အပူဒဏ်အန္တရာယ်ကာကွယ်ရေး သတိပြုလိုက်နာပေး

အပူဒဏ်အန္တရာယ်ကာကွယ်ရေး သတိပြုလိုက်နာပေး

ဆောင်းအကုန် နွေအကူး ပူပြင်းလာသော အပူချိန်ကြောင့် အပူဒဏ်ခံစားရမှုများ ခပ်စိပ်စိပ်တွေ့လာရသည်။ အပူပိုင်း‌ဒေသတွင် နေထိုင်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို အမြဲဂရုပြုနေရသကဲ့သို့ အပူဒဏ်နှင့် အပူဒဏ်ကြောင့် ဖြစ်ရသော ဝေဒနာများကို အနည်းနှင့်အများ ခံစားကြရသည်။ သာမန် ဝေဒနာများ ခံစားရသည့်အပြင် အခန့်မသင့်ပါက ပြင်းထန်သော အပူဒဏ်ကြောင့် သတိလစ်မေ့မြောခြင်း (Heat Stroke) အဆင့်ထိခံစားရကာ အသက်ဆုံးရှုံးသည် အထိဖြစ်နိုင်သည်။

အပူချိန်ရုတ်တရက်ပြောင်းလဲမြင့်တက် လာခြင်း၊ အပူပိုင်းဒေသသို့ ရုတ်တရက် ရောက်ရှိလာခြင်း၊ အအေးခန်းမှ အပြင် ဘက်အပူချိန်များသောနေရာသို့ အကူး အပြောင်းများခြင်းတို့သည် အပူချိန်ကို နေသားမကျဘဲ အပူဒဏ်ကို ခံစားရစေ နိုင်သည်။ ပတ်ဝန်းကျင်အပူချိန်မြင့်တက် လာသည်နှင့်အမျှ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာခြင်းကို ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံထားသော အရေပြားမှတစ်ဆင့် အပူကိုစွန့်ထုတ်ပြီး အပူချိန်မျှတအောင် ထိန်းညှိဆောင်ရွက်ပေးသည်။ ခန္ဓာတွင်း ဇီဝကမ္မဖြစ်စဉ်များမှလည်း ပုံမှန်အပူထုတ် လွှတ်မှုရှိပြီး အရေပြားမှ ပတ်ဝန်းကျင် လေထုတွင်းသို့ အပူကူးခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူထုတ်ခြင်းဖြင့် အပူစွန့်ထုတ်ကြသည်။
ခန္ဓာကိုယ်တွင်း အပူထုတ်လွှတ်မှုလွန်ကဲလာချိန်၊ ပတ်ဝန်းကျင်အပူချိန်မြင့်လာချိန်များတွင် အပူဓာတ်သည် ခန္ဓာကိုယ်မှ စွန့်ထုတ်နိုင်သည့်ပမာဏထက် များလာပါက ဦးနှောက်တွင်း အပူချိန်ထိန်းစနစ်များ ပျက်ယွင်းလာပြီး အပူဒဏ်ကြောင့် သတိလစ်မေ့မြောသည်အထိ ခံစားရနိုင်သည်။ ပတ်ဝန်းကျင် အပူချိန်မြင့်မားခြင်းအပြင် လေထုစိုထိုင်းဆများခြင်းသည်လည်း အပူဒဏ်ကို ပိုမိုခံစားရနိုင်သည်။ ခန္ဓာကိုယ်အတွင်း အပူချိန်များလာချိန်တွင် ဇီဝကမ္မ၊ ဇီဝဓာတု လုပ်ဆောင်မှုများ ညီမျှမှုမရှိတော့ခြင်း၊ ချွေးထွက်များသဖြင့် ရေဓာတ်၊ ဆားဓာတ်များ ဆုံးရှုံးလာခြင်းတို့ကြောင့် အပူဒဏ်ဝေဒနာများ ခံစားလာရခြင်းဖြစ်သည်။
အပူဒဏ်ခံစားရချိန်တွင် အရေပြား ယားယံခြင်း၊ မိတ်ဖုများထွက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခြေထောက် ဖောရောင်ခြင်းတို့ ခံစားရနိုင်သည်။ ထို့နောက် အားအင်ကုန်ခန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်ခြင်း၊ စိတ်တိုလွယ်ခြင်းများ ခံစားရနိုင်သည်။ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ထက်ကျော်လာပါက စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ဦးနှောက်တွင်း သွေးယိုစီးခြင်းများဖြစ်လာနိုင်သည်။ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ သေဆုံးသွားသဖြင့် အသက်ရှင်ခဲ့သော်ငြား သတိမေ့တတ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်မူမမှန်ခြင်း၊ ခြေလက်များ မလှုပ်နိုင်ခြင်းအပြင် ခန္ဓာကိုယ်ဟန်ချက် ပုံမှန်မထိန်းနိုင်ဘဲ ကျန်ခဲ့နိုင်သည်။

