အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Asian Forest Cooperation Organization-AFoCO)

 

 

အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Asian Forest Cooperation Organization-AFoCO)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့သစ်တောမူဝါဒ ပဓာနအချက်(၆)ချက်နှင့်အညီ မြန်မာ့သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေး၊သစ်တောထွက်ပစ္စည်းများ ရေရှည်စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန် စီမံအုပ်ချုပ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများအောင်မြင်စွာ တည်ထောင်စိုက်ပျိုးရေး၊ သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းကျဆင်းခြင်းမှကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကမ်းရိုးတန်းဒေသများ စီမံအုပ်ချုပ်ရေးနှင့်ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်ပါ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအောင်မြင်စေရေး၊ ပါရီညီလာခံသဘောတူညီချက်ပါ နိုင်ငံအလိုက်ကတိကဝတ်များအောင်မြင်စေရေး စသည့်လုပ်ငန်းများကို နိုင်ငံတော်ကပြည်ထောင်စုနှင့်တိုင်းဒေသကြီးရန်ပုံငွေများအသုံးပြုပြီး ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရန်ပုံငွေနှင့် နည်းပညာအကူအညီအထောက်အပံ့များရယူကာ  စီမံကိန်းလုပ်ငန်းများ(Projects)  ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

သစ်တောဦးစီးဌာနနှင့်ရန်ပုံငွေနှင့် နည်းပညာအကူအညီပေးအပ်နေသော ပူးပေါင်းလုပ်ကိုင်နေသည့်နိုင်ငံတကာအဖွဲ့အစည်းများအနက်မှ AFoCO အဖွဲ့အစည်းအကြောင်းကို မျှဝေတင်ပြအပ်ပါသည်။

 အဖွဲ့အစည်းဖြစ်ပေါ်လာမှုသမိုင်းကြောင်း အကျဉ်းချုပ်

အဖွဲ့အစည်းဆိုင်ရာ အချက်အလက်များ အာရှဒေသသစ်တောကဏ္ဍ  ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (Asian Forest Cooperation Organization-AFoCO)သည် အာရှနိုင်ငံများအတွင်း အစိုးရအဖွဲ့အစည်းများအကြား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး၊ နည်းပညာဆိုင်ရာကူညီထောက်ပံ့ပေးရေးနှင့် ထာဝစဉ်တည်တံ့စေမည့်သစ်တောစီမံအုပ်ချုပ်မှု (Sustainable Forest Mana-gement)နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများလျော့ပါးသက်သာစေရေးလုပ်ငန်းများ၊ လက်တွေ့လုပ်ကိုင်ရာတွင် မူဝါဒအုတ်မြစ်ခိုင်မာစေရေး ရည်ရွယ်လျက်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

၂၀၀၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဂျေဂျူး“Jeju , South Korea”တွင်  တောင်ကိုရီးယားနိုင်ငံနှင့်  အရှေ့တောင်အာရှနိုင်ငံများ (ASEAN) ၏ထိပ်သီးဆွေးနွေးပွဲတွင် AFoCO ဖွဲ့စည်းရန် စတင်အဆိုပြုတင်ပြခဲ့ပါသည်။ အာဆီယံနိုင်ငံ အကြီးအကဲများကလည်းဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင်အင်ဒိုနီးရှားနိုင်ငံ   ဘာလီမြို့၌   ကျင်းပခဲ့သော(၁၄)ကြိမ်မြောက်  အာဆီယံ-ကိုရီးယားထိပ်သီးညီလာခံတွင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအကြား သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ထိုသဘောတူညီမှုသည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၅  ရက်မှ  စတင်သက်ဝင်လှုပ်ရှား သက်ရောက်လာခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင်အခြားသော အာရှတိုက်ရှိနိုင်ငံများဖြစ်သော ဘူတန်၊ ကာဇက်စတန်၊ မွန်ဂိုလီးယားနှင့်အရှေ့တီမောနိုင်ငံတို့ကိုလည်း ဖိတ်ကြား၍  ရှင်းလင်းဆွေးနွေး ဖိတ်ခေါ်ခဲ့ကြပါသည်။

