ကိုဗစ်-၁၉ အလွန် ကျန်းမာရေးဆိုင်ရာကိန်းဂဏန်းတချို့အားလေ့လာခြင်း

ကမ္ဘာ့ကျန်းမာရေးမြင်ကွင်းကျယ်
 

(ကိုဗစ်-၁၉ အလွန် ကျန်းမာရေးဆိုင်ရာကိန်းဂဏန်းတချို့အားလေ့လာခြင်း)

ကိုဗစ်-၁၉ ကပ်ရောဂါသည်    ကမ္ဘာတစ်လွှား      အများပြည်သူကျန်းမာရေး
အခြေအနေနှင့်ပတ်သက်၍     အကြီးအကျယ်ကသောင်းကနင်းဖြစ်စေခဲ့သည်။ ကျန်းမာရေး၊ စီးပွားရေး၊ မိသားစုများနှင့် လူ့အဖွဲ့အစည်းများအပေါ်    ကိုဗစ်-၁၉ကပ်ရောဂါကြောင့်  စိတ်မကောင်းစရာ သက်ရောက်မှုများအား ကမ္ဘာတစ်လွှားတွေ့မြင်ခဲ့ရသည်။ ဆက်လက်ပြီးလည်း ကပ်ရောဂါ၏    ဆိုးကျိုးသက်ရောက်မှုအကြွင်းအကျန်များကို   တွေ့မြင်ရဖွယ်ရှိသည်။ ကမ္ဘာ့ဒေသများတွင် ကိုဗစ်-၁၉ လှိုင်းများအလိုက် ထိခိုက်ခဲ့ရမှုများမတူခဲ့ပေ။  အမေရိက၊ ဥရောပနှင့် မြေထဲပင်လယ်ဒေသများတွင် ၂၀၂၀ ပြည့်နှစ်   ကိုဗစ်-၁၉  ပထမလှိုင်းနှင့်    ဒုတိယလှိုင်းများမှာ ထိခိုက်မှုပမာဏအလွန်များပြားခဲ့ပြီးအရှေ့တောင်အာရှနှင့် အာဖရိကဒေသများတွင်    ဒယ်လ်တာလှိုင်းဟုခေါ်သည့် ကိုဗစ်-၁၉  တတိယလှိုင်းကာလတွင် ထိခိုက်မှုပမာဏ ပိုမိုများပြားခဲ့သည်။

သိပ္ပံနှင့် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ   လူသားများ၏  ကျန်းမာမှု၊ အသက်ရှည်မှုနှင့် ရောဂါဘယကင်းရှင်းမှုတွင်    တိုးတက်မှုများရှိလာခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်အထိ ဆေးကုသမှု၊   ရောဂါကာကွယ်ရေး  စသည့် နယ်ပယ်များတွင် ဖြစ်ထွန်းတိုးတက်မှုများသည်  လူ့သက်တမ်းကို  များစွာတိုးလာစေခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်အသစ်ကို    ရင်ဆိုင်ရသည့်အချိန်တွင် လူသားများ အနေဖြင့် မိမိတို့၏ ကျန်းမာရေးဆိုင်ရာ    ဖွံ့ဖြိုးတိုးတက်မှုများမှာ လုံလောက်မှု မရှိကြောင်းနှင့် အားရ ဖွယ်မဟုတ်ကြောင်း၊ စိတ်အားလျော့စရာပင်ဖြစ်ခဲ့ကြောင်း မျက်ဝါးထင်ထင် တွေ့ရှိခဲ့ရပြီးလည်း ဖြစ်သည်။ သို့နှင့်တိုင် ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုကြားထဲမှ အချိန်တိုအတွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်း နည်းပညာ များ၊ လိုအပ်သည့် ကာကွယ်ဆေးပမာဏ အား အချိန်တိုအတွင်း စံချိန်တင်ထုတ်လုပ် ဖြန့်ချိခြင်းနည်းလမ်းများ၊ ရောဂါထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အဆိုးထဲမှ အကောင်းဆိုသလို ဖော်ထုတ်ရရှိခဲ့သည်။ ကိုဗစ်-၁၉ ကာလနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ     ကျန်းမာရေး အခြေအနေအပေါ်  သက်ရောက်မှုများကိုဖော်ပြ ထားသည့် ကိန်းဂဏန်းတချို့အား ၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအစီရင်ခံစာများမှတစ်ဆင့် အနည်းငယ်ထုတ်နုတ်မီးမောင်းထိုး  တင်ပြလိုပါ သည်။

