တာဝန်တစ်ရပ်ရပ်ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းထံ ပြန်လာမည်ဟု ကွင်းလယ်ကစားသမားဟောင်း တိုနီခရူးစ်အတည်ပြုပြောကြား

တာဝန်တစ်ရပ်ရပ်ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းထံ ပြန်လာမည်ဟု ကွင်းလယ်ကစားသမားဟောင်း တိုနီခရူးစ်အတည်ပြုပြောကြား

မက်ဒရစ်  နိုဝင်ဘာ  ၁၇

‌ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဟောင်း တိုနီခရူးစ်က တာဝန်တစ်ရပ်ရပ်ဖြင့် အသင်း ဟောင်း    ရီးယဲလ်မက်ဒရစ်အသင်းထံ  တစ်ကျော့ပြန်လာမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

‌အသက် ၃၄  နှစ်အရွယ် ဝါရင့်ကစားသမား  တိုနီခရူးစ်သည်  ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို  ၂၀၀၇ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းနှင့်စတင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ကစားခဲ့ကာ အသင်းတွင် ဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီး     ဆုဖလားများစွာဆွတ်ခူးနိုင်ခဲ့၍ အသင်းဂန္ထဝင်ကစားသမားတစ်ဦးအဖြစ်  သတ်မှတ်ခံခဲ့ရသူဖြစ်သည်။

‌တိုနီခရူးစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီအကုန် က  ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်     ရီးယဲလ်မက်ဒရစ်အသင်းက ထပ်မံသက်တမ်းတိုးစာချုပ်    ချုပ်ဆိုလိုသော်လည်း တိုနီခရူးစ်ကိုယ်တိုင်က ငြင်းဆန်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ   အနားယူခဲ့သူဖြစ်သည်။

‌တိုနီခရူးစ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီး  ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀၆ ပွဲအထိပါဝင်ကစားခဲ့ကာ သွင်းဂိုး ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး   ချန်ပီယံဖလားနှင့်    စပိန်လာလီဂါဖလားအပါအဝင်   ဆုဖလားအများအပြားကို  ဆွတ်ခူးနိုင်ခဲ့သည်။

‌တိုနီခရူးစ်သည် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက် ခွာခဲ့ပြီးနောက်   တခြားအသင်းများသို့  ပြောင်းရွှေ့ကစားခြင်းမရှိတော့ဘဲ      ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှအနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီကိုယ်တိုင်ကလည်း    တိုနီခရူးစ်အနေဖြင့် မကြာမီ အသင်းထံပြန်လာလိမ့်မည်ဟု အတည်ပြုပြောကြားထားသည်။

တိုနီခရူးစ်က "ကျွန်တော် အမြဲတမ်း ရီးယဲလ်မက် ဒရစ်အသင်းနဲ့နီးစပ်မှုရှိပြီး   အသင်းဘက်က  အမြဲ ရပ်တည်သွားမှာပါ။ ဒီကလပ်အသင်းနဲ့ပတ်သက်ပြီး ဘယ်လိုအလုပ်မျိုးကိုလုပ်ဆောင်ရပါစေ ကျွန်တော် ငြင်းဆန်မှာမဟုတ်ပါဘူး။ တာဝန်တစ်ရပ်ရပ်နဲ့အသင်း ထံ ပြန်လာမှာပါ"ဟု ပြောသည်။