မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ပညာရေး ပန်းမြိုင်လယ်မှာ
ကျွန်တော်ကား ယုံကြည်ချက် တောင်ကုန်းကြီးကို ကျော်လွှားနိုင်ခဲ့ပေပြီ။ ကိုယ် ရည်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့ပြီမို့ ကျေနပ်မှုတွေက ရင်နှင့်အပြည့်။
ကျွန်တော်တို့ရခိုင်ဒေသတွင် မြေပုံမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ ဆုံးသောဒေသဖြစ်သည်။ ပင်လယ်ရေပြင်ထဲတွင် ကျွန်းစု၊ ကျွန်းတန်းများ ပြွတ်သိပ် စွာရှိနေကြသောနေရာဖြစ်၍ ခရီးသွားလာသူတို့မှာ ရေလမ်းတစ်ခုတည်းကိုသာ အမှီသဟဲပြုပြီး သွားလာကြရသော မြို့နယ်ဖြစ်သည်။ လမ်းပန်းဆက်သွယ် ရေးအားနည်းသဖြင့် အစစအရာရာနိမ့်ကျ မှုရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး စကာလမှစ၍ ဗကပတို့သည် ရခိုင်ဒေသ တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်း သော မြေပုံမြို့နယ်ကို ခြေကုပ်ယူခဲ့ကြ သည်။ သူတို့ကြီးစိုးမင်းမူမှုကြောင့် ဒေသဖွံ့ဖြိုးရေးကို ထိခိုက်ခြင်းဖြစ်သည်။ အထူး သဖြင့် ဆယ်တန်းအောင်၊ ဘွဲ့ရစသော ပညာတတ်များ ရှားပါးသဖြင့် အခြေခံပညာကျောင်းများတွင် ဆရာပြည့်စုံမှု မရှိကြခြင်းပင်။ သို့ဖြစ်ပါ၍ ကိုယ့်မြို့နယ်တွင်းမှာ ဆယ်တန်းအောင်များရှိလာလျှင် မူလတန်းပြကျောင်းဆရာ ဆွဲခန့်ခန့်ပေး လေ့ရှိသည်။ ဤနှစ်တွင်လည်း အခြေခံ ပညာအထက်တန်း အောင်မြင်ကြသူများကို မူလတန်းပြဆွဲခန့်ခန့်ဖို့ ခေါ်ယူထားခဲ့ပါလေပြီ။ ကျွန်တော်အပါအဝင် ဆယ်တန်းအောင်သူများ မြို့နယ် ပညာရေးမှူးရုံးသို့ ရောက်ရှိလာကြသည်။
"မင်္ဂလာပါ ဆရာကြီး"
ကျွန်တော်တို့သည် ပြိုင်တူမတ်တတ် ရပ်လိုက်ကြပြီး မြို့နယ်ပညာရေးမှူးကို ဂါရဝပြုလိုက်ကြ၏။
"မင်္ဂလာပါ"
မြို့နယ်ပညာရေးမှူးကလည်း ပြန်လည် နှုတ်ဆက်သည်။
"ဒီနေ့ သားတို့၊ သမီးတို့ကို ကျောင်းဆရာ၊ ဆရာမတွေအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ပါပြီ"
မြို့နယ်ပညာရေးမှူး၏ မေတ္တာစကားသံသည် ကျွန်တော့်နားထဲသို့ ချိုမြိန်စွာ ဝင်သွားသည်။
"သားတို့၊ သမီးတို့က ကျရာဒေသ၊ ရောက်ရာအရပ်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာအပြင် အကြင်နာ တရားကိုပါဖြည့်စွက်ပြီး ကျေးလက်ရင်ခွင်ကြားက တောင်သူလယ်သမား သားသမီးတွေ၊ ရေပင်လယ်ထဲက ရေ လုပ်သား သားသမီးတွေ စတဲ့နိုင်ငံရဲ့ အခြေခံကျတဲ့ ကျေးလက်လူတန်းစား တွေရဲ့သားသမီးတွေကို ပညာသင်ကြား ပေးကြရမယ်"
"ဆရာ၊ ဆရာမတွေဆိုတာ ကျေးလက် လူတန်းစားတွေရဲ့ ကယ်တင်ရှင် ဘဝ လမ်းညွှန်ဆရာတွေလည်း ဖြစ်တယ်၊ ကလေးတွေကို စာပေသင်ပြပေးရုံတစ်ခု သာမဟုတ်ဘူး၊ ကျေးလက်ဒေသရဲ့ လူမှု ရေးလိုအပ်ချက်တွေကိုလည်း တတ်နိုင် သလောက် သယ်ပိုးဆောင်ကြဉ်းပေး ကြရမယ်။ တစ်နည်းအားဖြင့် ပညာရေး၊ ကျန်းမာရေးလမ်းစ ပိတ်နေတာကို အလင်းတံခါးတွေ ဖွင့်ပေးကြရမယ်။ ဥပမာ- ကျေးလက်ဒေသ စာကြည့်တိုက် တည်ထောင်ပေးတာမျိုးပေါ့နော်"
