အမျိုးသားရေးကိုယ်ခံအားရှင်သန်ကောင်းမွန်ရေး

အမျိုးသားရေးကိုယ်ခံအားရှင်သန်ကောင်းမွန်ရေး

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်သည် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ ယခု ၁၃၈၆ ခုနှစ်တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (၂၅-၁၁-၂၀၂၄ရက်နေ့)သည် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ“ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့။” ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းသည် အဓိကအခန်း၌ ပါဝင်ခဲ့ပေသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် ကျွန်ုပ်တို့မြန်မာနိုင်ငံတော်နှင့် မြန်မာတစ်မျိုးသားလုံးကို ကျွန်သက်တမ်းရှည်အောင် ဆွဲဆန့်ထားသည်။ မြန်မာတစ်မျိုးသားလုံး အတွေးအမြင်ကျယ်ပြန့်လာပြီး မျက်စိပွင့်နားပွင့်လာမည်ကို လွန်စွာစိုးရိမ်လျက်ရှိသည်။ မျက်စိပိတ်နားပိတ်ဖြစ်အောင် ပညာရေးဖြင့် ပိတ်ပင်တားဆီးချိုးနှိမ်ထားသည်။ အသက်မွေးဝမ်းကျောင်းမှု ဖြစ်စေမည့် ပညာရပ်များကိုသင်ကြားမပေးဘဲ နယ်ချဲ့အလိုကျဩဇာခံသူများ ဖြစ်ပေါ်လာစေရုံသက်သက်သာသင်ကြားပေးသည်။ မြန်မာတစ်မျိုးသားလုံးအတွက် ကောင်းကျိုးမပြုသည့် တစ်လမ်းသွားကျွန်ပညာကိုသာသင်ကြားစေရာ အဆင့်မြင့်ပညာရပ်များကို သင်ယူလေ့ကျက်ရန် အခွင့်အလမ်းမှာလွန်စွာ နည်းပါးလွန်းလှသည်။ မြန်မာနိုင်ငံတွင် အိန္ဒိယတက္ကသိုလ်လက်အောက်ခံ ကောလိပ်အဆင့်မျှသာမည် ကာမတ္တဖွင့်လှစ်ပေးထားသည်။ ထို့ကြောင့်အိန္ဒိယနိုင်ငံနည်းတူ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဖွင့်လှစ်ပေးရန် မြန်မာတစ်မျိုးသားလုံးက တစ်ခဲနက်တောင်းဆိုကြသည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရက ဉာဏ်နီဉာဏ်နက်များလွန်းလှသည်။ ၁၉၂၀ ပြည့်နှစ်တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရက ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်မှုအမျိုးမျိုးပါသော တက္ကသိုလ်အက်ဥပဒေကိုရေးဆွဲလိုက်သည်။
ထိုတက္ကသိုလ်အက်ဥပဒေသည် မြန်မာခေတ်ပညာ တတ်လူငယ်များတိုးပွားမလာစေဘဲ ခေတ်ပညာ တတ်လူငယ်များ လျော့ပါးသွားစေရန်ရည်ရွယ်ပြီး ကန့်သတ်ချက်အမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေ ဖြစ်ပါသည်။ တစ်နည်းဆိုရသော် မြန်မာတစ်မျိုးသားလုံး၏ သင်ယူမှု အခွင့်အလမ်းကို ချိုးနှိမ်ထားသည့် လူကုံထံပညာရေးသာဖြစ်ပေသည်။ ထို့ကြောင့်မိဘပြည်သူများ၊ ကောလိပ်ကျောင်းတက်နေဆဲနှင့် ကောလိပ်ကျောင်းတက်ရန် တာစူနေသော ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ကြသည်။ တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းပေးရန် တောင်းဆိုကြသည်။ ကန့်ကွက်တောင်းဆို နေသည့်ကြားမှာပင် နယ်ချဲ့အင်္ဂလိပ်အစိုးရက တက္ကသိုလ်ဥပဒေကို အတင်းအဓမ္မပြဋ္ဌာန်းပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ရန်လုံးပန်းလာသည်။
