



မိုင်ပေါင်း ၄၀၀၀ ကျော်ခရီး
“ စာအုပ်ပေါင်းတစ်သောင်းဖတ်ခြင်းထက် ခရီးမိုင်တစ်သောင်းသွားခြင်းက ပို၍အမြင်ကျယ်၏” ဆိုတဲ့ တရုတ်ဆိုရိုးစကားရှိပါတယ်။ ခရီးသွားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး ပျော်ရွှင်စရာကောင်းသော်လည်း ပင်ပန်းသည်ကတော့အမှန်ပင်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ပခရီးစဉ် ခြောက်ရက်တာအတွင်း မိုင်ပေါင်း ၄၀၀၀ ကျော်သွားခဲ့ရတဲ့ခရီးတစ်ခုဖြစ်ပြီး နေပြည်တော်-ကူမင်း အသွားအပြန်ခရီးမှာ မိုင်၁၀၀၀ ကျော်ရှိတဲ့အတွက် တရုတ်နိုင်ငံအတွင်း မိုင်ပေါင်း ၃၀၀၀ ကျော် မနားတမ်းခရီးနှင်ခဲ့ရခြင်းဖြစ်ပါတယ်။ အစည်းအဝေးများတက်ရောက်ခြင်း၊ အခမ်းအနား များတက်ရောက်ခြင်းနှင့်လှည့်လည်ကြည့်ရှုခြင်းများအပါအဝင် မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးမှာ တစ်ရက်ပျမ်းမျှ မိုင် ၅၀၀ ကျော်သွားလာခဲ့ခြင်းဖြစ်တဲ့အတွက် သာမန်လူငယ်များအတွက်ပင် ခက်ခဲသောခရီးရှည်ဖြစ်၍ ပင်ပန်းလွန်းလှမည်မှာ အသေအချာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အားလပ်ချိန်အလွန်နည်းပါးခဲ့သော်လည်းနိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းတဲ့ခရီးစဉ်ဖြစ်သဖြင့် ပင်ပန်းရကျိုးနပ်သည်ဟုဆိုရမှာဖြစ်ပါတယ်။
လူဆိုတာ အတ္တနဲ့ကင်းတဲ့သူကတော့ ခပ်ရှားရှားခင်ဗျ။ တချို့ကျတော့လည်းကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်လွန်းပြီး တခြားသူတွေအတွက် မစဉ်းစားနိုင်တော့ဘူးမဟုတ်လား။ နိုင်ငံတော်အတွက်ဆိုရင်တော့ ဝေလာဝေးပေါ့။ ဒါကြောင့်လည်း ပရဟိတဆိုတဲ့ အများကောင်းကျိုးရွက်သယ်ပိုးခြင်းက အင်မတန်မှလေးစားဂုဏ်ယူထိုက်တဲ့အလုပ်တစ်ခုလို့ ရှေးလူကြီးသူမတွေက ဆိုဆုံးမခဲ့ကြတာပါ။
ပရဟိတဆိုတဲ့ အများကောင်းကျိုးရွက်သယ်ပိုးသူတွေထဲမှာ နိုင်ငံတော်ကိုအုပ်ချုပ်နေရတဲ့သူတွေလည်း မပါမဖြစ်ပါဝင်တယ်ခင်ဗျ။ နိုင်ငံတော်ကိုအုပ်ချုပ်နေရသူတွေရဲ့လုပ်ဆောင်မှု အကြောင်းတိုင်းဟာ နိုင်ငံမှာမှီတင်းနေထိုင်နေကြတဲ့ ပြည်သူပြည်သားအပေါင်းတို့အတွက် အကျိုးဆိုတဲ့ရလဒ်ကိုရရှိစေပါတယ်။ ဒီအတွက်ကြောင့်လည်း နိုင်ငံတော်အပေါ်စေတနာမှန်တဲ့နိုင်ငံတော် အကြီးအကဲများဟာ ကုသိုလ်ရဲ့အကျိုးကိုရရှိကြတာမဟုတ်ပါလားခင်ဗျာ။
ကျွန်တော်တို့လက်ရှိအချိန်မှာဆိုရင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လိုပုဂ္ဂိုလ်မျိုးကို နိုင်ငံတော်အကြီးအကဲအဖြစ် ရရှိထားတာဟာ ပြည်သူတွေအတွက်တော့ တော်တော်လေးကိုအကျိုးများတယ်လို့ ပြောလို့ရတယ်ခင်ဗျ။ အနီးစပ်ဆုံးဥပမာပေးရရင် မကြာသေးခင်ကမှ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကိုလက်ညှိုးထိုးပြရပါလိမ့်မယ်။
အဲဒီခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာသူ့အတွက် ကိုယ်ပိုင်အချိန် အလွန်နည်းပါးပြီး နိုင်ငံတော်အကျိုးအတွက် ရလဒ်ထွက်ပေါ်စေမယ့် ဆွေးနွေးမှု များကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ သူ့အတွက် ကိုယ်ပိုင်အချိန်ဘယ်လောက်အထိ နည်းပါးတယ်ဆိုတာမပြောခင် သူ့ရဲ့ကြိုးပမ်းစွမ်းဆောင်မှုများကြောင့် နိုင်ငံတော်အတွက် ဘယ်လိုအကျိုးရလဒ်တွေ ထွက်ပေါ်ရရှိခဲ့တယ်ဆိုတာ ဦးစွာပြောချင်ပါတယ်။