ခန္ဓာကိုယ်တွင်း အပူချိန်မြင့်မားလာချိန်တွင် ဆဲလ်များအတွင်းရှိ ပရိုတင်းဓာတ်များ ပုံစံပျက်ယွင်းလာခြင်း၊ ဆဲလ်နံရံများရှိ အဆီဓာတ်များ ပျော်ဆင်းလာခြင်း၊ ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်လုပ်‌ဆောင် ရာတွင်ပါဝင်သော Enzymes (အင်ဇိုင်း)များ ပုံမှန်အလုပ်မလုပ်တော့ခြင်း၊ ရောင်ရမ်းစေသော ဓာတ်သဘာဝများ ထွက်လာပြီး ခန္ဓာကိုယ်အနှံ့ရောင်ရမ်းခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်းရှိ ကလီစာများ ပျက်ယွင်းလာခြင်း၊ သွေးကြောများအတွင်း သွေးခဲလွယ်ပြီး သွေးဆိပ်ပြန့်သွေးယိုစီးခြင်း များဖြစ်လာကာ အသက်ဆုံးရှုံးနိုင်သည် အထိဖြစ်ပွားနိုင်သည်။ နာတာရှည် နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါရှိသူများလည်း ဝေဒနာပိုဆိုးလာပြီး အသက်အန္တရာယ်တွေ့ကြုံရနိုင်သည်။ အပူချိန်မြင့်တက်သဖြင့် တစ်နာရီလျှင် ၃ - ၄ လီတာခန့် ချွေးထွက်သောကြောင့် ချွေးထွက်လွန်ခြင်းနှင့်အတူ ရေဓာတ်၊ ဆားဓာတ်များဆုံးရှုံးပြီး သွေးပေါင်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းများ ခံစားရနိုင်သည်။ အပူဒဏ်ကြောင့် သေဆုံးနိုင်မှုသည် နိုင်ငံဒေသအလိုက် ကွာခြားမှုရှိသော်လည်း အကြမ်းဖျင်းအားဖြင့် ၃၃ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိရှိနိုင်သည်။
ထို့ကြောင့် အပူဒဏ်ကိုဂရုပြုရန် လိုအပ်သကဲ့သို့ ကာကွယ်‌ရေးနည်းလမ်းများကိုလည်း စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ အထူးသဖြင့် အပူဒဏ်ကို ပိုခံစားရနိုင်သည့်ကလေးများ၊ သက်ကြီး ရွယ်အိုများ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ ကဲ့သို့သော နာတာရှည်ရောဂါရှိသူများ၊ အရေပြားရောဂါရှိသူ၊ ဆေးဝါးများ သောက်သုံးနေရသောသူ၊ အဝလွန်သူ၊ အရက်အလွန်အကျွံသောက်သူများနှင့် ပူပြင်း သောရာသီဥတုကို ရုတ်တရက်ရင်ဆိုင် တွေ့ကြုံရသူများအနေဖြင့် ပို၍ဂရုပြု ကာကွယ်ကြရမည်ဖြစ်သည်။ ပူပြင်းသော ရာသီဥတုနှင့် နေသားမကျသူများတွင် အရေပြားမှချွေးမထွက်ခြင်း၊ အပူမစွန့် ထုတ်နိုင် ခြင်းကြောင့် အပူဒဏ်ခံစားရခြင်းကို ကမ္ဘာ့နိုင်ငံများ၌ အပူလှိုင်းဖြတ်စဉ် တွေ့ကြုံကြရသည်။ သေဆုံးမှုနှုန်းမှာလည်း ၆၅ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ ရာသီဥတု ပူပြင်းချိန် ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာ ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်မှ ချွေးအလွန်အကျွံ ထွက်ကာ ရေဓာတ်၊ ဆားဓာတ်များ ဆုံးရှုံး၍ လူငယ်၊ လူလတ်ပိုင်းများ၌ပင် အပူဒဏ်ကို ခံစားရနိုင်သည်။