မျှော်မှန်းလူ့သက်တမ်းအခြေအနေ

မျှော်မှန်းလူ့သက်တမ်းသည် ပုံမှန်တိုးတက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ပျမ်းမျှ လူ့သက်တမ်းသည် ၆၆ ဒသမ ၈ နှစ်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၇၃ ဒသမ ၁ နှစ်အထိရှိခဲ့သည်။ ထိုနည်းတူ ကျန်းမာသောဘဝမျှော်မှန်းသက်တမ်း   (Healthy Life expectancy) သည်  ၅၈ ဒသမ ၁ နှစ်မှ ၆၃ ဒသမ ၅ နှစ်အထိ တိုးတက်ခဲ့ပါသည်။သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုသည်   အဆိုပါတိုးတက်ဖြစ်ထွန်းမှုကို  နောက်ပြန် ဆုတ်သွား စေခဲ့သည်။  ကိုဗစ်-၁၉ ကပ်ရောဂါသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက   ရရှိခဲ့သည့် မျှော်မှန်းလူ့သက်တမ်းနှင့် ကျန်းမာသော ဘဝမျှော်မှန်းသက်တမ်းတို့ကို ပြောင်းလဲစေခဲ့ပါ သည်။ ၂၀၂၀ ပြည့်နှစ်တွင် မျှော်မှန်း လူ့သက်တမ်းနှင့်  ကျန်းမာသောဘဝမျှော်မှန်းလူ့သက်တမ်းတို့သည်  ၂၀၁၆ ခုနှစ်အခြေအနေ (၇၂ သမ ၅ နှစ်၊ ၆၂ ဒသမ ၈ နှစ်)သို့ ကျဆင်းသွားစေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းနှစ်များတွင်လည်း ၂၀၁၂ ခုနှစ်အခြေအနေ(၇၁ ဒသမ ၄ နှစ်နှင့် ၆၁ ဒသမ ၉ နှစ်)သို့ ကျဆင်းသွားစေခဲ့ သည်ကိုတွေ့ရှိရသည်။ အဓိကကျဆင်းသွားခဲ့သည့်ဒေသများမှာ အမေရိကဒေသများ နှင့် အရှေ့တောင်အာရှဒေသများပင် ဖြစ်သည်။ ယင်းဒေသများတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မျှော်မှန်းလူ့သက်တမ်းသည် သုံးနှစ်ကျဆင်းခဲ့ပြီး ကျန်းမာသောဘဝ မျှော်မှန်းသက်တမ်းသည် ၂ ဒသမ ၅ နှစ် ကျဆင်းခဲ့ပါသည်။ ထုံးစံအတိုင်း ဝင်ငွေမြင့်နိုင်ငံများအနေဖြင့်       ဝင်ငွေ အလယ်အလတ်နှင့် နိမ့်ပါးသည့်နိုင်ငံများမှာထက် အသက်ပိုရှည်စွာနှင့် ကျန်းမာစွာ ဆက်လက်နေထိုင်နိုင်ခဲ့ပါသည်။ သို့တိုင်  အဆိုပါနိုင်ငံများတွင်လည်း    မျှော်မှန်းလူ့သက်တမ်းဆိုင်ရာ  တိုးတက်မှုနှေးကွေးတုံ့ဆိုင်းခြင်းများ ဖြစ်ခဲ့ သည်။