သည်းမခံနိုင်တော့သည့်အဆုံး၌ ကောလိပ်ကျောင်းတက်နေဆဲ ကောလိပ်ကျောင်းသားများကမြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)တွင် သပိတ်မှောက်ဆန္ဒပြကြလေသည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကို မြန်မာ့လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းနေသော အမျိုးသားရေး အသင်းအဖွဲ့ဖြစ်သည့် ဂျီစီဘီအေအသင်းနှင့် အမျိုးသားရေးအမြင်ရှိပြီး အမျိုးသားရေး စိတ်ဓာတ်ခိုင်ကျည်သည့် မျိုးချစ်များ၊ ရဟန်းရှင်လူပြည်သူများ ပါဝင်ပူးပေါင်းလာကာ ဝန်းရံထောက်ခံအားပေးကြသည်။ ရန်ကုန်မြို့မှစတင်လိုက်သော ကျောင်းသားသပိတ်သည် မြန်မာတစ်နိုင်ငံလုံးသို့ ပြန့်ပွားသွားသည်။
ဂျီစီဘီအေအသင်းကြီးသည် သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများနှင့် ပညာသင်ယူရမည့်အရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းကို အဆုံးရှုံးမခံနိုင်ပေ။ ထို့ကြောင့်ဂျီစီဘီအေ အသင်းကြီးကဦးစီးပြီး အမျိုးသားကျောင်းများနှင့် အမျိုးသားကောလိပ်ကျောင်းကို ဖွင့်လှစ်လိုက်ကြသည်။ ရန်ကုန်မြို့ရှိ အမျိုးသားကောလိပ်နှင့် နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသားကျောင်းများက သင်ကြားလေ့ကျင့် ပေးမှုကြောင့် ပညာတတ်ရုံသာမက ဝံသာနုစိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်တို့ ပြင်းထန်လာသည်။ အမျိုးသားရေး အမြင်ကျယ်ပြန့်လာသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ တက်ကြွလာသည်။ ဇာတိသွေး ဇာတိမာန်များ နိုးကြားလာသည်။
အမျိုးသားရေး အင်အားတောင့်တင်းခိုင်ကျည်လာသည်။ အမျိုးသားရေးအသံများ ကျယ်ကျယ်လောင်လောင် ဟိန်းထွက်လာသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးက ဟိန်းထွက်လာသော အမျိုးသားရေးအသံများကြောင့် နယ်ချဲ့အင်္ဂလိပ်အစိုးရ မျက်ဖြူဆိုက်အကျပ်ရိုက်သွားသည်။ ဖိမ့်ဖိမ့်တုန်အောင်ထိတ်လန့်ကာ မျက်ကလဲဆန်ပျာဖြစ်လာသည်။ နှာခေါင်းကျည်ပွေ့တွေ့ရလေပြီ။ နယ်ချဲ့အင်္ဂလိပ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအား မဖြစ်မနေလွတ်လပ်ရေး ပေးရတော့မည်ကို ရိပ်စားမိလာကြသည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်က မြန်မာ့လွတ်လပ်ရေးကို သန္ဓေတည်ပေးနိုင်ခဲ့သည်။ ဂျီစီဘီအေအသင်း၏ အထူးကွန်ဖရင့်ကို ၁၉၂၂ ခုနှစ်ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ဂျူဗလီဟော၌ ကျင်းပခဲ့သည်။ ထိုကွန်ဖရင့်က လွတ်လပ်ရေးကို သန္ဓေတည်ပေးနိုင်ခဲ့သည့် ၁၂၈၂ ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) ကျောင်းသားသပိတ်ကို မှတ်တမ်းတင်ဂုဏ်ပြုသောအားဖြင့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသား အောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်လိုက်သည်။ ထိုအချိန်ကစပြီး နှစ်စဉ်တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ခံ့ခံ့ထည်ထည်ကျင်းပလာခဲ့သည်မှာ (၁၀၄)နှစ်မြောက်ပြီဖြစ်သည်။
ယခု (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို “တိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများ တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာ အတတ်ပညာပြည့်ဝသော ပညာတတ်များပေါများရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးတွင် တစ်နိုင်ငံလုံးကဝိုင်းဝန်းကူညီပံ့ပိုးရေး၊ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပမည်ဖြစ်သည်။
