လှိုင်းဘွဲ့မြို့နယ် မဲဆမိတ်ကျေးရွာ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

လှိုင်းဘွဲ့မြို့နယ် မဲဆမိတ်ကျေးရွာ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

လှိုင်းဘွဲ့  နိုဝင်ဘာ  ၁၉

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် မဲဆမိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ    အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၈  ရက်က ကျင်းပသည်။

ရှေးဦးစွာ   မဲဆမိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောစိုးနိုင်ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းစောတို့က    အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊    ဘားအံခရိုင်   ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ပြည်နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ လှိုင်းဘွဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊    မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော     ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လှုပ်ရှားမှုများ၊   သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   ထိန်းသိမ်းစောင့်ရှောက်မှုများ၊ မီးခိုးမြူငွေ့ လျှော့ချနိုင်ရေး၊ ကျေးရွာအတွင်း အမှိုက်တွင်းတူးဖော်ခြင်း၊ အမှိုက်များ  စနစ်တကျစွန့်ပစ်ခြင်း၊   ပြန်လည်အသုံးပြုခြင်း၊     သစ်တောသစ်ပင်များထိန်းသိမ်းစောင့်ရှောက်ခြင်း၊    မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း၊ မူးယစ်ဆေးဝါးနှင့်   လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့ကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ    အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်သည့် ကဗျာများ၊ တေးသီချင်းများ၊ သရုပ်ပြမှုများဖြင့် ဖျော်ဖြေပေးခဲ့ပြီး    မဲဆမိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး   ဒေါ်အိအိသင်းက ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားသည်။

ဆက်လက်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ     မီးသတ်တပ်ဖွဲ့ဝင်များကလက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊မီးဘေးအန္တရာယ်နှင့်ပတ်သက်၍    အသိပညာပေးခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော    မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊      ပြစ်မှုပြစ်ဒဏ်များအကြောင်း နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ   ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။