ရောဂါများ၏ဝန်ထုပ်ဝန်ပိုးပြောင်းလဲလာခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်     လူ့သက်တမ်းများကို ခိုက်စေရုံမျှမက သေဆုံးရသည့်အကြောင်းရင်းအုပ်စုကိုလည်း ပြောင်းလဲစေခဲ့သည်။    သေဆုံးရခြင်းအကြောင်း ရင်းများ ကို ကူးစက်ရောဂါများကြောင့်၊ မကူးစက်ရောဂါများကြောင့်နှင့် ထိခိုက် ဒဏ်ရာများကြောင့်ဟူ၍ အဓိကအုပ်စု သုံးခုခွဲခြားသတ်မှတ်လေ့လာလေ့ရှိသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၀၀ ပြည့်နှစ်တွင် မကူးစက်ရောဂါများကြောင့် သေဆုံးရမှုသည်  သေဆုံးမှုများ၏  ၅၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကူးစက်ရောဂါများကြောင့် သေဆုံးရမှုသည် ၃၂ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် မကူးစက်ရောဂါဖြင့် သေဆုံးရမှုသည် သေဆုံးမှုများ၏ ၇၃ ဒသမ ၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ကူးစက်ရောဂါကြောင့် သေဆုံး ရမှုသည် ၁၈ ဒသမ ၂ ရာခိုင်နှုန်းခန့်အထိ င်းလဲမှုရှိခဲ့သည်။    ဆိုလိုသည်မှာ ကူးစက်ရောဂါကြောင့်  သေဆုံးရမှုသည် တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သည့်နောက်တွင် ကူးစက်ရောဂါဖြင့် သေဆုံးရမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၃ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ၂၈ ဒသမ ၁ ရာခိုင်နှုန်းအထိပြန်လည်မြင့်တက်ခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများသည် ၂၀၀၅ ခုနှစ် အခြေအနေသို့ တစ်ဖန်ပြန်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း  တွေ့ရသည်။  မကူးစက်ရောဂါဖြင့် သေဆုံးရမှုမှာ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁  ခုနှစ်များတွင် ဆုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းနှင့် ၆၅ ဒသမ ၃ ရာခိုင်နှုန်းများသို့ အသီးသီးကျဆင်းခဲ့သည်။   ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးရသူအရေအတွက်မှာ ၄ ဒသမ ၁ သန်းနှင့် ၈ ဒသမ ၈ သန်း အသီးသီးရှိခဲ့ပြီး သေဆုံးရခြင်းရောဂါ ထိပ်တန်းသုံးခုတွင် ပါဝင်ခဲ့သည်။ အမေရိကဒေသများ၌ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ ရောဂါသည်သေဆုံးရခြင်း အကြောင်းရင်းများအနက် ပထမနေရာတွင် ရှိနေခဲ့သည်။ အာဖရိကနှင့်အနောက်ပစိဖိတ်ဒေသများ မှအပ  ကျန်ကမ္ဘာ့ဒေသများတွင် ကိုဗစ်- ၁၉ ရောဂါသည် သေဆုံးရခြင်းရောဂါများ အနက်    ပထမ ငါး နေရာတွင်ရှိခဲ့သည်။