ဦးတည်ချက်(၄)ရပ် ပေါက်မြောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာတစ်မျိုး သားလုံး ကျယ်ပြန့်သော အမျိုးသားရေးအမြင်၊ နိုးကြားသော အမျိုးသားရေးအသိ၊ ခိုင်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဖွံ့ဖြိုးတိုးတက်လိုသော အမျိုးသားရေးဆန္ဒတို့ ပြင်းပြရှင်သန်နေရန် အရေးကြီးလှသည်။
မျက်မှောက်ကာလ နိုင်ငံတကာဖြစ်စဉ်များတွင် ဖွံ့ဖြိုးပြီး နိုင်ငံအချို့က ဖွံ့ဖြိုးဆဲနိုင်ငံများကို လက်အောက်ခံ တပည့်မွေးကာ ဩဇာလွှမ်းမိုးရန် တာစူနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်လာကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို မငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အချုပ်အခြာအာဏာကို မသိမသာထိပါးနေကြသည်။ ဆိုရသော်ယခင်က လက်နက်အသာစီးဖြင့် နယ်ချဲ့သည့်နည်းအစား ယခုအခါ နည်းပညာအသာစီးဖြင့် နယ်ချဲ့သည့်နည်းကို သုံးလာကြခြင်း ဖြစ်သည်။ ခေတ်သစ်နယ်ချဲ့နည်းဖြစ်သည်။ သို့အတွက်ကြောင့် အမျိုးသားရေး ကိုယ်ခံအားကျဆင်းနေသော ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် ကစဉ့်ကလျားဖြစ်ပြီး ဩဇာခံနိုင်ငံဘဝ ရောက်သွားကြရ၏။ ကျွန်ုပ်တို့သည် တစ်မျိုးသားလုံး၏ အမျိုးသားရေးကိုယ်ခံအား ရှင်သန်ကောင်းမွန် နေအောင် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ တစ်မျိုးသားလုံး၏ အမျိုးသားရေး အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်နေအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ တစ်ဦးချင်းစီ၏ အမျိုးသားရေးကိုယ်ခံအားရှင်သန် ကောင်းမွန်နေမှ တစ်မျိုးသားလုံး၏ အမျိုးသားရေးကိုယ်ခံအားလည်း ရှင်သန်ကောင်းမွန်နေမည်ဖြစ်သလို တစ်ဦးချင်းစီ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်နေမှ တစ်မျိုးသားလုံး၏ အမျိုးသားရေး အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။ တစ်မျိုးသားလုံး၏ အမျိုးသားရေးကိုယ်ခံအားရှင်သန်ရေးနှင့်တစ်မျိုးသားလုံး၏ အမျိုးသားရေး အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးက သော့ချက်ဖြစ်ပေသည်။
ယနေ့ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် “(က)တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာ စေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး။ (ခ)တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး။ (ဂ)နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” စသည့် လူမှုရေးဦးတည်ချက်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်များကို ကွက်ကွက်ကွင်းကွင်း၊ မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။
ထိုသို့ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေခြင်းသည် ရေတိုကောင်းကျိုးအတွက်သာ မျှော်မှန်းသည် မဟုတ်ပေ။ ရေရှည်ကောင်းကျိုးအတွက် မျှော်မှန်းပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ရေတိုတွင်သာမက ရေရှည်တွင်လည်း တစ်မျိုးသားလုံး၏ အမျိုးသားရေး ကိုယ်ခံအားရှင်သန်နေရမည် ဖြစ်သကဲ့သို့ တစ်မျိုးသားလုံး၏ အမျိုးသားရေး အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်နေရမည် မဟုတ်ပါလော။ ။
မောင်ချမ်းအေး