ဆက်လက်၍ တောင်ကိုရီးယားနိုင်ငံ၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြားသော  အလားအလာရှိသည့်နိုင်ငံများအနေဖြင့် AFoCO ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ  သဘောတူညီမှုရရှိရေးအတွက် ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆွေးနွေးပွဲ(၆)ကြိမ် အောင်မြင်စွာကျင်းပ၍ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်တွင် AFoCO တည်ထောင်ရေးသဘောတူညီချက်ပြဋ္ဌာန်းကာ ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်မှစတင်၍ အာဏာသက်ဝင်လှုပ်ရှား   လုပ်ကိုင်လာခဲ့ပါသည်။

 မျှော်မှန်းချက်များ (AFoCO’s Vision)

“အာရှဒေသနေပြည်သူများ၏  လူမှုစီးပွားဘဝတည်ငြိမ်တိုးတက်စေရေး၊  သစ်တောနှင့် သယံဇာတအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေးနှင့်စိမ်းလန်းသော  အာရှဒေသတစ်ခုအဖြစ် ရေရှည်ရပ်တည်ရှင်သန်ရေး” မျှော်မှန်းချက်များ ထားရှိဆောင်ရွက်လျက်ရှိနေပါသည်။

လုပ်ငန်းတာဝန်များ (AFoCO Mission)

အာရှဒေသ၏ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေး၊ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် မူဝါဒဆိုင်ရာထောက်ပံ့ပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကိုတွန်းလှန်ရာတွင်သက်ဆိုင်သူများအားလုံး အတူတကွပူးပေါင်းပါဝင် လုပ်ကိုင်လာစေရေးတို့ကို အဓိကလုပ်ငန်းတာဝန်များအဖြစ်   လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များ

ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များမှာ-

(က) ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှု

(ခ)  သစ်တော အတန်းအစားကျဆင်းခြင်းနှင့်သစ်တောပြုန်းတီးမှုမှ ကာကွယ်ခြင်း

(ဂ)  ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့်သစ်တောကာဗွန်တိုးတက်စေခြင်း

(ဃ) သစ်တောကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ အောင်မြင်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းစဉ်များ ထောက်ပံ့ပေးရေး၊ အဓိကအင်္ဂါရပ်(၂)ခု(Main Organs of AFoCO)

AFoCO အဖွဲ့အစည်း၏ အဓိကအင်္ဂါရပ်(၂)ခုမှာ

(က) မျက်နှာစုံညီအစည်းအဝေး (Assembly) နှင့် ( ခ ) ဌာနချုပ်ရုံး(Secretariat) တို့ ဖြစ်ကြသည်။

(က) မျက်နှာစုံညီအစည်းအဝေး (Assembly)

AFoCO အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ပေးစွမ်းသော စုဖွဲ့ထားရှိသည့်အရာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းမှအဆင့်မြင့်သစ်တောအရာရှိကြီးများ ကိုယ်စားပြုပါဝင်ကြသည်။

( ခ ) ဌာနချုပ်ရုံး(Secretariat)

AFoCO ဌာနချုပ်ရုံးကို တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင် ရုံးစိုက်အခြေပြုဆောင်ရွက်လျက်ရှိပြီးဌာနချုပ်ရုံးကို ဦးဆောင်ညွှန်ကြားရေးမှူး (Executive Director)က စီမံအုပ်ချုပ်ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တော်ကြီးများပါဝင်သော မျက်နှာစုံညီအစည်းအဝေးမှရွေးချယ်တင်မြှောက်ခြင်းဖြစ်ပါသည်။

AFoCO အဖွဲ့အစည်း၏ ဦးဆောင်ညွှန်ကြားရေးမှူးများ AFoCO  အဖွဲ့အစည်း၏  ဦးဆောင်ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းကိုတင်ပြအပ်ပါသည်။

အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ မူဝါဒရေးရာ (၁၀) ချက် မူဝါဒရေးရာ (၁၀)ချက်ကို ဦးထိပ်ထား၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

(က) အာရှနှင့်ပစိဖိတ်ဒေသ၏  သစ်တောမြေယာရှုခင်း ပြန်လည်တည်ထောင်ရန်၊

( ခ )          သစ်တောအခြေခံသော     ရာသီဥတုပြောင်းလဲမှုနှင့်   လိုက်လျောညီထွေစွာနေထိုင်တတ်စေရန်၊

( ဂ )         လူထုအခြေပြုသစ်တောစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊

(ဃ)          သစ်တောကဏ္ဍတွင် ပြည်သူနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

( င )          သစ်တောမီး စီမံအုပ်ချုပ်ရေးအတွက်စုပေါင်းဆောင်ရွက်သော သတင်းအချက်အလက်စနစ်ဖော်ဆောင်ရန်၊

( စ )          ဂေဟစနစ် ဝန်ဆောင်မှုပေးချေခြင်းစနစ်ဖော်ဆောင်ရန်၊

(ဆ)          သစ်တောပြစ်မှုများ ထိန်းချုပ်ရေးနှင့် ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရန်၊

( ဇ )         သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းစဉ်နှင့်သစ်တောမြေယာရှုခင်း    ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဟန်ချက်ညီမျှတစွာ    ပေါင်းစပ်လုပ်ကိုင်သွားရန်၊

( ဈ )         အာရှတိုက်၏  သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်သက်ဆက်နွှယ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊

(ည)          ပဲရစ်သဘောတူညီချက်ပါ  ကာဗွန် အကျိုးအမြတ်နှင့်  ရာသီဥတုဆိုင်ရာ  ရန်ပုံ ငွေလိုအပ်ချက်ကို ရှာဖွေထောက်ပံ့ပေးရန်တို့ ဖြစ်ကြပါသည်။

အဖွဲ့ဝင် (၁၅) နိုင်ငံနှင့် လေ့လာသူနှစ်နိုင်ငံစာရင်း

အဖွဲ့ဝင်နိုင်ငံ(၁၅)နိုင်ငံမှာ (၁) ဘူတန်၊ (၂) ဘရူနိုင်းဒါရူဆလမ်၊ (၃) ကမ္ဘောဒီးယား၊ (၄) အင်ဒိုနီးရှား၊(၅) ကာဇက်စတန်၊ (၆) လာအို၊  (၇) မွန်ဂိုလီးယား၊(၈) မြန်မာ၊ (၉) ဖိလစ်ပိုင်၊ (၁၀) တောင်ကိုရီးယား၊(၁၁) ထိုင်း၊ (၁၂) တီမောလက်စ်တေ၊ (၁၃) ဗီယက်နမ်၊(၁၄) တာဂျစ်ကစ္စတန်နှင့် (၁၅) ခရိုင်ဆက်စတန်နိုင်ငံတို့ဖြစ်ကြသည်။   လေ့လာသူနှစ်နိုင်ငံမှာမလေးရှားနှင့် စင်ကာပူနိုင်ငံတို့ဖြစ်ကြသည်။

မဟာဗျူဟာမြောက်ဦးစားပေးအစီအစဉ်များ(Strategic Priorities)

AFoCO အဖွဲ့အစည်းအနေဖြင့် ၂၀၁၉ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ကြာကာလအတွင်း မဟာ ဗျူဟာမြောက် ဦးစားပေးအစီအစဉ်များရေးဆွဲ၍ လုပ်ငန်းစီမံကိန်းများကို အဖွဲ့ဝင်နိုင်ငံများတွင်လက်တွေ့အကောင်အထည်ဖော်အောင်မြင်အောင်ဆောင်ရွက်လျက်ရှိပါသည်။

