
ပန်ကရိယကင်ဆာ ကြိုတင်သတိပြုကာကွယ်ပါ
ဒေါက်တာသိင်္ဂီကျော်
ပန်ကရိယကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် ၁၂ ခုမြောက် အဖြစ်အများဆုံးကင်ဆာရောဂါတစ်ခုဖြစ် ပြီး အလွန်မြင့်မားသောလူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (HDI) ရှိသည့်နိုင်ငံများတွင်ပင် ပျမ်းမျှအားဖြင့်ကင်ဆာကြောင့်သေဆုံးမှုများ၏ တတိယမြောက် အကြောင်းရင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ပန်ကရိယ နှင့်ပတ်သက်သော အသိပညာနည်းပါးခြင်းသည်ရှင်သန်နှုန်းနိမ့်ကျရသည့်အကြောင်းရင်းတစ်ခုဖြစ်သည်။ ယခုအခါ နိုင်ငံတကာနှင့်ပြည်တွင်းအဖွဲ့အစည်းအမျိုးမျိုးသည် ပန်ကရိယကင်ဆာကို ကြိုတင် သိရှိနိုင်ရေး စောစီးစွာရောဂါရှာဖွေစစ်ဆေးရန်ရည်ရွယ်သည့်လှုံ့ဆော်မှုနှင့် လှုပ်ရှားမှုများမှတစ်ဆင့် ကုသမှုနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာအသိပညာမြှင့်တင်ရေးတွင် ပူးပေါင်းလက်တွဲဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိသည်။
ကမ္ဘာ့ပန်ကရိယကင်ဆာမဟာမိတ်အဖွဲ့(WPCC)သည် နိုင်ငံပေါင်း ၄၀ ကျော်နှင့် တိုက်ကြီးခြောက်တိုက်မှ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ပါဝင်သောကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခုဖြစ်ပြီး ပန်ကရိယ ကင်ဆာနှင့်ပတ်သက်၍ အသိပညာများတိုးတက် စေရန်နှင့် ကုသမှုရလဒ်များတိုးတက်ကောင်းမွန်စေ ရေး သုတေသနပြုမှုတိုးမြှင့်လုပ်ဆောင်ရန် အသိပညာ ပေးခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် ထောက်ခံအားပေးရန် ရည်ရွယ်၍ အတူတကွလုပ်ဆောင်လျက်ရှိကြပါသည်။ နှစ်စဉ် နိုဝင်ဘာလကို ပန်ကရိယကင်ဆာရောဂါဆိုင်ရာအသိပညာပေးလအဖြစ် သတ်မှတ်ပြီး၂၀၀၀ ပြည့်နှစ်ကတည်းက ကျင်းပလေ့ရှိခဲ့သည်။ ရည်ရွယ်ချက်မှာ ပန်ကရိယကင်ဆာဝေဒနာရှင်များ အတွက် အလားအလာတိုးတက်ကောင်းမွန်စေရန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ သုတေသီ များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ ၏လုပ်ဆောင်ချက်များကို အားပေးရန်ဖြစ်သည်။
ကမ္ဘာ့ပန်ကရိယကင်ဆာရောဂါနေ့သမိုင်း
ပန်ကရိယကင်ဆာကို တားဆီးကာကွယ်ရန် ကမ္ဘာ့ပန်ကရိယကင်ဆာမဟာမိတ်အဖွဲ့သည် ၂၀၁၄ ခုနှစ်တွင် ပထမဆုံးကမ္ဘာ့ပန်ကရိယကင်ဆာရောဂါနေ့ကို ကျင်းပခဲ့ပါသည်။ ကမ္ဘာ့ပန်ကရိယကင်ဆာ ရောဂါနေ့ကို နှစ်စဉ်နိုဝင်ဘာလ၏တတိယမြောက် ကြာသပတေးနေ့တွင် ကျင်းပသည်။ ထိုနေ့သည်သေဆုံးမှုအများဆုံးကင်ဆာအမျိုးအစားတစ်ခုဖြစ်သည့် ပန်ကရိယကင်ဆာကို