အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ - ၁၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အပါအဝင် မြို့နယ် ၁၆ မြို့နယ်တို့ရှိ စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်း ဆောင်ရွက်ပေး ကြသည်။
ထိုသို့ တက္ကသိုလ်များနှင့် စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်မွေးရပ်ကွက်ရှိ တိုက်နယ် ဆေးရုံ၌လည်းကောင်း နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ဆေးရုံဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။