နိုင်ငံတော်အကြီးအကဲဟာ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တာပါ။ တချို့တွေက ပြောကြတာတွေလည်းရှိတယ်ခင်ဗျ။ ပြောကြတယ်ဆိုတာထက်တိုက်ခိုက်ကြတယ်လို့ပြောရင်ပိုမှန်မလားပဲ။ ဘာလဲဆိုတော့ ဒီခရီးစဉ်ဟာ နိုင်ငံတော်အဆင့်ခရီးစဉ်မဟုတ်ဘူးဆိုပြီး ပြောနေကြတာပါ။ ဒါကလည်း သူတို့အနေနဲ့ ဒီခရီးစဉ်အကြောင်းကို အသေးစိတ်မသိဘဲပြောတာလို့ယူဆလိုက်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ကိုအရင်ဦးဆုံးသွားတာပါ။ ကူမင်းမြို့ကိုရောက်တဲ့အချိန်မှာ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်ကို ကြိုဆိုတာက ကော်ဇောနီ(Red Carpet)ခင်းပြီးတော့ ကြိုဆိုတာဖြစ်ပါတယ်။ ဒီလိုမျိုး ကော်ဇောနီခင်းပြီးကြိုဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီခရီးစဉ်ကိုလာသူဟာ နိုင်ငံတော်အဆင့်အကြီးအကဲဖြစ်တယ်ဆိုပြီး အသိအမှတ်ပြုခြင်းတစ်မျိုးဖြစ်ပါတယ်။
ဥပမာအားဖြင့် အိန္ဒိယဝန်ကြီးချုပ်တို့၊ ရုရှားသမ္မတတို့လိုမျိုး နိုင်ငံတော်အကြီးအကဲတွေဟာ တရုတ်နိုင်ငံကိုသွားရောက်တိုင်း ကော်ဇောနီခင်းပြီးအကြိုဆိုခံရသူတွေချည်းပါပဲ။ ဝန်ကြီးအဆင့်လောက်ကိုတော့ ကော်ဇောနီ(Red Carpet)မခင်းပေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုတောင်မှ ကော်ဇောနီခင်းပြီးကြိုဆိုတာမျိုးမလုပ်တာတွေ့ရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ သတ်မှတ်ပြီး ကော်ဇောနီ(Red Carpet)ခင်းကြိုဆိုတာဖြစ်တယ်လို့ ဦးစွာပြောပါရစေ။ ဒါ့အပြင် ယူနန်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး ၂၅ မျိုးခန့်ကို ကိုယ်စားပြုတဲ့တိုင်းရင်းသားအကအဖွဲ့များကလည်းတိုင်းရင်းသားရိုးရာဝတ်စုံများကို ဝတ်ဆင်ပြီး လေဆိပ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ကိုသောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြတာကို တွေ့မြင်ရတာဟာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အလွန်ပင်ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ရပါတယ်။
နောက်တစ်ခုက နိုင်ငံတော်ဝန်ကြီးချုပ်ကို ကြိုဆိုပို့ဆောင်ပေးရာမှာ အသုံးပြုတဲ့ ယာဉ်ကိုကြည့်ရင်လည်း ဒီခရီးစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်ဆိုတာ သိသာစေနိုင်ပါတယ်။ ဒီခရီးစဉ်မှာ တရုတ်ဘက်က အသုံးပြုပေးသွားတာက Hongqi L5 အမျိုးအစားကျည်ကာကားမော်တော်ယာဉ်များဖြစ်ပါတယ်။ ဒီလိုယာဉ်မျိုးကိုလည်း တရုတ်နိုင်ငံက နိုင်ငံတော်အဆင့်ခရီးစဉ်တွေမှာသာအသုံးပြုတာပါ။ တရုတ်သမ္မတက အမေရိကန်နိုင်ငံကိုသွားရောက်ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့တွေ့ဆုံစဉ်မှာလည်း ဒီကားကိုပဲယူသွားပြီးအသုံးပြုခဲ့တာဖြစ်ပါတယ်။
အခုတင်ပြသွားတဲ့အရာတွေက ဒီခရီးစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်မဟုတ်ဘူးဆိုပြီး ပြောဆိုနေကြတဲ့၊ တိုက်ခိုက်နေကြတဲ့သူတွေ အမြင်ရှင်းလင်းသွားအောင် ရှာဖွေဖော်ထုတ် ရေးသားတင်ပြခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်ဟာ တချို့တွေလိုမျိုးမျက်နှာသွားပြတဲ့ နိုင်ငံတော်အဆင့်ခရီးစဉ်လိုမျိုးမဟုတ်ဘဲ တကယ်ကိုအလုပ်ဖြစ်တဲ့ နိုင်ငံတော်အဆင့်အလုပ် သဘောခရီးစဉ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို အောက်မှာဆက်လက်တင်ပြသွားပါမယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီကျန်းနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားမှာအပြုသဘောဆောင်တဲ့ သဘောတူညီချက်တွေများစွာရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုမျိုးမတွေ့ဆုံမီမှာ နိုင်ငံတော်ဝန်ကြီး ချုပ်က တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဦးစွာတွေ့ဆုံပြီး တွေ့ဆုံခဲ့ပါတယ်။
