မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
မုတ်သုံအပင့် မိုးအဖွင့်မှာတော့ မမျှော်လင့်မရည်ရွယ် မတွေးခေါ်မိသော သတင်းတစ်ခုက ကပ္ပိယကလေး ကျွန်တော့်ဆီသို့ ရောက်လာခဲ့သည်။ မြေပုံ မြို့နယ်အတွင်းမှာ ဝပ်ကျင်းချနေကြသော ဗကပတို့အား နိုင်ငံတော်၏ ဖြတ်လေးဖြတ်စီမံချက်ဖြင့် အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသော သတင်းပင်ဖြစ်သည်။ ဒီတော့ ကျေးရွာမှာ စာကြည့်တိုက် ထူထောင်သည့် ပယောဂကြောင့် ကျွန်တော့်ကို မီးရှို့သတ်ကြမည့် အဖွဲ့အစည်းတစ်ခု မရှိတော့ပြီဟု ကျွန်တော်သိလိုက်ရပေတော့သည်။
ကျွန်တော်၏ပညာရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်း များကို နှောင့်ယှက်ဟန့်တားနေရုံမက ကျွန်တော့် ကိုပါ ခုတ်မယ်၊ ဖြတ်မယ်၊ ပါးပါးလှီးမယ် ရှားမီးနဲ့ကင်မယ်ဟု ကြုံးဝါးနေခဲ့ကြသူတို့ ကျရှုံးသွားကြပြီဟု သိလိုက်ရချိန်တွင် ကျွန်တော့်တပည့်များရှိရာ၊ ကျွန်တော်၏လူမှုဘဝ မီးရှူးတန်ဆောင်စာကြည့်တိုက်ရှိရာ အမေ့ရွာသို့ ကျွန်တော် အပြေးပြန်လာခဲ့ပေတော့သည်။
ဤတွင် ကျွန်တော်ပြောလိုသည်မှာ ဗကပတို့ ကျရှုံးသွား၍ ကျွန်တော်ဝမ်းသာသွားခြင်း မဟုတ်ပါ။ သူတို့ဇာတ်သူတို့ကလို့ ပြည်ဖုံးကားချ သွားကြခြင်းသာဖြစ်ပါသည်။ ကျွန်တော်နဲ့ မည်သို့မျှမပတ်သက်ပါ။ သူတို့ကျရှုံးသွားလို့ ကျွန်တော်ဝမ်းမနည်းသလို သူတို့အောင်မြင်သွားလို့လည်း ကျွန်တော်ပျော်ရွှင်မည် မဟုတ်ပါ။ ရှင်းရှင်းပြောရလျှင် လူသတ်ဝါဒ ကျင့်သုံးနေကြခြင်းကို ကျွန်တော်မုန်းသည်၊ ရွံသည်၊ ကြောက်ရွံ့သည်။
ကျွန်တော် အမေ့ရွာသို့ ခြေချမိသည်နှင့် အားသစ် လူငယ်စာကြည့်တိုက်ကို ပြေးဖွင့်သည်။ အမှိုက် လှည်းသည်။ စာအုပ်တွေသန့်ရှင်းရေးပြုလုပ်သည်။
သူ့နေရာနဲ့သူ စနစ်တကျထားသည်။ ကျောက်ဖြူမြို့က အသစ်ရလာခဲ့သော၊ တစ်နည်းအားဖြင့် အလှူခံလာသော စာအုပ်သစ်များကို မှတ်ပုံတင် စာရင်းသွင်းပြီး သူ့နေရာနဲ့သူ စနစ်တကျ တန်းစီတင်ထားလိုက်သည်။
ကျွန်တော်ရောက်သည်ဟုဆိုလျှင်ပဲ ဆွေမျိုးတွေရော၊ ရွာသူရွာသားတွေရော၊ စာကြည့်တိုက် ကော်မတီဝင်လူငယ်တွေရော၊ ကျွန်တော့်တပည့် ကျောင်းသား၊ ကျောင်းသူတွေရော စုပြုံရောက်ရှိလာကြသည်။ စာမေးပွဲဖြေနိုင်ရဲ့လား၊ နေကောင်းပါရဲ့လား၊ ကျန်းမာပါရဲ့လား စသည်အားဖြင့် မင်္ဂလာစကား ပြောကြားကြသည်၊ သတင်းလာမေးကြသည်။
ကျွန်တော်ကလည်း မာကြောင်းသာကြောင်း ပြောကြားပြီး စာမေးပွဲလည်း ကောင်းစွာဖြေဆိုနိုင် ကြောင်း ချမ်းမြကြည်သာ သုတိမင်္ဂလာစကားပြော ကြားလိုက်ပေသည်။ ကျွန်တော်ရောက်ပြီး သိပ်မကြာ မီပင် ၁၉၇၉ ခုနှစ်အတွက် အစိုးရစစ် ရှစ်တန်းစာမေးပွဲ အောင်စာရင်းထွက်ရှိခဲ့သည်။ သရက်တောင်ရွာ တွဲဖက် အလယ်တန်းကျောင်းက အဋ္ဌမတန်းစာမေးပွဲ ကို ၁၂ ယောက် ဝင်ရောက်ဖြေဆိုခဲ့ရာ လေးယောက် အောင်မြင်ခဲ့သည်။ မောင်သန်းဖေ၊ မောင်မောင်ဝင်း၊ မောင်ကျော်ဝင်းနှင့် မောင်ကျော်မြင့်တို့ပေတည်း။ အောင်ချက်ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်းဖြစ်ပေသည်။