ဖော်ထုတ်ပြသရန်နိုင်ငံတကာ၏ကြိုးပမ်းမှုဖြစ်သည်။ ပန်ကရိယကင်ဆာအား ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာက သတိပြုမိစေရန်ပြုလုပ်သည့် တစ်ရက်တာလူထုလှုပ်ရှားမှုတစ်ခုဖြစ်သည်။ ခရမ်းရောင်သည်ပန်ကရိယကင်ဆာအသိအမြင်နှင့်ဆက်စပ်နေသည့် အရောင်ဖြစ်၍ ထိုနေ့တွင် ခရမ်းရောင်အဝတ်အစား နှင့် အသုံးအဆောင်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ပံ့ပိုးမှုကိုပြသရန် နှိုးဆော်ထားပါသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့သည် ကမ္ဘာ့ ပန်ကရိယကင်ဆာရောဂါနေ့၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ထိုနေ့သည် ပန်ကရိယကင်ဆာဖြစ်နိုင်ခြေရှိသောအန္တရာယ်များ၊ ရောဂါလက္ခဏာများနှင့် ရွေးချယ်စရာကုသမှုများအကြောင်း အများပြည်သူအား အသိပညာပေးနိုင်ရန်ရည်ရွယ်ပြီးလူနာများနှင့် ၎င်းတို့၏ချစ်ရသူများအတွက်မျှော်လင့် ချက်များကို ရှင်သန်စေရန်ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "A Day of Action, A World of Difference" ဖြစ်ပြီး ပန်ကရိယကင်ဆာကို တိုက်ဖျက် ရန် စုပေါင်းလုပ်ဆောင်မှု၏အရေးပါမှုကို မီးမောင်း ထိုးပြပြီး ရောဂါရှာဖွေတွေ့ရှိသူများအတွက် မျှော်လင့် ချက်ရှိကြောင်း အလေးပေးဖော်ပြထားသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ကျန်းမာရေးအသိပညာ မျှဝေခြင်းဖြင့် ပန်ကရိယကင်ဆာရောဂါကို တားဆီး ကာကွယ်ရာတွင် ပါဝင်ကူညီပေးလိုခြင်းဖြစ်ပါသည်။
ပန်ကရိယ၏တည်နေရာနှင့်လုပ်ဆောင်ချက်
ပန်ကရိယ (မုန့်ချိုအိတ်) သည် ခန္ဓာကိုယ်ဝမ်းဗိုက် အတွင်းအစာအိမ်၏အနောက်ဘက်နှင့် ကျောရိုးကြား တွင် ကန့်လန့်ဖြတ်တည်ရှိနေပြီး ဦးခေါင်းပိုင်း၊ ခန္ဓာ ကိုယ်ပိုင်းနှင့် အမြီးပိုင်းဟူ၍ အစိတ်အပိုင်းသုံးခုဖြင့် ဖွဲ့စည်းထားသည်။ ပန်ကရိယသည် ခန္ဓာကိုယ်တွင်မရှိမဖြစ်လိုအပ်သောကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်ပြီးအစာချေဖျက်ရာတွင် လိုအပ်သောအင်ဇိုင်းများနှင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသည့် အင်ဆူ လင်အပါအဝင် ဟော်မုန်းများကို ထုတ်ပေးပါသည်။
ပန်ကရိယကင်ဆာ၏လက္ခဏာများ