နေပြည်တော်ကနေ ကူမင်းလေဆိပ်ကိုရောက်၊ ကူမင်းလေဆိပ်ကနေ တရုတ်အစိုးရကစီစဉ်ပေးထားတဲ့ အထူးတည်းခိုရာနေရာအရောက် ခရီးရောက်မဆိုက်မှာဘဲ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံမှုဟာ နဂိုစီစဉ်ထားတာထက် တစ်နာရီကျော်လောက် ပိုကြာသွားပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားမှုမြင့်မားလှပါတယ်။ သိချင်တဲ့မေးခွန်းတွေ၊အနာဂတ်အရေးတွေကလည်း များပြားလှပါတယ်။ သက်ဆိုင်ရာဝန်ကြီးတွေကလည်း စိတ်ရှည်လက်ရှည်ဖြေပြရှင်းပြကြတယ်။ ဝန်ကြီးချုပ်ကအမေးအဖြေတွေကိုသေချာနားထောင်ပြီး လိုအပ်တာတွေ၊အရေးကြီးတာတွေကို ကိုယ်တိုင်ဖြည့်စွက်ထပ်မံဖြေကြားပေးပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒီလိုဖိတ်ခေါ်ရာမှာလည်း ကဏ္ဍတစ်ခုတည်းအတွက်သာ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာ မဟုတ်ပါဘူး။ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အခြေခံစက်မှုကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတ်မြေဩဇာလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ လျှပ်စစ်ကားလုပ်ငန်း၊ ဆေးဝါးနဲ့ဆေးပစ္စည်းကိရိယာများထုတ်လုပ်ရေးလုပ်ငန်း၊ စားသုံးဆီထုတ်လုပ်ရေးလုပ်ငန်းအစရှိတဲ့နယ်ပယ်စုံကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့အတွက် ဖိတ်ခေါ်ခဲ့တာပါ။
ဒါ့အပြင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နည်းပညာတွေကိုလည်း လွှဲပြောင်းရရှိနိုင်အောင် ထည့်သွင်းပြောသွားတာကိုတွေ့ရပါတယ်။ နည်းပညာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် သိပ်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်လာပါပြီ။ ဒီအချိန်မှာ နည်းပညာတိုးတက်မှုရှိတဲ့နိုင်ငံက ကမ္ဘာ့ ထိပ်ဆုံးကို အချိန်တိုအတွင်းရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီအခြေအနေကို မြော်တွေးပြီးတော့ လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုတွေကနေ နည်းပညာရရှိအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။
တွေ့ဆုံပွဲအပြီး နေ့လယ်စာစားရာမှာ အချိန်က တော်တော်လေးလင့်နေပါပြီ။ ဒီနေရာမှာလည်း မြန်မာ့စီးပွားရေးအခွင့်အလမ်းတွေအပေါ် စိတ်ဝင်စားမှုမြင့်တက်နေတဲ့လုပ်ငန်းရှင်များက ဝန်ကြီးချုပ်ကိုတစ်ဦးပြီးတစ်ဦး လာမိတ်ဆက်မေးမြန်းနေကြပြန်ပါတယ်။ အားလုံးကို စိတ်ရှည် လက်ရှည်ပြန်ရှင်းပြနေတဲ့ ဝန်ကြီးချုပ်ရဲ့နိုင်ငံအပေါ်ထားတဲ့စေတနာဟာ လေးစားစရာပါ။ နေ့လယ်စာစားပြီးတာနဲ့ အနားမရဘဲ မွန်းလွဲပိုင်းမှာ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နဲ့ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ကို သွားရောက်လေ့လာကြည့်ရှုပါတယ်။ ဒီလိုမျိုးသွားရောက် လေ့လာကြည့်ရှုမှုက နိုင်ငံ့အနာဂတ်လူငယ်များရဲ့ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖော်ဆောင်ရမယ့်အရာတွေကိုလေ့လာပြီးကိုယ့်နိုင်ငံအတွင်းမှာပြန်လည်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ညနေပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်းနဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါတယ်။ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ဆိုတာ နယ်နိမိတ်ချင်းထိစပ်မှု အများဆုံးဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း အများဆုံးလုပ်ရပါတယ်။ နိုင်ငံရေး၊ စီးပွားရေးအစရှိတဲ့ နယ်ပယ်အစုံမှာ ပူးပေါင်းဆောင်ရွက်ကြတာပါ။
ဒါကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က မစ္စတာဝမ်နင်းနဲ့တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းပြီး အရှိန်မြှင့်တင်ဆောင်ရွက်သွားဖို့ လိုအပ်တဲ့အကြောင်း၊မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ကြောင်းနဲ့ လူသားအရင်းအမြစ်လေ့ကျင့်မွေးထုတ်ရေးတို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးဆွေးနွေးမှုတွေထဲမှာ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအတွက်သာ ဦးစားပေးပြောဆိုလုပ်ဆောင်ခဲ့တာပါ။ ဒီဆွေးနွေးမှုဟာ ညပိုင်းနိုင်ငံတော်အဆင့်ဂုဏ်ပြုညစာစားပွဲအထိပွဲ ဆက်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ ညစာစားပွဲရဲ့အရသာကို ကျန်တဲ့သူတွေခံစားနိုင်ပေမယ့် နိုင်ငံအရေးကိုသာ အလေးထားနေတဲ့ ဝန်ကြီးချုပ်ကတော့ ညနေပိုင်းတွေ့ဆုံပွဲရဲ့အဆက် အမြင်ချင်းဖလှယ်ဆွေးနွေးမှုတွေနဲ့ အချိန်ကုန်ခဲ့ရပါတယ်။
နောက်တစ်နေ့မနက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ကူမင်းမြို့မှာရှိတဲ့မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၊ ပညာတော်သင်သင်တန်းသားများကိုတွေ့ဆုံပြီး အမှာစကားပြောကာလိုအပ်တာများကိုဖြည့်ဆည်းပေးခဲ့ပြန်ပါတယ်။ တကယ်တမ်းဆိုရင်နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ ဒီလိုမျိုးသွားရောက်တွေ့ဆုံမှုတွေမလုပ်လည်းရပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အကြီးအကဲက ရေခြားမြေခြားမှာ နိုင်ငံ့တာဝန်ထမ်းဆောင်နေရသူတွေကို နွေးထွေးမှုပေးတဲ့အနေနဲ့ သွားရောက်တွေ့ဆုံခဲ့တာလို့ မှတ်ယူရပါတယ်။
ပြီးတဲ့အခါမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်များနဲ့ သီးခြားစီတွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံရာမှာနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ ယဉ်ကျေးမှုကဏ္ဍများမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အခြားကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။
တစ်နည်းပြောရရင် နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ထိပ်သီးအစည်းအဝေးများကိုတက်ရောက်လာတဲ့ နိုင်ငံများမှခေါင်းဆောင်များအားလုံးနဲ့တွေ့ဆုံခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးနိုင်တဲ့အပြင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေများအားလုံးကိုလည်း အမှန်အတိုင်းအသိပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သောနိုင်ငံများရဲ့သံတမန်ရေးအရ တောင်းဆိုမှုတွေကြောင့် သတင်းထုတ်ပြန်ချက်တွေမှာ ချန်လှပ်ထားခဲ့ရတာတွေရှိတယ်လို့လည်း ပြန်လည်ကြားသိရပါတယ်။ သေချာတဲ့တစ်ချက်က အဲဒီနိုင်ငံများမှခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကို သိရှိသွားကြတယ်ဆိုတဲ့အချက်ပါပဲ။
မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီကျန်းနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်လက်လက်တွဲဆောင်ရွက်သွားမယ့်ကိစ္စရပ်များကိုသာမက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများနဲ့ပတ်သက်ပြီးဘယ်လိုမျိုးစီမံဆောင်ရွက်မှုတွေလုပ်နေတယ်ဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသေးတယ်။
