အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်)
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေး
ပညာရေးသည် လူမှုအဖွဲ့အစည်းရှင်သန်မှု၏ အသက်ဝိညာဉ်ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုများဆက်လက်ရှင်သန်ရန်ပညာရေးကစွမ်းဆောင်နိုင်သည်။ လူတစ်ဦး ချင်းမှသည်လူ့အဖွဲ့ အစည်းအားလုံး၏ ဖွံ့ဖြိုးမှုမဏ္ဍိုင်မှာလည်းပညာရေးသာဖြစ်သည်။ လူသားတို့၏မွေးရာပါအရည်အသွေး ကောင်းများကိုပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ထက်မြက် လာစေရန် လေ့ကျင့်ပေးသည့်လုပ်ငန်းမှာလည်း ပညာရေးသာဖြစ်သည်။ ပညာရေးအဆင့်အတန်းမြင့်မားသည့် လူ့အဖွဲ့အစည်းတိုင်းသည် ကမ္ဘာ့ထိပ်တန်း၌ ရှိကြသည်။
ပညာရေးအဆင့်အတန်းနိမ့်ကျသောနိုင်ငံနှင့်လူမျိုးသည် ဖွံ့ဖြိုးမှုအားနည်းသည့် အခြေအနေ တွင်သာရှိနေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မိမိနိုင်ငံ၏ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးကဏ္ဍမြင့်မားရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ ဖွင့်လှစ်ပေးနေခြင်းလည်းပါဝင်သည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် Naypyitaw State Polytechnic University ကို၂၁၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ပြီဖြစ်သည်။ Naypyitaw State Polytechnic University သည် နိုင်ငံတကာအဆင့်မီတက္ကသိုလ် အဖြစ်တည်ထောင်ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် သင်ကြားရေးပိုင်းဆိုင်ရာတွင်သာမက အဆောက်အအုံ ပိုင်းဆိုင်ရာ များတွင်လည်း အကောင်းမွန်ဆုံးတည်ဆောက်ထားသည်။
ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားပြီး သစ်ပင်ပန်းမန်များကိုစနစ်တကျထည့်သွင်းစိုက်ပျိုးထားလျက်ရှိသည်။ Naypyitaw State Polytechnic University ရှိ Theatre ခန်းမများ၊ စာသင်ခန်းများ၊ ICT နည်းပညာများကိုအသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နိုင်ရန်များ၊ အလုပ်ရုံနှင့် ရပ်ဌာန အလိုက် သင်ထောက်ကူ ပစ္စည်းများကိုလည်း စီစဉ်ထားရှိပြီးဖြစ်သည်။
ယခုဖွင့်လှစ်ပေးသည့် Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်စားမှုရှိသည့်တက္ကသိုလ်တစ်ခုဖြစ်သည်။
တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်ထားပြီးဖြစ်သည်။
လက်ရှိလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့်အရေအတွက်များအတွက်လည်း ကြိုတင်တွက်ချက် စဉ်းစားဆောင်ရွက်ထားခြင်းဖြစ်သည်။လူသားများ၏ဘဝသည် အသိပညာ၊ အတတ်ပညာပြည့်စုံမှုရှိ၊မရှိပေါ်တွင်မူတည်ပြီး ကွာခြားမှုများ၊ ပြောင်းလဲမှုများရှိနေခြင်းပင်ဖြစ်သည်။ ငယ်စဉ်ကတည်းကပညာကိုတစိုက်မတ်မတ်ဖြင့် ဆုံးခန်းတိုင် အောင်သင်ယူနိုင်ကြပါက ဘဝအတွက်ပိုမိုအကျိုးရှိမည်ဖြစ်သည်။ပညာတစ်စိတ်တစ်ပိုင်းဖြင့် ကျောင်းထွက် ကြရပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆုံးခန်းတိုင်မသင်နိုင်ကြပါက ပညာပြည့်ဝသင့်သလောက် မပြည့်ဝနိုင်ဘဲ ဘဝတွင်လိုအပ်ချက်များရှိနေကြရမည်ပင်ဖြစ်သည်။
မိမိတစ်ဦးချင်း၏လူမှုဘဝတိုးတက် ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကိုအလေးထား သင်ကြားကြရမည်ဖြစ်သည်။ ပညာတတ်များပေါကြွယ်ဝမှသာ နိုင်ငံ၏ဖွံ့ဖြိုးမှုများလည်း တိုးတက်လာ မည်ဖြစ်သည်။
နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် Green City Clean City, Smart City ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်ကိုပညာရေးမြို့တော် ဖြစ်လာစေရန်ရည်ရွယ်ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် အဆင့်မြင့်ကျွမ်းကျင်အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန်အတွက် ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် Naypyitaw State Polytechnic University ကို တည်ဆောက်ထားခြင်းဖြစ်ရာ အဆိုပါတက္ကသိုလ်တွင် အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့်ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့ သင်ကြားပေးနိုင်ရေးဆောင်ရွက် ထားရှိသည်။ ပညာရေးသည်လူသားတို့ဘဝတစ်လျှောက် မရှိမဖြစ်ဖြည့်ဆည်းထားရမည့်အရာဖြစ်သည်။ ပညာတတ်မှသာလူရာဝင်သည်ဆိုသည့်အတိုင်း ပညာတတ်များ များပြားမှသာနိုင်ငံတော်သည်လည်း ကမ္ဘာ့ အလယ်တွင်တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက်(၉)ရပ်၊ လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည် ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင် ရွက်ရေး” စသည့်ဦးတည်ချက်များလည်းပါဝင်ပြီး လူငယ်နှင့်ပညာရေးကဏ္ဍကို သိသိသာသာမြှင့်တင် ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ၏လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ကဏ္ဍမြင့်မားရေးအတွက် Naypyitaw State Polytechnic University ဖွင့်လှစ်ခြင်းကို ကြိုဆိုဂုဏ်ပြု ပါကြောင်း ရေးသားလိုက်ရပေသည်။