏။
ကျွန်တော့်မှာ ဆရာမလေးကို မော့မကြည့်ရဲ။ အဖြေလွှာကို အာရုံစိုက်ပြီး ခေါင်းငုံ့ထားလိုက်၏။ ရှင်းရှင်းပြောရလျှင် စီရင် ချက်ချမည့် တရားသူကြီး၏အမိန့်ကိုနာခံနေသည့် တရားခံသို့နှယ်ပေတည်း။
ကျွန် တော့်ရင်ဘတ်ကြီးတစ်ခုလုံး တဒုန်းဒုန်း အသံမြည်နေပေပြီ။
ဒီစာမေးပွဲကို ဝင် ဖြေနိုင်ရေးအတွက် ပေးဆပ်ခဲ့ရသောဘဝများ၊ အချိန်များ၊ နေ့ပေါင်းများစွာ၊ လပေါင်းများစွာ။ ခုတော့ ဘယ်လိုလဲ ဆင်ပြောင်ကြီးအမြီးကျမှ တစ်ရတော့ မှာလား။
ကျွန်တော့်ရင်ထဲတွင် ဗလောင် ဆူနေပေပြီ။
"ကိုဘညွန့် စာမေးပွဲပြန်ဖြေတာလား" ငါးပေါက်သံ လေချိုအသွေးကြောင့် ကျွန်တော် တအံ့တဩမော့ကြည့်လိုက် သည်။
လှပစွာပြုံးပြနေသော မျက်ဝန်းနက်လေးတစ်စုံ။ အရမ်းအံ့ဩရပါပေသည်။ ဘဝ၏အဓိပ္ပာယ်ကို ဆရာမလေး လှလှပပပြသနေချေလေပြီကော။
အခန်းစောင့် ဆရာမလေးကတော့ ဒေါ်သန်းသန်းအေး (ပေါက်ပေါက်) ပါပဲ။
ကျွန်တော် ကျောင်း တက်တုန်းက အတန်းခေါင်းဆောင် ကျွန်တော်၏ ဆိုဆုံးမမှုအောက်က မောင် ရင်းနှမလို ခင်မင်ခဲ့ရသော ချာတိတ်မ ညိုပြာညက်ကလေး။ အတန်းထဲမှာတော့ သူမကို အိမ်အခေါ် ပေါက်ပေါက်ပဲ ခေါ်ကြသည်။ သူမမှာ စာမေးပွဲတွေအောင်လို့ ပညာရေးဌာနထဲဝင်ပြီး ဆရာမဖြစ်နေပြီ။
ခုဆို အခြေခံပညာ အထက်တန်းစာမေးပွဲတွင် အခန်းစောင့်တာဝန်နဲ့ ဆယ်တန်း ကျောင်းသားအိုကြီး ကျွန်တော့်ကို စောင့် ရှောက်နေရပါလေပြီကောလား။
ဘာသာရပ်အသီးသီး ဖြေပြီးသည့်နေ့တွင် စိတ်လက်ပေါ့ပါးသွားသည်။
ကျွန် တော့်ဘဝ အတိတ်ရင်ပြင်က ပတ်ဝန်းကျင် အ.ထ.က (၁) ကျောက်ဖြူစာဖြေဌာန၏ သဘာဝဖြစ်ရပ်ကို ကျွန်တော် ကြည့်ဖြစ် လိုက်၏။
ဥပစာကောလိပ်မှ ကုန်သွယ် ရေး ကုန်သိုလှောင်ရုံဖြစ်ခဲ့ရသော အဆောက်အအုံကြီး။
ခုတစ်ခါ အ.ထ.က (၁) တစ်ဖြစ်လဲ ဘဝသို့ရောက်ခဲ့ရပါပေါ့ လား။ ကျွန်တော် ကျောင်းနေတုန်းက ကျင်လည်ခဲ့ရသော နေရာဟောင်းကို ကြည့်ပြီး ရင်ထဲတွင် ဝေဒနာတစ်ရပ်ခံစား သွားရသည်။
ယင်းအချိန်က ကုန်သွယ်ရေး ဝန်ထမ်းဖြစ်ခဲ့သော ကိုသာညွန့်(နောင် ကဗျာဆရာ မောင်သန္တာ-ကျောက်ဖြူ) ကိုလည်း သတိရလိုက်မိသည်။
ဪ ဘဝစာမေးပွဲလေးတစ်ခု ဖြေဖြစ်ဖို့အတွက် ကြိုးစားလိုက်ရသည့်အဖြစ်၊ ရုန်းကန်လိုက်ရသည့်ဘဝ။ ဤကျောင်းတော်ကြီး မြေအပြင်ကိုခွဲခွာပြီး နှစ်ပေါင်း ၁၂ နှစ်ထိတိုင် ကာလကြာမြင့်ပြီးမှ ဘဝ စာမေးပွဲကိုဖြေဖို့ရန် ကျွန်တော် ပြန်လည် ခြေချမိပြန်ပေါ့လား။
ဖြေရှင်းလိုက်ရသည့် ပြဿနာ အဟောတဝ ဩချလောက်ပေ ရဲ့။ ကျွန်တော် ၁၀ တန်းစာမေးပွဲကြီး ဖြေပြီးသွားချိန်တွင် ဘာသာစုံအဖြေတွေကို တိုက်ကြည့်လိုက်၏။ အကုန်လုံးအဆင်ပြေသည်။