အဲဒီဆွေးနွေးမှုမှာတော့ တရုတ်နိုင်ငံဘက်ကနေအသိအမှတ်ပြုမှုများနဲ့ ကတိပြုမှုများကို ရရှိခဲ့တာတွေ့ရပါတယ်။ တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝထောက်ခံအားပေးသွားမယ်လို့ဆိုပါတယ်။ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခများနဲ့ပတ်သက်ပြီး အကြမ်းဖက်တဲ့နည်းလမ်းနဲ့မတုံ့ပြန်ဘဲ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး ဖြေရှင်းနိုင်ရေးကြိုးပမ်းတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရုတ်ဝန်ကြီးချုပ်က ချီးကျူးကြောင်းပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေနဲ့ ချမှတ်အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကိုထောက်ခံကြောင်း၊ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီပေးမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်းနဲ့ တရုတ်နိုင်ငံအတွင်းအခြေပြုပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့အရေးကိစ္စက တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်တဲ့အတွက် နိုင်ငံတကာစာမျက်နှာမှာလည်း တရုတ်နိုင်ငံကမြန်မာနိုင်ငံအပေါ်ရပ်တည်ဆောင်ရွက်သွားမယ့်အကြောင်းတို့ကို အလေးပေးပြီးပြောခဲ့တာတွေ့ရပါတယ်။
ဒီလိုမျိုး နှစ်နိုင်ငံကြားအပြန်အလှန်ကတိပြုမှုတွေသာမက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာနဲ့ သဘောတူစာချုပ် (၇) ခုကိုလည်းလက်မှတ်ရေးထိုးနိုင်ခဲ့ပါသေးတယ်။ အဲဒီလိုသဘောတူညီချက်တွေထဲကမှ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာလိုအပ်ချက်များနှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်၊ တိကျစွာတိုင်းတာခြင်းနည်းပညာပူးပေါင်းဆောင်ရွက်မှုနဲ့ အားကစားမြှင့်တင်ရေး နားလည်မှုသဘောတူညီချက်များဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှအကျိုးကျေးဇူးများတဲ့ သဘောတူညီချက်တွေ ဖြစ်တာအမှန်ပါပဲ။
နောက်တစ်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်က အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးတို့ကိုတက်ရောက်ပြီး နိုင်ငံများကြား အပြန်အလှန် အကျိုးရှိစေမယ့် အပြုသဘောဆောင်သောဆွေးနွေးမှုများကို ဆွေးနွေးခဲ့ပါတယ်။ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်က ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးနှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။
အဲဒီနေ့ညမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ကူမင်းမြို့ကနေ လေယာဉ်နဲ့ထွက်ခွာပြီး ချုံချင့် မြို့ကို သွားရောက်ပါတယ်။ ချုံချင့်ကိုရောက်တော့ ညမှောင်နေပါပြီ။ ချုံချင့်မြို့မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်ကိုနိုင်ငံတော်အဆင့်ကော်ဇောနီ(Red Carpet)ခင်းပြီး ချုံချင့်မြို့ ဒုတိယမြို့တော်ဝန် ဦးစီးကြိုဆိုရေးအဖွဲ့က လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ တည်းခိုရမယ့်နေရာဟာ ချုံချင့်နိုင်ငံတော်ဧည့်ဂေဟာဖြစ်ပါတယ်။ တရုတ်ဗဟိုအစိုးရခေါင်းဆောင်များ တည်းခိုရာနေရာဖြစ်သလို နိုင်ငံတော်ဧည့်ဂေဟာဝင်းဟာ အဆောက်အဦတစ်ခုနဲ့တစ်ခု မော်တော်ယာဉ်နဲ့သွားလာမှ အဆင်ပြေလောက်အောင် ကျယ်ဝန်းတာကိုလည်း သတိထားမိပါတယ်။ နိုဝင်ဘာလ ၈ ရက်နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်က ချုံချင့်မြို့မှာရှိတဲ့ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းမိသားစုများကို သွားရောက်တွေ့ဆုံပါတယ်။ ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဝင်များက ချုံချင့်မြို့ရှိ စက်ရုံအလုပ်ရုံများကို သွားရောက်လေ့လာကာ သိရှိလိုသည်များကို မေးမြန်းပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်က ချုံချင့်မြို့ စီမံကိန်းရေးဆွဲရေးပြတိုက်ကိုသွားရောက်လေ့လာပါတယ်။ ညပိုင်းမှာ တော့ ယန်စီမြစ်အတွင်း သင်္ဘောစီးပြီးလေ့လာမှုတွေလုပ်ခဲ့တဲ့အပြင် သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့နဲ့ လာရောက် ရင်းနှီးမြှုပ်နှံရေးအတွက် ဖိတ်ခေါ်မှုတို့ကို လုပ်ဆောင်ပါတယ်။
