လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာရေး လုပ်ငန်းများဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး

လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာရေး လုပ်ငန်းများဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေး မြို့နယ်  အလယ်ကျွန်းကျေးရွာအုပ်စုတံတားကြီးကျေးရွာအတွင်း ရေဝပ်မှု မရှိ စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး အတွက် နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(တည်ဆောက်ရေး-၅)မှ ဆောင်ရွက်သည့် ကျေးရွာရေဆိုးထုတ်မြောင်း ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကွင်းအမှတ် ၁၇၄၃ တွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးဧကများအား နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြေပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အဆိုပါကွင်းအတွင်းရှိယာယီရှင်းလင်းဆောင်၌တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအနေဖြင့် သီးနှံများကိုပန်းတိုင်အထွက်နှုန်းထွက်ရှိစေရေးနှင့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း ပြောကြားကာ တောင်သူများကိုဆောင်းသီးနှံ မတ်ပဲ၊ ပဲပုပ်နှင့် နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် လယ်ဝေးမြို့နယ် ရုံးပင် -  အေးချမ်းသာ  ကျေးရွာချင်းဆက်လမ်း စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြို၍ လမ်းပျက်စီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ်နေပြည်တော် ဘူတာကြီးရှေ့    သီရိမဏ္ဍိုင်လမ်းမပေါ်တွင် လမ်းလယ် ကျွန်း လမ်းဘေးဝဲ/ယာ၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံ မီးပွိုင့်အနီး ရာဇသင်္ဂဟလမ်းမပေါ်နှင့် လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ၊ မြေယာရှုခင်းအလှဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။