(က)          သစ်တောပြန်လည်ထူထောင်ခြင်း စံပြလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း သစ်တောဂေဟစနစ်များ သဘာဝနေရင်းဒေသများနှင့် ဒေသနေပြည်သူများ၏လူမှုစီးပွားဘဝ အထောက်အကူပြုစေရန် ရည်ရွယ်လျက် သစ်တောပြန်လည်စိုက်ပျိုးခြင်းနှင့် ဂေဟစနစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဒေသများရွေးချယ်လုပ်ကိုင်ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

( ခ ) ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမှုရှိစွာ နေထိုင်နိုင်ရေးအတွက်သုတေသနနှင့်     ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း အားနည်းချက်ရှိသော အဖွဲ့ဝင်နိုင်ငံများတွင်မူဝါဒချမှတ်ရေးဆိုင်ရာများ၊ သိပ္ပံနည်းကျလေ့လာခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ရာတွင်သင့်လျော်သော နည်းစနစ်များနှင့် ချဉ်းကပ်မှုနည်းလမ်းများအသုံးပြုစေရေး ထောက်ပံ့ကူညီမှုပြုပေးရန်ဖြစ်ပါသည်။

( ဂ )          သစ်တောနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ  စီမံခန့်ခွဲရာတွင်ထိရောက်သောနည်းပညာများ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း သစ်တောနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ နည်းပညာအသုံးပြုကာ ကြိုတင်ကာကွယ်ရေးနှင့်ထိရောက်သောတုံ့ပြန်ထိန်းချုပ်နိုင်စွမ်းအားများရရှိစေရေး နမူနာပြလုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးသွားရန်ဖြစ်သည်။

(ဃ) ဒေသနေပြည်သူများ၏ လူမှုဘဝတိုးတက်စေရေးနှင့် လူထုအခြေပြုအသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးခြင်း        ဂေဟစနစ်ဝန်ဆောင်မှုပေးချေခြင်းစနစ်ဆောင်ရွက်ရန် နည်းလမ်းပြသပေးခြင်း၊ သစ်တောအခြေပြုနှင့်  လူထုအခြေပြုအသေးစားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက်သင့်လျော်သော  လက်မှုလုပ်ငန်းသင်တန်းများ  ပို့ချပေးခြင်း၊ဝင်ငွေတိုးအခွင့်အလမ်းများ  ဖန်တီးပေးခြင်း၊ ဥယျာဉ်သီးနှံနှင့် စားသုံးသီးနှံပင်များကို  သစ်တောစိုက်ခင်းများတွင်   စုစည်းစိုက်ပျိုးစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိစေမည့်လုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်သည်။

(င) အဖွဲ့အစည်းများ၏  စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်းနှင့် ဒေသတွင်းတိုးတက်ရေးလုပ်ငန်းများအား စုပေါင်းစုစည်းဆောင်ရွက်ပေးခြင်း        အဖွဲ့ဝင်နိုင်ငံများအတွင်းရှိ  သစ်တောအဖွဲ့အစည်းများ၏  လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်   တိုးတက်မြင့်မားစေရေးနှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ချဲ့ထွင်ကာ ပိုမိုထိရောက်အောင်မြင်စွာစုပေါင်းလုပ်ဆောင်တတ်စေရန်လေ့ကျင့်ပညာပေးခြင်းတို့ကိုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

“အာရှဒေသ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (Asian Forest Cooperation Organization -AFoCO) အဖွဲ့အစည်းနှင့် AFoCO RETC သင်တန်းကျောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၇)နှစ်ပြည့်(၂၀၁၈ ခုနှစ်မှ  ၂၀၂၄ ခုနှစ်အထိ) အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံအပါအဝင်   အဖွဲ့ဝင်နိုင်ငံများ၏သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူများ၏လူမှုစီးပွားဘဝတည်ငြိမ်တိုးတက်စေရေးတို့ကို ဆောင်ရွက်ပေးနေသော  “အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” AFoCOအဖွဲ့အစည်း၊ ကိုရီးယား-မြန်မာချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေးနှင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုအဓွန့်ရှည်တည်တံ့ပါစေကြောင်း  ရေးသားလိုက်ရပါသည်။     ။