ညပိုင်းမရောက်ခင် ညနေပိုင်းတုန်းက နိုင်ငံတော်ဝန်ကြီးချုပ်ဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီပေါလစ်ဗျူရိုအဖွဲ့ဝင်ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး မစ္စတာယွမ်ကျားကျွန်နဲ့တွေ့ဆုံပြီး သိပ္ပံနဲ့နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ပညာရေးကဏ္ဍနဲ့ ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မယ့် အခြေအနေများနဲ့ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြပါတယ်။
သာမန်အားဖြင့်ဆိုရင်တော့ ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံရာမှာ ဧည့်ခန်းမဆောင်ဆီရောက်မှသာ လက်ဆွဲနှုတ်ဆက်ပြီးတွေ့ဆုံကြတာပါ။ ဒီနေရာမှာသာမန်သံတမန်ဆက်ဆံရေးအခြေအနေကိုကျော်လွန်ကာ ချစ်ကြည်ရင်းနှီးကျွမ်းဝင်မှုကိုဖော်ပြတဲ့အနေနဲ့ မစ္စတာယွမ်ကျားကျွန် က နိုင်ငံတော်ဝန်ကြီးချုပ်ကို ဧည့်ခန်းမဆောင်ရဲ့ကားရပ်နားရာ ဆင်ဝင်အထိကို ဆင်းလာပြီး လာရောက်ကြိုဆိုနှုတ်ဆက်တာဖြစ်ပါတယ်။ ဒီအခြေအနေကတော့တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ ကြားက ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးကို ဖော်ပြနေတာအမှန်ပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ထပ်မံသိခွင့်ရခဲ့တာကတော့ ချုံချင့်မြို့ဟာ တရုတ်နိုင်ငံက ရည်မှန်းချက်ကြီးကြီးထားပြီး စီမံကိန်းများတည်ဆောက်နေတဲ့ ကုန်းတွင်းပိုင်းလမ်းဆုံအချက်အချာမြို့ပဲဖြစ်ပါတယ်။တရုတ်ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်နေတဲ့မြို့လည်းဖြစ်ပါတယ်။ ချုံချင့်မြို့ကိုတာဝန်ယူရတဲ့ ပါတီကော်မတီ အတွင်းရေးမှူးဟာလည်း ဗဟိုကိုတိုက်ရိုက်တာဝန်ခံနေရသူလည်းဖြစ်ပါတယ်။ အနာဂတ် တရုတ်နိုင်ငံရဲ့ ဦးဆောင်သူ ခေါင်းဆောင်များထဲမှာပါဝင်လာနိုင်ဖို့ အလွန်အလားအလာ ကောင်းသူတစ်ယောက်ဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။ မြန်မာခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီလိုသွားရောက်လည်ပတ်တာ၊ အချိန်ယူပြီးဆွေးနွေးထားတာတွေဟာ တရုတ်-မြန်မာဆက်ဆံရေးမှာ ပစ္စုပ္ပန်မှာသာမက အနာဂတ်မှာပါ ရေရှည်ကောင်းကျိုးများဖော်ဆောင်ပေးနိုင် မယ်လို့ ယုံကြည်မိပါတယ်။
နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းမှာနိုင်ငံတော်ဝန်ကြီးချုပ်ဟာ ချုံချင့်မြို့ကနေ ရှန်းကျန့်မြို့ကိုရောက်ရှိခဲ့ပါတယ်။ရှန်းကျန့်မှာလည်း ရှန်းကျန့်မြို့ဒုတိယမြို့တော်ဝန်ဦးစီးကြိုဆိုရေးအဖွဲ့တွေကနိုင်ငံတော်အဆင့် ကော်ဇောနီ(Red Carpet)ခင်းပြီး ခမ်းခမ်းနားနားကြိုဆိုခဲ့ပါတယ်။ရောက်ရှိပြီး မကြာမီမှာပဲ စက်ရုံ၊ အလုပ်ရုံများကိုသွားရောက်လေ့လာခဲ့ပါတယ်။အဲဒီနေ့ တစ်နေကုန်အောင်ပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရှန်းကျန့်မြို့မှာရှိတဲ့စက်ရုံ၊ အလုပ်ရုံများစွာဆီကို သွားရောက်လေ့လာခဲ့တာပါ။ နောက်တစ်နေ့နံနက်ပိုင်း မြန်မာနိုင်ငံကိုပြန်ခါနီးအချိန်အထိ နောက်ထပ်စက်ရုံ တစ်ခုဆီကို သွားရောက်လေ့လာခဲ့ပါတယ်။ EV ကားများ၊ ရထားများထုတ်လုပ်နေတဲ့စက်ရုံကို သွားလေ့လာခဲ့တာပါ။
နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ရှန်းကျန့်မြို့ကနေထွက်ခွာလာပြီး မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ်။ လေယာဉ်ကနေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းမှာပဲရှိနေတုန်း လေယာဉ်ဆိုက်ကပ်မယ့်နေရာကို လှမ်းကြည့်လိုက်တော့ ရောင်စုံလူအုပ်ကြီးက မနည်းမနော။ လေယာဉ်ဆိုက်ပြီး လေယာဉ်ပေါ်ကဆင်းလိုက်တော့မှ အောင်မြင်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ လိုက်လျောညီထွေစွာ တရုတ်နဂါးအကအဖွဲ့ ၊ ခြင်္သေ့အကအဖွဲ့တွေ၊ တိုင်းရင်းသားရိုးရာအကတွေနဲ့ အဖွဲ့အစည်းပေါင်းစုံ၊ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံက လှိုက်လှိုက်လှဲလှဲကြိုဆိုနေတာကို ကြက်သီးထဖွယ်တွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က အခုခရီးစဉ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တဲ့အဖွဲ့ဖြစ်သည်သာမက နောင်လာ နောက်သားများအနေနဲ့ ဂုဏ်ယူနေရမယ့် နိုင်ငံ့အကြီးအကဲကောင်းတစ်ယောက်ရဲ့ လုပ်ဆောင်မှု များကို ဖော်ညွှန်းပြသနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။
ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ဆွေးနွေးညှိနှိုင်းမှုတွေကနေ မြန်မာနိုင်ငံအတွက်ရရှိခဲ့တဲ့ အကျိုးကျေးဇူးများကို ဆက်လက်တင်ပြပါမယ်။ အရင်ဆုံးနိုင်ငံရေးအခြေအနေပေါ့။ မြန်မာနိုင်ငံဟာ အားလုံးသိတဲ့အတိုင်း အနောက်အုပ်စုများ၊ ပြည်တွင်းမှသစ္စာဖောက်များကြောင့် ကမ္ဘာ့နိုင်ငံအချို့ရဲ့ အမြင်မှားအထင်မှားခံနေရတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိနေခဲ့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့စင်မြင့်မှာ ပွဲလယ်တင့်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကို ပြန်လည်ရောက်ရှိလာတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အိမ်ရှင်တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့်ကြိုဆိုမှု၊ အလေးထားမှု၊ ရောက်ရာနေရာတိုင်းမှာ စနစ်တကျစီစဉ်ထားမှု၊ တည်းခိုရာနေရာ ၊စီးနင်းတဲ့ နိုင်ငံတော်အဆင့်ကျည်ကာကားမော်တော်ယာဉ်များ၊ လုံခြုံရေးနဲ့ စားရေးသောက်ရေး၊ ဧည့်ခံမှုကအစ အသေးစိတ်အလေးထားပြီး ဆောင်ရွက်ခဲ့မှုတွေဟာ မမေ့နိုင်စရာတွေပဲဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု၊အေးအတူပူအမျှအသိုက်အဝန်းကို ဂုဏ်ပြုဖော်ဆောင်နိုင်ရုံသာမက မြန်မာ့ခေါင်းဆောင်အပေါ် တရုတ်နိုင်ငံရဲ့တန်ဖိုးထားလေးစားမှု၊မြန်မာပြည်သူတွေအပေါ် တရုတ်ပြည်သူတွေရဲ့ ချစ်ကြည်လေးစားမှုတွေကိုပါပြသနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို့ပဲ ဆိုပါရစေ။
ဒါ့အပြင် ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မြန်မာ့ပြည်တွင်းရေးမှာ တည်ငြိမ်မှုတွေရှိလာနိုင်တဲ့အပြင် မကြာခင်ကျင်းပဖို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပသွားနိုင် တော့မှာဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကလည်းလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲဖြစ်လာစေမှာ အမှန်ပဲဖြစ်တယ်လို့ အခိုင်အမာဆိုချင်ပါတယ်။