ပန်ကရိယကင်ဆာသည် အစောပိုင်းအဆင့်တွင် မည်သည့်လက္ခဏာမျှမပြဘဲရှိနိုင်ပြီး အကျိတ်၏တည်နေရာပေါ်မူတည်၍ ရောဂါလက္ခဏာများကွဲပြားနိုင်သည်။ ရုတ်တရက်သွေးချိုရောဂါစတင်ခြင်းနှင့်အတူ ကိုယ်အလေးချိန်ကျလာခြင်း၊ မျက်လုံး နှင့်အသားဝါခြင်း၊ ဝမ်းဗိုက် သို့မဟုတ် နောက်ကျော တွင်အောင့်ခြင်း၊ အစာစားပြီး သို့မဟုတ် လဲလျောင်း ပြီးနောက် ပိုဆိုးခြင်း၊ အစာမကြေခြင်း၊ အစား အသောက်ပျက်ခြင်း၊ ဝမ်းအရောင်ဖျော့ဖျော့သွား ခြင်း၊ ဝမ်းအဖြူရောင်သွားခြင်း၊ ဆီးအညိုရောင်သွား ခြင်း၊ ယားယံခြင်းတို့ကို ခံစားရနိုင်ပါသည်။ အထူး သဖြင့် အသက် ၅၀ ကျော် ကိုယ်အလေးချိန်နည်း၍ ပိန်သူများနှင့် မိသားစုသွေးချိုရောဂါရာဇဝင်မရှိသူ များတွင် သွေးချိုရောဂါ ရုတ်တရက်စတင်လျှင် ပန်ကရိယကင်ဆာကိုသတိပြုပါ။
ပန်ကရိယကင်ဆာဖြစ်နိုင်ခြေရှိသောအကြောင်းရင်းများ
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အဝလွန်ခြင်း၊ အသက် ၅၀ ကျော်ကိုယ်အလေးချိန်နည်း၍ပိန်သူများတွင် သွေးချိုရောဂါရုတ်တရက်စတင်ခြင်း၊ ပန်ကရိယသွေးချိုရောဂါ၊ နာတာရှည်ပန်ကရိယရောင်ရောဂါ၊ ရှားပါးမျိုးရိုးဗီဇအခြေအနေတချို့ကြောင့် ပန်ကရိယကင်ဆာဖြစ်နိုင်ခြေမြင့်မားသူများ၊ ပန်ကရိယကင်ဆာမျိုးရိုးရှိသောမိသားစုဝင်များ။
ပန်ကရိယကင်ဆာရောဂါရှာဖွေစစ်ဆေးခြင်း
ပန်ကရိယကင်ဆာဖြစ်ပွားမှုကို စောစီးစွာရှာဖွေ တွေ့ရှိနိုင်ရန် ဖြစ်နိုင်ခြေရှိသူများကို ပုံမှန်စစ်ဆေး ရန် လိုအပ်ပါသည်။ ဝမ်းဗိုက်အတွင်းရှိ အင်္ဂါအစိတ် အပိုင်းများအား ပုံရိပ်ဖော်စစ်ဆေးခြင်း (CT,MRI,PET)၊ အစာအိမ်နှင့်အူလမ်းကြောင်းအတွင်းမှ မှန်ပြောင်းအသုံးပြု၍ အာထရာဆောင်းဖြင့် ပန်ကရိယ ၏ပုံရိပ်ကိုကြည့်ခြင်း၊ အသားစယူ၍စစ်ဆေးခြင်း၊သွေးထဲတွင်ပန်ကရိယကင်ဆာအမှတ်အသား CA ၁၉ ဒသမ ၉ ပမာဏကိုစစ်ဆေးခြင်း၊ မျိုးရိုးဗီဇစစ်ဆေးခြင်းနည်းလမ်းများဖြင့် တွေ့ရှိနိုင်သည်။
ကုသမှုနည်းလမ်းများ
ခွဲစိတ်ခြင်း၊ ဆေးဝါးများဖြင့်ကုသခြင်း၊ ဓာတ်ရောင် ခြည်ပေးခြင်းတို့ဖြစ်ပါသည်။ ကုထုံးရွေးချယ်ရာတွင် ကင်ဆာဖြစ်သည့်နေရာ၊ ကင်ဆာရောဂါအဆင့်၊ ခန္ဓာ ကိုယ်ကျန်းမာရေးနှင့် လူနာ၏ရွေးချယ်မှု စသည့် အချက်များပေါ်မူတည်၍ စဉ်းစားရန်ဖြစ်ပါသည်။
ကြိုတင်ကာကွယ်ရန်နည်းလမ်းများ
ပန်ကရိယကင်ဆာဖြစ်ပွားမှုကိုကာကွယ်ရန်နှင့်အန္တရာယ်ကိုလျှော့ချရန် အရက်သောက်သုံးမှုကိုထိန်းညှိခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းသိမ်း၍အဝမလွန်ရန်တားဆီးခြင်း၊ သွေးတွင်းအဆီများကိုပုံမှန်ဖြစ်ရန်ထိန်းချုပ်ခြင်း၊ အနီရောင်အသားများ၊သကြားပါသောအချိုရည်များနှင့် ပြုပြင်ထားသောအစားအစာများကိုလျှော့စားခြင်း၊ လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန် များကိုများများစားခြင်းနှင့် အန္တရာယ်ရှိသောလူနေမှု ပုံစံများကိုရှောင်ကြဉ်ခြင်းတို့လိုအပ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။