၁။ မောင်သန်းဖေမှာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဝင်ရောက်လုပ်ကိုင်ပြီး ရဲအုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ကာ တောင်ငူခရိုင် ပြည်သူ့ရဲတပ်ဖွဲ့ရုံးက (ဆေးပင်စင်ဖြင့်) အနားယူခဲ့သည်။
၂။ မောင်မောင်ဝင်းကတော့ မိဘရိုးရာလယ်ယာ အလုပ်ကိုပဲလုပ်ကိုင်ပြီး ယနေ့ထက်တိုင် မွေးဖွားရာ မြေ သရက်တောင်ရွာမှာပဲရှိသည်။
၃။ မောင်ကျော်ဝင်းကတော့ ပညာရေးဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ယခုအခါ မြေပုံမြို့နယ် စိတ္တရကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၌ အလယ်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။
၄။ မောင်ကျော်မြင့်မှာ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၇၉-၁၉၈ဝ ပညာသင်နှစ်စပါပြီ။ မိုးဦးရာသီပီပီ ဝသန်မိုးက သွန်းဖြိုးစွေရွာနေခဲ့လေပြီ။ ဒီနေ့မှာ ခါတိုင်းနေ့များထက် မိုးပိုရွာနေခဲ့လေသလားမသိ။ တစ်နေကုန်ဆိုသလိုပါပဲ။ ညနေ ၇ နာရီလောက်တွင် ကျွန်တော်သည် ပုဆိုးကို ခါးတောင်းကျိုက်ပြီး ထီးတစ်ချောင်းကိုဖွင့်ဆောင်းကာ ဆရာ ဦးစောမောင်လှ နေအိမ်ဘက်သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။
"ဆရာ ဆရာရေ တံခါးခဏဖွင့်ပါဦးဗျ"
"ဘယ်သူလဲ"
"ကျွန်တော် ဘညွန့်ပါ"
"ဪ ကိုဘညွန့်လား လာ လာ လာ"
ဆရာဦးစောမောင်လှ တံခါးကို ဖွင့်ပေးလိုက်သည်။
"ဆရာ့ဆီ ရေဒီယို နားထောင်ဖို့လာတာ၊ ဒီနေ့ ဆယ်တန်းအောင်စာရင်း ကြေညာမယ်လေ"
"ဪ ဟုတ်သားပဲ၊ ဒီနှစ် ကိုဘညွန့် သေချာတယ်မဟုတ်လား"
"ရှုံးဖူးထားတော့လည်း ခပ်ကြောက်ကြောက် ဖြစ်နေပါပြီဗျာ"
ကျွန်တော့်မှာ ရယ်ရယ်မောမောပြောရင်း ဖျာပေါ် တွင် ဝင်ထိုင်လိုက်သည်။
"ရင်ခုန်လိုက်ဦးပေါ့ဗျာဟဲ ဟဲ ဟဲ"
ကျွန်တော် ရောက်သည်ဆိုလျှင်ပဲ ဆရာဦးစော မောင်လှ ရေဒီယိုကက်ဆက်ကို ဖွင့်လိုက်သည်။ သိပ်တောင်မကြာ သတင်းကြေညာချက် ထွက်ပေါ်လာ သည်။
"ခုချိန်ကစပြီး ၁၉၇၉ ခုနှစ် အခြေခံပညာအထက် တန်းအောင်မြင်ကြသူများအနက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောစာစစ်ဌာနများမှ အောင်မြင်ကြသူများ စာရင်းကို ကြေညာပါ့မယ်"
ကျွန်တော်တို့ပြောနေရင်းပင် ရေဒီယိုမှ ကြည်လင် ပြတ်သားသောအသံလေးက ထွက်ပေါ်လာသည်။ အောင်စာရင်းကြေညာသူ အမျိုးသမီးမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်စာရင်းများကို တစ်ခုပြီးတစ်ခုကြေညာနေ၏။
"ရခိုင်ပြည်နယ် ကျောက်ဖြူစာစစ်ဌာနက (က)အဆင့်ဖြင့် အောင်မြင်ကြသူများ စာရင်းကို ကြေညာပါ့မယ်"
ကျွန်တော် ရင်ဘတ်ထဲ ထိတ်ခနဲဖြစ်သွားသည်။ အခန်းထဲတွင် ရေဒီယိုက ထွက်ပေါ်နေသောအသံမှ အပ တိတ်ဆိတ်နေသည်။ အပြင်မှာတော့ မိုးက ရွာမြဲ ရွာနေသည်။ ညအက္ခရာသို့ ရောက်လာပြီဖြစ်၍ တဖြည်းဖြည်း ကျွန်တော့်ခုံနံပါတ်နဲ့ နီးလာသည်။ ကျွန်တော်ပိုပြီးရင်ခုန်လာသည်။ စိုးရိမ်စိတ်ကြောင့် ကြောက်သလိုလိုလည်းဖြစ်နေသည်။
"ခုံအမှတ် ဒက/၈၂၉ မောင်ဘညွန့်"
"ဟေး အောင်ပြီကွ"
"ဘညွန့် ၁၀ တန်းစာမေးပွဲ တကယ်အောင်ပြီကွ" ကျွန်တော်သည် ဆရာဦးစောမောင်လှကို နှုတ်ဆက် ဖော်ပင်မရဘဲ အိမ်ပေါ်မှပြေးဆင်း လာခဲ့တော့သည်။
ဆက်လက်ဖော်ပြပါမည်။