နောက်တစ်ချက်က စီးပွားရေးအမြင်နဲ့ရရှိလာမယ့် အကျိုးစီးပွားများအကြောင်းကို ပြောချင်ပါသေးတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နိုင်ငံခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် အများအပြားနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလာရောက်လုပ်ကိုင်ဖို့ကို တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ အဲဒီတိုက်တွန်းချက်ရဲ့နောက်မှာ မြန်မာနိုင်ငံဘက်က ဖြည့်ဆည်း ပေးရမယ့်အရာတွေကိုလည်း အောင်မြင်အောင်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါဆိုရင် မြန်မာနိုင်ငံအတွင်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာဖို့ဆိုတာသေချာသွားပါပြီ။ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးမောင်းနှင်အားဟာ ရင်းနှီးမြှုပ်နှံမှုအပေါ် တစ်စိတ်တစ်ပိုင်းမှီတည်နေပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုအားကောင်းလာတာနဲ့အမျှ နိုင်ငံရဲ့စီးပွားရေးကလည်း တိုးတက်လာမှာပါ။ စီးပွားရေးတိုးတက်လာတာနဲ့တစ်ပြိုင်နက် ရေမြင့်ရင်ကြာတင့်တယ်ဆိုတဲ့စကားအတိုင်း မြန်မာပြည်သူများရဲ့ လူမှုစီးပွားဘဝဟာလည်း လိုက်ပါဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
နောက်ထပ်ပြောချင်တဲ့အချက်တစ်ချက်က ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများနဲ့ ပတ်သက်နေပါတယ်။ ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများဟာ နှစ်နိုင်ငံကြားက နယ်စပ်စည်းမျဉ်းကိုခွထိုင်ပြီး မြန်မာနိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့အကျိုးစီးပွားထိခိုက်အောင်လုပ်ဆောင်မှုတွေကိုဆောင်ရွက်နေတဲ့သူတွေ ဖြစ်ပါတယ်။ တကယ်လို့များ သူတို့အနေနဲ့ နယ်စပ်ဒေသကို အခြေမခံနိုင်တော့ဘူးဆိုရင်အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်းလုပ်နိုင်တော့မှာမဟုတ်ပါဘူး။
ဒီလိုမျိုး အကြမ်းဖက်သောင်းကျန်းသူတွေ အမြစ်ပြတ်ချုပ်ငြိမ်းတော့မယ့်အချိန်က သိပ်မကြာခင်မှာရောက်ရှိလာပါလိမ့်မယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုတွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တာတွေကို လုပ်ဆောင်ပေးသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားတယ် မဟုတ်ပါလား။ ဒါ့အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးမှုမှာလည်း နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအကြောင်းကအဓိကအကြောင်းအရာအဖြစ် ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဒါတွေကို ပြန်ထောက်ချင့်ရင် နယ်စပ်ဒေသတွေမှာ တရားဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိလာမှာဖြစ်တာကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ဘဝ နိဂုံးချုပ်တော့မယ်လို့ ပြောရခြင်းဖြစ်ပါတယ်။
အခုလိုမျိုး ဆွေးနွေးမှုတွေ၊ သဘောတူညီချက်တွေရရှိဖို့ဆိုတာ တော်ရုံအားဖြင့်မလွယ်ကူလှပါဘူး။ နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ အချိန်များစွာကို နိုင်ငံတော်အတွက် ပေးဆပ်ထားခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများရဲ့ တာဝန်ကျေပွန်အောင်ဆောင်ရွက်ခြင်းတို့ကြောင့်သာ အခုလိုမျိုးသဘောတူညီချက်တွေရရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ဟာကိုယ်ကျိုးကို ငဲ့ကွက်ခြင်းမရှိဘဲ တိုင်းပြည်ကောင်းကျိုးကိုသာ ရှေးရှုရွက်သယ်ပိုးခြင်းကြောင့် ကောင်းကျိုးရလဒ်များလည်း မျက်ဝါးထင်ထင်ထွက်ပေါ်လာတဲ့အတွက် တကယ့်ကိုပဲအကျိုးရှိတဲ့ ခရီးစဉ်ကောင်းတစ်ခု ဧကန်မုချဖြစ်ပေါ်လာကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
ထက်မြက်