ကျွန်တော်စိုးရိမ်နေသော လက်တွေ့ပထဝီရာသီဥတု ခန့်မှန်းချက်၌ ခန့်မှန်းဖြေထားခဲ့သည်မှာ မှန်သည်။ ဘောဂဗေဒဘာသာရပ် အစမ်းရှင်းတမ်းလည်း ကိုက်သည်။ ဘာသာရပ်တစ်ခုချင်း ပျမ်းမျှအမှတ်ပေါင်း ၆၀ ကျော်ဝန်းကျင် သေချာပေါက်ရလိမ့်မည်။ ကျွန်တော့်ဘဝ ပညာရေးမျှော်လင့်ချက်ရောင်ခြည်သန်း ခဲ့လေပြီ။
ချိန်ခါသင့်မြတ်၊ ကျရောက်လတ်က
ငါ့ဘဝနွေ၊ ကန္တာဘွေလည်း
ရွှေပိတောက်ခိုင်၊ ငုပန်းလှိုင်တို့
မြိုင်ဆိုင်ရွက်နု၊ ပင်တိုင်းလုကာ
ရတုသာမော၊ ဂိမှာန်တော၌
ဥဩငှက်လျှင်၊ နွေတေးဆင်၍
ပီပြင်အလှ ပေါ်လိမ့်တကား။
ကျွန်တော် နောက်ဆုံးစပ်ဆိုခဲ့သော ကဗျာပိုဒ်ကလေး၏ နောက်ဆုံးပါဒကို အမှတ်ရလိုက်သည်။
ကျွန်တော် တစ်ချက် ပြုံးပစ်လိုက်၏။ သို့သော် ကျွန်တော့်အဖို့ ကား မောင်ကြီးမပြန်နိုင် ဖြစ်ခဲ့ရပြန်လေပြီ။ အကြောင်းသော်ကား အားသစ် လူ ငယ်စာကြည့်တိုက်ကို ဗကပဆိုသူတို့က ဖျက်ဆီးပစ်ရန် ရာဇသံပေးထားခဲ့ကြ သည်မှာကြာပြီ။ ကျွန်တော် ဤစာကြည့်တိုက်ကို မည်သို့မျှမဖျက်လို။
ရွာသူရွာ သားတို့အား စာပေမှပေးသောအသိ၊ စာပေမှပေးသောရသတို့ကို သိစေချင်သည်၊ ရစေချင်သည်။ စာကြည့်တိုက်ဟူသည် တန်ဖိုးမဖြတ်နိုင်သော စာပေရတနာသိုက် ဟု ကျွန်တော် ခံယူထားသည်။ သည့်အတွက် ကျွန်တော် ရွာပြန်လို့ လုံးဝမဖြစ်ဟု ခံယူလိုက်ပေပြီ။ ရွာပြန်လျှင် စာကြည့်တိုက်ကိုဖျက်ရမည်။
မဖျက်လျှင် ကျွန်တော့်အား စာကြည့်တိုက်ထဲထည့် ပြီး မီးရှို့သတ်မည်ဟု ကြုံးဝါးထားပြီးဖြစ် သည်။ ဒီလူတွေက မဟုတ်တာ၊ မမှန် တာလုပ်တဲ့အခါ သစ္စာရှိသည်။ သတ်မည်ဆို တကယ်သတ်သည်။ စာသင်ကျောင်း တွေကို ပိတ်စေဆိုပိတ်ရသည်။ မီးရှို့ချင် မီးရှို့ပစ်သည်။ ကျွန်တော်သည် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်ချလိုက်ပေပြီ။ ၁၀ တန်းစာမေး ပွဲအောင်စာရင်း မထွက်မချင်း ကျောက်ဖြူ မြို့ကမပြန်။
ကျောက်ဖြူမြို့တွင် လုံခြုံမှု ရှိသည့် ခရိုင်မြို့။ ရွှေနံ့သာကျောင်းဆရာတော်ထံတွင် အကျိုးအကြောင်း တင် လျှောက်ပြီး ကျောင်းမှာခိုလှုံခွင့်တောင်းလိုက်သည်။ ဆရာတော်ကြီးကလည်း ငယ်ငယ်ကတည်းက အဖေကြီးနှင့်အတူ ကျောင်းနေဖက်၊ ကိုရင်ဝတ်ဖက်ဖြစ်ခဲ့ သည်မို့ ကျွန်တော့်ကို အရေးစိုက်သည်။
ကျွန်တော် ဘုန်းကြီးကျောင်းမှာပဲ ဆွမ်း ပြင်ဆွမ်းကပ်အလုပ်နဲ့ ကပ္ပိယဘဝတစ် ဖြစ်လဲခဲ့ရပြန်ပေါ့။ ဘုန်းကြီးကျောင်းတွင် ကပ်နေခြင်းဖြင့် ကျွန်တော့်အတွက် လွန်စွာအကျိုးများပေသည်။ ကောင်း ကောင်းအိပ်ရသည်။ ကောင်းကောင်းနေထိုင်ရသည်။ ညအိပ်ရာမဝင်မီ ဘုန်းကြီး၊ ကိုရင်တွေနှင့်အတူ ဘုရားရှိခိုးရသည်။ ဆရာတော်ကြီးကို ကိုယ်ဆုပ်လက်နယ် ပြုပေးရသည်။ ကောင်းသောအလုပ်မို့ လောကသံသရာနှစ်ဖြာသော အကျိုးကိုရ ၍ ကျွန်တော်ကျေနပ်သည်။ ဆက်လက်ဖော်ပြပါမည်။