အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့ကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်နေစဉ် အီရန်နိုင်ငံအနေဖြင့် ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံ အမတ် ကာဇင်ဂျာလာလီကပြောသည်။
အီရန်၏ အဆိုပါ ပြောဆိုချက်သည်အထူးသဖြင့် ဒေါ်နယ်ထရမ့်အစိုးရက အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် အမေရိကန်-အီရန်ဆက်ဆံရေးတင်းမာနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် အမေရိကန်အစိုးရက ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများသည်နိုင်ငံ၏ စစ်ရေးစွမ်းရည်နှင့် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများအပေါ် ထိခိုက်ခြင်းမရှိကြောင်း ကာဇင်ဂျာလာလီက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကျင်းပသည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။
အမေရိကန်အစိုးရ၏ အပြုအမူများသည် အနာဂတ်တွင်လည်း ပြောင်းလဲလာဖွယ်မရှိကြောင်း၊ ၎င်းတို့သည် ကမ္ဘာပေါ်တွင် နံပါတ်တစ်အင်အားအကြီးဆုံး နိုင်ငံဖြစ်ကြောင်းကိုဖော်ပြရန် ဆန္ဒရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ထို့ကြောင့် အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှုကိုခံနေရသည့် ရုရှား၊ တရုတ်နှင့် အီရန်နိုင်ငံတို့အနေဖြင့် အတူတကွရပ်တည်သင့်ပြီး အမေရိကန်၏ အာဏာကို အသုံးပြုလုပ်ဆောင်နေခြင်းသည် တရားနည်းလမ်း မကျကြောင်းကိုပြသသင့်ကြောင်း အီရန်က ဆိုသည်။
ထို့ပြင် အမေရိကန်အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်များသည် မလိုလားအပ်သည့် နောက်ဆက် တွဲပြဿနာ များကိုပါဖြစ်ပေါ်စေသည်ဟု ကာဇင်ဂျာလာလီကပြောသည်။ ရုရှားနိုင်ငံသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်းက အီရန်နိုင်ငံသို့ အဆင့်မြင့် သမားရိုးကျလက်နက်ပစ္စည်းများနှင့် ဒုံးကျည်ထုတ်လုပ်သည့် နည်းပညာများကို အဓိကလွှဲပြောင်းပေးခဲ့သည့်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသည်။
ရုရှားက အီရန်သို့ လက်နက်ခဲယမ်းများနှင့် ကာကွယ်ရေးနည်းပညာများ လွှဲပြောင်းပေးနေခြင်းသည် အမေရိကန်အစိုးရအတွက် ခေါင်းခဲစရာ ကိစ္စရပ်တစ်ခုဖြစ်လာသည်။ အကြောင်းမှာ အီရန်နိုင်ငံ၏ ဒုံးကျည် များသည် အရှေ့အလယ်ပိုင်းတွင် တပ်ဖြန့်ထားသည့် အမေရိကန်တပ်ဖွဲ့များအား အချိန်မရွေး ပစ်ခတ်နိုင် ကြောင်းကို အီရတ်နိုင်ငံအတွင်းရှိ စစ်အခြေစိုက် စခန်းတစ်ခုအား အီရန်က လက်တွေ့ ပစ်ခတ်ပြသ ခဲ့ပြီးဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့ပြင် အီရန်၌ မည်သို့သောလက်နက်မျိုး ပိုင်ဆိုင်ထားသည်ကို အတိအကျမသိနိုင်ပေ။ ယင်းအချက်ကြောင့် အမေရိကန်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသတွင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အီရန်အား အင်အားသုံးကိုင် တွယ်ရန် တွန့်ဆုတ်နေခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည်။
တစ်ချိန်တည်းမှာပင် ဆက်ဆံရေး တင်းမာမှုများကြောင့် အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏စစ်ရေးစွမ်းရည်ကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ အထူးသဖြင့် နိုင်ငံအတွင်းရှိ သိပ္ပံပညာရှင်တစ်ဦးနှင့် အစ္စလာမ် မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ တပ်မှူးကြီးတစ်ဦး လုပ်ကြံခံရပြီး နောက်ပိုင်းမှစ၍ ဒေသတွင်း၌ ပြောင်းလဲလာသည့် အခြေအနေများကြောင့် နိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့၏ စွမ်းဆောင်ရည် ကိုမြှင့်တင်နိုင်ရန် ဆန္ဒရှိနေသည်ကိုတွေ့ရသည်။
အချုပ်အားဖြင့်ဆိုရပါမူ အီရန် - အမေရိကန်ဆက်ဆံရေးသည် ဒေါ်နယ်ထရမ့်အလွန်တွင် တိုးတက်လာ မည့် အလားအလာရှိသော်လည်း အမေရိကန်အစိုးရသစ်အနေဖြင့် အီရန်အပေါ် ဆက်လက်ဖိအားပေးမည်ဆိုပါက အီရန်-ရုရှားစစ်ရေးပူးပေါင်းမှုသည် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါ သည်။
Ref: Sputnik, AC