ခရိုင်အဆင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် အဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ စည်းလုံးညီညွတ်စွာ လူစွမ်းအား၊ ယာဉ်စက်စွမ်းအား၊ နည်းပညာစွမ်းအားဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးစေရေးအတွက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သင်တန်းသားများမှ ပြည်သူလူထုအား ထိရောက်စွာ ပညာပေးဆောင်ရွက်တတ်စေရန်၊ အဆင့်မြင့် မီးသတ်ယာဉ်များ၏ စွမ်းအားကိုသိရှိ၍ အထပ်မြင့်မီးငြှိမ်းသတ်ရေး၊ စက်ရုံ၊အလုပ်ရုံမီး ငြှိမ်းသတ်ရေးနှင့်ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိမြို့နယ်များမှ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ သင်တန်းသား ၅၀ ဦးဖြင့် နိုဝင်ဘာလ ၁၈ ရက်မှ ၂၉ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာဖွင့်လှစ်လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။