နိုင်ငံ့အတွက် နှစ်လယ်ကျောက်မျက်ရတနာပြပွဲ

နိုင်ငံ့အတွက် နှစ်လယ်ကျောက်မျက်ရတနာပြပွဲ

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။ ရေကောင်းမြေကောင်းကို ပိုင်ဆိုင်သည့်အတွက် ဆန်ရေစပါးပေါကြွယ်ဝသလို ပတ္တမြား၊ ပုလဲ၊ နီလာ၊ ကျောက်စိမ်းစသည့် တွင်းထွက်ရတနာများလည်းပေါကြွယ်လှသည်။ အဆိုပါကျောက်မျက်ရတနာများကို ပြပွဲခင်းကျင်းပြသခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးအမြတ်ဖြစ်ထွန်းမှုများ ရရှိစေရန် တူးဖော်ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာများကို တရားဝင်ရောင်းချပေးခြင်းဖြစ်သည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် မြန်မာနိုင်ငံ မှထွက်ရှိသော ကျောက်မျက်ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာစျေးကွက် ရာနှုန်းပြည့်ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတူးဖော် ထုတ်လုပ်သည့်လုပ်ငန်းကို ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များအား တူးဖော်လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့သည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အဖိုးတန်ကျောက်မျက်များ၊ ကျောက်စိမ်းများ၊ ပုလဲများနှင့်အချောထည်များကို နှစ်စဉ်ပြပွဲများ၊ နှစ်လယ်ပြပွဲများ၊ အထူးပြပွဲများကျင်းပ၍ ရောင်းချခဲ့ရာ ၁၉၉၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာသန်းပေါင်း ၂ဝဝ ကျော်ရရှိခဲ့ကြောင်းသိရသည်။ ကျောက်မျက်ရတနာများ ရောင်းချငွေမှလေးပုံတစ်ပုံမှာ ပုလဲများရောင်းချခြင်းမှရရှိခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျောက်မျက်ရတနာပြပွဲများကို နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပကုန်သည်များ ရောင်းဝယ်ဖောက်ကားခွင့်ရရှိအောင် ကျင်းပပေးသည့်အတွက် ကျောက်မျက်ရတနာရောင်းချသည့်အခါ လွဲမှားမှုမရှိခြင်း၊ ပစ္စည်းအစစ်များရရှိခြင်း၊ နိုင်ငံတော်က ဖြေလျှော့သည့်အခွင့်အရေး၊ အခွင့်အလမ်းများ ပေးထားခြင်းနှင့် ပြင်ပမှာဝယ်ရသည်ထက် စျေးနှုန်းသက်သာခြင်းတို့ကြောင့် ကုန်သည်များအနေဖြင့် ကျေနပ်အားရမှုရှိကြောင်း သိရှိရသည်။ အထူးသဖြင့်ကုန်သည်များအတွက် ယခုပွဲတွင် ကိုယ်တိုင်ရောင်းချခွင့် ရရှိသလို တခြားသူများ၏လေလံများ၊ မိုးကုတ်သဘာဝလေလံများကိုကြည့်ရှုခွင့်၊ ဝယ်ယူရောင်းချခွင့် ရရှိကြသည့်အတွက် ကျေနပ်အားရမှုရှိကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် ၂ဝ၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
၂ဝ၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈ဝ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆ဝ နှင့်ကျောက်စိမ်းအတွဲပေါင်း ၄၈ဝဝ တို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးခြင်းဖြစ်သည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခြင်းနှင့် ပတ်သက်၍ ပုလဲအတွဲများကို နိုဝင်ဘာလ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင်လည်းကောင်း၊ ကျောက်မျက်အတွဲများကို နိုဝင်ဘာလ ၂၁ ရက်တွင်လည်းကောင်း၊ အုပ်စု (အေ)နှင့်အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ အုပ်စု(အေ)နှင့်အုပ်စု(ဘီ)တို့မှ ကျောက်စိမ်းအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းစျေးသတ်မှတ်ထားရှိသည်။ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အားလုံးဝယ်ယူခွင့်ရှိသည်။ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် အုပ်စု(အေ)အတွက် နိုင်ငံခြားငွေနှင့် အုပ်စု(ဘီ)အတွက် နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။
အုပ်စု(စီ)မှကျောက်စိမ်းအတွဲများသည် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ် ရောင်းချခြင်းဖြစ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည်။ အဆိုပါ ကျောက်စိမ်းတွဲများအတွက် ကြမ်းခင်းစျေးကိုလည်း ကျပ်ငွေဖြင့်သတ်မှတ်ထားရှိကာ ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူနိုင်သည်။ ကျောက်စိမ်းအုပ်စု(စီ)မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို အခြေခံပြီး ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေသည့် MSME လုပ်ငန်းများ ကုန်ကြမ်းရရှိရန်အတွက် အခြေခံကျပ်ငွေနှင့် သတ်မှတ်ထားခြင်းဖြစ်သည်။ နှစ်လယ်ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိပြီး ဖွင့်ပွဲစတင်သည့်နေ့တွင် ပြည်တွင်း၊ ပြည်ပမှကျောက်မျက်ရတနာ လုပ်ငန်းရှင် ၄၅ဝဝ ကျော် လာရောက်လေ့လာကြည့်ရှုဝယ်ယူလျက်ရှိပေရာ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။