ထို့ကြောင့် ပူပြင်းသောရာသီတွင် လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းကို ရှောင်ကြဉ် သင့်သည့်အပြင် ကားအတွင်း ကားတံခါးများ အလုံပိတ်နေထိုင်ခြင်းကိုလည်း ရှောင်ကြဉ် သင့်သည်။ နေပြင်းချိန်တွင် အလုပ်ကြမ်းလုပ်ကိုင်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ နေပူထဲမှ ပြန်ရောက်‌ရောက်ချင်း ရေချိုးခြင်း၊ မြစ်ချောင်းများတွင် နေ့လယ်ပိုင်းရေချိုးခြင်းကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်သည်။ အပူဒဏ်မှ ကာကွယ်နိုင်ရန် ပူပြင်းသောနေ့အချိန်များ တွင် တတ်နိုင်သမျှအပြင်မထွက်ဘဲ အရိပ်ရ ပြီး လေဝင်လေထွက်ကောင်းသော၊ အေးမြ သောနေရာများ၌ နေထိုင်သင့်သည်။ မဖြစ်မနေ အပြင်ထွက်ရမည် ဆိုပါက ထီး၊ ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ နေ‌ရောင်ကာခရင်မ်လိမ်းခြင်း၊ ပေါ့ပါး၍ အရောင်ဖျော့သည့် အဝတ်များ ရွေးချယ်ဝတ်ဆင်ခြင်း၊ ရေများများသောက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ချွေးထွက်များလာပါက ဓာတ်ဆားရည် သင့်တင့်သလောက် သောက်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုပါက နံနက်စောစောနှင့် ညနေပိုင်းအချိန်တို့တွင် ပြုလုပ်သင့်သည်။
အပူဒဏ်ဝေဒနာများ သက်သာရန်နှင့် အရေပြားရှိ မိတ်ဖု၊ ယားဖုများသက်သာစေရန် ရေအေးဝတ်ကပ်ပေးခြင်း၊ သနပ်ခါး လိမ်းခြင်းနှင့် ရှားစောင်းလက်ပပ်အနှစ်များ လိမ်းခြင်းတို့ပြုလုပ်ပေးနိုင်သည်။ ကိုယ်အပူချိန် တက်လာခြင်းကို ရေအေးဖတ်တိုက်ပေးခြင်း၊ ရေဖျန်းပေးခြင်း၊ ပန်ကာ၊ လေအေးပေးစက်များ ဖွင့်ပေးခြင်းနှင့်အတူ ဆုံးရှုံးသွားသော ရေဓာတ်၊ ဆားဓာတ်များကိုလည်း ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်သည်။ သွေးပေါင်ကျ သတိလစ်မေ့မြောပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူရမည် ဖြစ်သည်။ အပူပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် အပူဒဏ်ကြောင့် ဖြစ်ရသည့် ဝေဒနာများ၊ အသက်အန္တရာယ် ဆုံးရှုံးမှုများ သက်သာစေရန် အန္တရာယ်ရှိသည့် အပြုအမူများကို ရှောင်ကြဉ်၍ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန်နှင့် အပူဒဏ်၏ ဝေဒနာများကို သိရှိနားလည်ကာ အချိန်မီကုသမှုခံယူနိုင်ရန် ရေးသား တင်ပြလိုက်ရပါသည်။ ။
ဒေါက်တာဉမ္မာစော