"ဒါကြောင့် ဆရာ၊ ဆရာမတွေရဲ့အလုပ်ဟာ မွန်မြတ်တဲ့အလုပ်ဖြစ်သလို ဆရာ၊ ဆရာမတွေရဲ့ ဘဝတွေကလည်း ထာဝရ မြင့်မြတ်နေပါတယ်"
"ဆရာ၊ ဆရာမတွေအားလုံး ကာယ သုခ၊ စိတ္တသုခတို့နဲ့ပြည့်ဝကြပြီး မိဘ ကျေးဇူးကိုသိတတ်သော၊ ဆရာသမား ကျေးဇူးကိုသိတတ်သော၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သော လူတော်လူကောင်းတွေ ဖြစ်နိုင်ကြပါစေ"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"
မြို့နယ်ပညာရေးမှူး စကားအဆုံးတွင် ကျွန်တော့်ရင်တစ်ခုလုံး အရမ်းပေါ့ပါး ပျော်ရွှင်သွားသည်။ ချက်ချင်းဆိုသလိုပဲ ရုံးအကူဖြစ်ဟန်တူသူက ကျွန်တော်တို့ကို အော်ဒါစာရွက်တွေ တစ်ဦးလျှင် တစ်ရွက်ကျစီ လိုက်ဝေပေးသည်။ ကျွန်တော်သည် မိမိရထားသော စာရွက်ကို ဝမ်းသာအားရ ဖြန့်ကြည့်လိုက်သည်။
အမှတ်(၉၇) မောင်ဘညွန့် အခြေခံပညာ အထက်တန်းစာမေးပွဲအောင် (အပြင်လူ)အား မြေပုံမြို့နယ် သရက်တောင်ရွာ၌ လစ်လပ်နေသော မူလတန်းပြ လက်ထောက် ဆရာနေရာတွင် အမှန်တကယ် အလုပ် စတင်ဝင်ရောက်သည့်နေ့မှ စ၍ မူလတန်းပြ လက်ထောက်ဆရာနေရာ(ဆွဲခန့်)အဖြစ် ခန့်ထားလိုက်သည်။
ကျွန်တော့်အလုပ်ခန့်စာလေးကို ရင်ဘတ်တွင်ကပ်ထားလိုက်သည်။ အလုပ် ရမည့်ရတော့လည်း အမေ့ရွာ၊ ဝမ်းသာ လိုက်သည့်ဖြစ်ခြင်း။ ကမ္ဘာပေါ်မှာ ကျောင်း ဆရာအဖြစ်ချင်ဆုံး လူတစ်ယောက်ကို ပြပါဆိုလျှင် ကျွန်တော့်အား ပြရပေ လိမ့်မည်ဟု ကြုံးဝါးနေခဲ့သော ကျွန်တော်၊ ခုတော့ တကယ်ကျောင်းဆရာစစ်စစ် ဖြစ်ခဲ့ပါလေပြီ။
ဪ ဒီကျောင်းဆရာဘဝ ရာသီမှန် နှစ်ရှည်သီးပင်ကြီးမှာ သစ်သီးလေး တစ်လုံး သီးခွင့်ရရေးအတွက် ကြိုးစား လိုက်ရတာ၊ ကူးခပ်လိုက်ရတာ၊ ပြေးလွှား လိုက်ရတာ နေ့ပေါင်း၊ လပေါင်း၊ နှစ်ပေါင်း များစွာ။
ကျောင်းတော်မြေမှ ထွက်ခွာလာပြီး နောက် သက္ကရာဇ်ဒိုင်ယာရီကို သမင် လည်ပြန် ပြန်ကြည့်လိုက်လျှင်-
၁၉၆၇- ၆၈ = ၁ နှစ်
၁၉၆၈- ၆၉ = ၁ နှစ်
၁၉၆၉- ၇ဝ = ၁နှစ်
၁၉၇ဝ- ၇၁ = ၁ နှစ်
၁၉၇၁- ၇၂ = ၁ နှစ်
၁၉၇၂- ၇၃ = ၁ နှစ်
၁၉၇၃- ၇၄ = ၁ နှစ်
၁၉၇၄- ၇၅ = ၁ နှစ်
၁၉၇၅- ၇၆ = ၁ နှစ်
နဝမတန်း (ပြင်ပဖြေ) (ကျောင်းထွက်ပြီး ကိုး-နှစ်အကြာ)
၁၉၇၆ - ၇၇ = ၁ နှစ်
အ. ပ. ထ (ခ) အောင် (ကျောင်းထွက်ပြီး ၁၀-နှစ်အကြာ)
၁၉၇၇- ၇၈ = ၁ နှစ်
အ. ပ. ထ (ခ) အောင် (ကျောင်းထွက်ပြီး ၁၁-နှစ်အကြာ)
၁၉၇၈ - ၇၉ = ၁ နှစ်
အ. ပ. ထ (က) အောင် (ကျောင်းထွက်ပြီး ၁၂-နှစ်အကြာ) ဆိုလျှင်
ကျောင်းမှထွက်ပြီး ၁၂ နှစ် အကြာ တွင်မှ ကျွန်တော်သည် ဆယ်တန်းကို (က) အဆင့်ဖြင့် အောင်ခဲ့ပါသည်။ ခု ကျွန်တော် အကျေနပ်ကြီး ကျေနပ်ပြီး လူဖြစ်ရကျိုးနပ်ပါပြီ။
ဆက်လက်ဖော်ပြပါမည်။