ဝါးခယ်မမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၄၂၇ ဧကရိတ်သိမ်းပြီးစီး  

ဝါးခယ်မမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၄၂၇ ဧကရိတ်သိမ်းပြီးစီး   
 

ဝါးခယ်မ  နိုဝင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး    မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မိုးစပါး၄၂၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းမြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်၏ပြောပြချက်အရ သိရသည်။

ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက ဝါးခယ်မမြို့နယ်၌ မိုးစပါး ၂၁၃၂၁၆ ဧကအထိလျာထားစိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါမိုးစပါးများကို အောက်တိုဘာလပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ၄၂၇  ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ရိတ်သိမ်းပြီးဖြစ်သည့် မိုးစပါးများ တစ်ဧကလျှင် ၉၀ ဒသမ ၆၅ တင်းခန့်ထွက်ရှိကြောင်း သိရသည်။''ဝါးခယ်မမြို့နယ်တစ်ခုလုံးအနေနဲ့ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ  မိုးစပါး ၂၁၃၂၁၆ ဧကအထိ လျာထားစိုက်ပျိုးခဲ့ပါတယ်။  

စိုက်ပျိုးထားတဲ့မိုးစပါးတွေကိုပြန်လည်ရိတ်သိမ်းရာမှာ လက်ရှိအချိန်ထိ ၄၂၇ ဧက ရိတ်သိမ်းပြီးဖြစ်ပါတယ်။ရိတ်သိမ်းခဲ့တဲ့စပါးတွေတစ်ဧကချင်းအထွက်နှုန်းကောင်းခဲ့သလို စပါးအရည်အသွေးလည်း ကောင်းပါတယ်။  ဝါးခယ်မမြို့နယ်အပါအဝင်  မြောင်းမြခရိုင်အတွင်းက    မြို့နယ်တွေမှာ   မိုးစပါးစိုက်ပျိုးဖို့စတင်မစိုက်မီအချိန်ကတည်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  တောင်သူနည်းပညာပေးလုပ်ငန်းတွေကို  ကြိုတင်ဆောင်ရွက်ပေးခဲ့ပါတယ်'' ဟု  ဒေါ်ခင်ဌေးမြင့်ကပြောသည်။ 

ဝါးခယ်မမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက     မိုးစပါးလျာထား ၂၁၃၂၁၆ ဧကတွင် ဆင်းသုခ၊ GW-11၊ ပခမ်း၊ GW -3၊  ဧရာမင်း၊ မှော်ဘီ- ၁၊ ထိုင်းဘေးကျား၊ ရက် ၉၀၊ သီးထပ်ရင်၊ နှံကား၊ မှော်ဘီ- ၃၊ နယူးဧရာ- ၁၊  GW- 18 စသည့်စပါးအမျိုးအစားများကို အများဆုံးစိုက်ပျိုးခဲ့ကြောင်း၊  အဆိုပါမိုးစပါးများ လျာထားဧကအတိုင်း စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။