အဆိုပါပြောင်းလဲမှုများသည် ဝင်ငွေနိမ့် တိုင်းပြည်များတွင် သိသာထင်ရှားမှုမရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဝင်ငွေနိမ့် တိုင်းပြည်များတွင် မူလကတည်းကကူးစက်ရောဂါဖြစ်ပွားမှုများ အထိုက် အလျောက်    ရှိနေကြသဖြင့်ဖြစ်သည်။ ဝင်ငွေမြင့်တိုင်းပြည်များတွင်မူ ကူးစက်ရောဂါများသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာမှသာ ပိုမိုထိတွေ့ခံစားလာရသဖြင့် အဆိုပါတိုင်းပြည်များတွင် အချိုးအစားပြောင်းလဲမှုကို    ပိုမိုထိခိုက်ခံစားခဲ့ရသည်။ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် သေဆုံးမှုအများဆုံး ဖြစ်စေသည့် ထိပ်တန်းရောဂါ ၁၀ မျိုးမှာ နှလုံးသွေးကြောရောဂါ၊ ကိုဗစ်-၁၉ ရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ခြင်းဆိုင်ရာ   ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမားနှင့်ဆက်စပ်ရောဂါ၊ဆီးချို ရောဂါ၊ ကျောက်ကပ်ရောဂါ၊   တီဘီရောဂါ စသည်တို့ အစဉ်လိုက်အတိုင်းဖြစ်ပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါ သေဆုံးမှုညွှန်းကိန်းများ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ တွင်ပါရှိသော ကျန်းမာရေးဆိုင်ရာရည်မှန်းချက်များနှင့် ပတ်သက် ၍ အများစုသည် မှန်းချက်များမရရှိသေးသော်လည်း မှန်ကန်သော လမ်းကြောင်းပေါ်တွင်ရှိနေဆဲ ဖြစ်သည်။ မိခင်နှင့်ကလေးသေဆုံးနှုန်းလျှော့ချနိုင်ရေးသည် အရေးကြီးသော မျှော်မှန်းချက်ဖြစ်သည်။ မိခင်သေဆုံးနှုန်းအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သိသိသာသာကျဆင်းခဲ့သည်။ မိခင်သေဆုံးမှုမှာ ၂၀၀၀ ပြည့်နှစ်တွင် အရှင်မွေးဖွားမှုတစ်သိန်းတွင်   ၃၃၉  ရှိခဲ့ရာမှ၂၀၁၅ ခုနှစ်တွင် ၂၂၇ အထိကျဆင်းခဲ့ပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် မိခင် သေဆုံးနှုန်းကို အရှင်မွေးဖွားမှုတစ်သိန်းတွင် ၇၀ ဦးအောက်အထိလျှော့ချနိုင်ရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ၂၂၃ ဦးအထိရှိဆဲဖြစ်ရာ ကလေးမွေးစဉ် မိခင်သေဆုံးနှုန်းကျဆင်းမှုမှာ တုံ့ဆိုင်းနေသည်ကို တွေ့ရှိရသည်။ ငါးနှစ်အောက်ကလေးသေဆုံးမှုမှာ ၂၀၀၀ ပြည့်နှစ်တွင် ၉ ဒသမ ၉ သန်း ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၉ သန်းအထိကျဆင်းခဲ့သည်။ မွေးကင်းစကလေး သေဆုံးမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင်၄ ဒသမ ၁ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်၂ ဒသမ ၃ သန်းအထိ ကျဆင်းခဲ့ပါသည်။ မွေးကင်းစကလေးသေဆုံးမှုများသည် ၅ နှစ်အောက်ကလေးသေဆုံးမှုတွက်ချက်မှုတွင် ကြီးမားသည့် အချိုးအစားတစ်ခုအနေဖြင့် ပါဝင်နေသည်။ အဆိုပါငါးနှစ်အောက်ကလေးသေဆုံးမှုထဲတွင်    မွေးကင်းစ
ကလေးသေဆုံးမှုပါဝင်သော အချိုးအစားမှာ ၂၀၀၀ ပြည့်နှစ်တွင် ၄၁ ရာခိုင်နှုန်းခန့် ရှိပြီး ၂၀၂၂  ခုနှစ်တွင်  ၄၇ ရာခိုင်နှုန်းအထိ အသီးသီးရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာကြောင့်သေဆုံးမှုများ

ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ ယာဉ်အစီး ရေသိသိသာသာတိုးပွားလာမှုများရှိသည့်  တိုင် ယာဉ်တိုက် ခိုက်မှုကြောင့်သေဆုံးမှုမှာ   လျော့ကျလျက်ရှိရာ  တစ်ကမ္ဘာလုံးအတိုင်းအတာအရ  ယာဉ်မတော်တဆမှု ကြောင့် သေဆုံးမှုမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁ ဒသမ ၂၅ သန်းရှိခဲ့သော်လည်း ၂၀၂၁ခုနှစ်တွင် ၁ ဒသမ ၁၈ သန်းရှိကြောင်းသိရသည်။မိမိကိုယ်ကိုအဆုံးစီရင်မှုကြောင့် သေဆုံးမှုအနေဖြင့်   ၂၀၀၀  ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး    အတိုင်းအတာအားဖြင့် ၇၆၂၀၀၀   ခန့်ရှိခဲ့ပြီး    ၂၀၂၁ ခုနှစ်တွင် ၇၁၇၀၀၀  ခန့်ရှိခဲ့ကြောင်း သိရှိရသည်။ မိမိကိုယ်ကိုအဆုံးစီရင်မှုနှင့်ပတ်သက်၍ အမျိုးသားများမှာ အမျိုးသမီးများထက်  နှစ်ဆကျော်ခန့်များပြားကြောင်း   တစ် ကမ္ဘာလုံးအနေဖြင့်    အမေရိကဒေသ၌ အများဆုံးဖြစ်ပြီး အရှေ့မြေထဲပင်လယ် ဒေသသည် အနည်းဆုံးဖြစ်ကြောင်း သိရှိရသည်။ အသတ်ခံရမှု ကြောင့် သေဆုံးရမှု အနေဖြင့် တစ်ကမ္ဘာလုံး၌ ၂၀၀၀ ပြည့်နှစ် တွင် ၄၇၈၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်၄၈၁၀၀၀ ခန့်ရှိကြောင်း၊ အမျိုးသားဦးရေ ပိုများကြောင်း၊ အမေရိကဒေသများတွင်  အများဆုံး ဖြစ်ကြောင်း  သိရှိရသည်။ ကြိုတင်ကြံရွယ်ချက်မရှိဘဲ      အဆိပ် အတောက်မိသေဆုံးရမှုအနေဖြင့်   တစ်ကမ္ဘာလုံးအချက်အလက်များအရ ၂၀၀၀ ပြည့်နှစ်တွင် ၆၃၀၀၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ် တွင်  ၅၉၀၀၀  ခန့်ရှိကြောင်း၊ အမျိုးသား ဦးရေ ပိုမိုများကြောင်းသိရှိရသည်။ မကူး စက်ရောဂါများကြောင့် သေဆုံးရမှုသည် ရောဂါစောစီးစွာရှာဖွေတွေ့ရှိမှု၊     ကျန်းမာသောနေထိုင်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့် ခေတ်မီကုထုံးများတိုးတက်လာခြင်း စသည်တို့ကြောင့် မကူးစက်ရောဂါများဖြင့်အရွယ် မတိုင်မီ သေဆုံးရမှုများကို လျှော့ချနိုင်ခဲ့သည်။   အဓိကမကူးစက် ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ ကင်ဆာ ရောဂါ၊   နာတာရှည်အဆုတ်ရောဂါနှင့်ဆီးချိုရောဂါများကြောင့် အရွယ်မတိုင်မီသေဆုံးရနိုင်ခြေသည်    တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၂၀၀၀ ပြည့်နှစ်တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကိုဗစ်-၁၉   ရောဂါ  မတိုင်မီကာလတွင် ၁၈ ဒသမ ၂   ရာခိုင်နှုန်းအထိလျော့ကျခဲ့ သည်။   ကိုဗစ်-၁၉  ကပ်ရောဂါကာလတွင် မကူးစက်ရောဂါများနှင့်ပတ်သက် ၍  ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သော ဆေးပေးခြင်း၊  ရောဂါဖြစ်ပွားမှုကို တစ်ဦးချင်း  စောင့်ကြည့်ကုသပေးခြင်း လုပ်ငန်းစဉ်များမှာ  ရပ်ဆိုင်းလုနီးပါးဖြစ်ခြင်းနှင့် အဆိုပါမကူးစက်ရောဂါများ ကိုယ် ၌က ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့်အတူ   ရောဂါပိုမိုဆိုးရွားနိုင်ခြေရှိခြင်း၊ မကူးစက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ်-၁၉  ရောဂါကူးစက် ခံရပါက   သေဆုံးနိုင်ခြေ မြင့်မားခြင်း စသည်တို့ကြောင့် ကိုဗစ်-၁၉ ကာလများတွင် မကူးစက်ရောဂါများအခြေအနေနှင့်ပတ်သက်၍ တိကျသေချာသည့် အချက်အလက်များရရှိရန် ခဲယဉ်းခဲ့သည်။ ဆိုလိုသည်မှာ ဥပမာ- ကိုဗစ်-၁၉ ကြောင့်   သေဆုံးခြင်းလား၊  မကူးစက် ရောဂါကြောင့် သေဆုံးခြင်းလားခွဲခြားမှုများတွင် သတ်မှတ်ချက်များ၊ ကိန်းဂဏန်း များ လွဲချော်နိုင်သောကြောင့်ဖြစ်သည်။

ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဆက်နွှယ်နေသည့် သေဆုံးမှုများ

လေထုညစ်ညမ်းခြင်း၊ သန့်ရှင်းသောသောက်သုံးရေမရရှိခြင်း၊ အစားအသောက် မသန့်ရှင်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းစသည်တို့ကြောင့် ဆုံးရမှုမှာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာ အားဖြင့် နှစ်စဉ် သန်းဂဏန်းထက်မနည်း ရှိနေပါသည်။ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ၊ အဆုတ်ကင်ဆာကဲ့သို့သော   ရောဂါများကို ဖြစ်ပွားစေရန် အားပေး လျက်ရှိသည်။ အဆောက်အအုံများအတွင်း     လေထုအရည်အသွေးညံ့ဖျင်းမှုအပါအဝင် လေထု ညစ်ညမ်းမှုများနှင့်ဆက်နွှယ်၍ သေဆုံးရ သူမှာ ၂၀၁၉ ခုနှစ်အတွင်း ၆ ဒသမ ၇ သန်းခန့်ရှိကြောင်း၊ အာဖရိက၊ အရှေ့မြေထဲပင်လယ်ဒေသနှင့်    အရှေ့တောင်အာရှဒေသများတွင် အများဆုံးဖြစ်ကြောင်း သိရှိရသည်။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းနှင့်ဆက်နွှယ်၍ သေဆုံးရမှုများအနေဖြင့်  တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၉ သန်းခန့်အထိရှိနိုင်ကြောင်း၊ သေဆုံးသူတစ်သိန်းလျှင် ၁၈ ဒသမ ၃ ဦးခန့်ရှိနိုင်ကြောင်း  ခန့်မှန်းတွက်ချက်မှုများအရ သိရှိရသည်။

၃ ဘီလီယံရည်မှန်းချက် (triple billion target)

triple billion target သည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ thirteenth general
programme of work (GPW13) မူဘောင်တစ်ခုဖြစ်ပြီး ၂၀၁၉-၂၀၂၃ ကာလအတွင်း အားလုံးလွှမ်း ခြုံသော     ကျန်းမာရေးစောင့်ရှောက်မှု၊  အရေးပေါ်ကျန်းမာရေး အခြေအနေများအတွက် ပြင်ဆင်ထား ရှိမှုနှင့်   ပိုမိုကျန်းမာသည့်လူဦးရေဟူသော ခေါင်းစဉ်များအောက်တွင် ခေါင်းစဉ်တစ်ခုလျှင်  ၂၀၁၈  ခုနှစ် အချက်အလက်များ ထက် လူသန်း  ၁၀၀၀ ပိုမိုခံစားရရှိစေရေး ရည်မှန်းချက်ထားရှိကြောင်း သိရှိရသည်။ သို့ရာတွင် ၂၀၁၈ ခုနှစ်အချက်အလက်များပေါ်   အခြေခံတွက်ချက်မှုအရ တစ်ကမ္ဘာလုံးအတိုင်းအတာ အနေဖြင့်  ၂၀၂၅ ခုနှစ်တွင်  အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးဆိုင်ရာ စိတ်ပူပန်စရာ မလိုဘဲ ရရှိနေမှုသည် ၂၀၁၈ ခုနှစ်ထက် ၅၈၅ သန်းခန့်သာ ပိုမိုရရှိမည်ဟုလည်းကောင်း၊  အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုရရှိနိုင်မှုသည် ၇၇၇ သန်းခန့်သာပိုမိုမည်ဟုလည်းကောင်း ခန့်မှန်းကြပြီး ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်မည့် လူဦးရေအနေဖြင့် ၂၀၁၈ ခုနှစ်ထက် ၁ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအရွေ့များ၊ မျှော်မှန်းချက်များအပေါ်    ထိခိုက်မှုများရှိခဲ့ကာ အဆိုပါထိခိုက်မှုများအပေါ် ကုစားမည့်အစီအမံများကိုတစ်ကမ္ဘာလုံး စုစည်း ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်ဟု သိရှိရပါကြောင်းရေးသားလိုက်ရပါသည်။

ဒေါက်တာဇေယျာဝင်း