
မြစ်ကို အလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ဦးစံဖေနှင့်ကျွန်တော်သည် စနေနေ့ ဝေလီဝေလင်းကပင် အထုပ်ကလေးကိုယ်စီလွယ်ပြီး ရွာအရှေ့ဘက် ကာရီတမံရိုးအတိုင်း ခြေကျင်လျှောက်လာကြ၏။ လယ်ကွင်းပြင်ဆုံးလျှင် ငန်းတောင်မြစ်ကမ်းခြေသို့ ရောက်လာကြသည်။ လယ်သမားတစ်ဦးကို မြစ်တစ်ဖက်ကမ်းရှိ တပ်ရာရွာသားများပိုင် ခေါင်းဆွဲလယ်ကွင်းသို့ ကူးတို့ဖြင့် ပို့ခိုင်းလိုက်ကြ၏။ တပ်ရာရွာသားများ လယ်ကွင်းသို့အရောက်တွင် လယ်ကန်သင်းရိုးများကို ဖြတ်လျှောက်ပြီး လယ်ကွင်းအရှေ့ပိုင်းဆုံးအောင်အထိ လှမ်းလိုက်ကြရာ လယ်ကွင်းပြင်အဆုံးတွင် မြစ်ကြောင်းတစ်ခုကို တွေ့ပြန်သည်။ ကျွန်တော်တို့အရေးကြုံနေခဲ့ပြီဖြစ်၍ လယ်သမားများကိုပဲ အကူအညီတောင်းပြီး မြစ်တစ်ဖက်ကမ်းရှိ စဉ့်အိုးကွဲ လယ်ကွင်းသို့ပို့ပေးဖို့ အကူအညီ တောင်းလိုက်ကြပြန်သည်။
စဉ့်အိုးကွဲလယ်ကွင်း အရောက်တွင်လည်း ကျွန်တော်တို့ကား မနားပေ။ ဆွမ်းခံနေလှန်ချိန်ရောက်နေပြီဖြစ်၍ အချိန်သည် လွန်စွာတန်ဖိုးမြင့်နေပေပြီ။ သုတ်ခြေတင်ပြီး ဆက်လျှောက်မြဲလျှောက်ကြသည်။ လယ်ကွင်းပြင်ကြီးအဆုံးမှာတော့ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်စပ် မြို့နယ်ခြားတောင်ဆီးမြစ်ကြီးက ဆီးကြိုနေ
ပြန်သည်။ ကျွန်တော်တို့ လယ်သမားတစ်ဦးကို မြစ်ကြီးကိုဖြတ်ပြီး ကူးတို့ဖြင့်ပို့ပေးရန် အကူအညီ တောင်းလိုက်ကြပြန်၏။ စာသင်ကျောင်းဆောက်လုပ်ရေး ကိစ္စဆိုတော့ လယ်သမားများကလည်း မညည်းမညူပို့ပေးကြပါ၏။
မြစ်တစ်ဖက်ကမ်းသို့ အရောက်မှာတော့ အမ်းမြို့နယ် ဒုက္ကံရွာသားများပိုင် လယ်ကွင်းကြီးမှာ ရှုမောမဆုံးကျယ်ဘိသည်။ ဒုက္ကံရွာကိုလှမ်းကြည့်လျှင် ရိုးမတောင်ခြေတွင် ပျပျသာမြင်ရသည်။ ကျွန်တော်တို့တွေဝေမနေကြ။ ရေငန်တားတမံရိုးကြီးအတိုင်း အပြေးတစ်ပိုင်းလျှောက်လှမ်းလိုက်ကြသည်။ မနက်မလင်းခင်ကတည်းက မနားမနေ ခရီးနှင်လာခဲ့ကြခြင်းဖြစ်၍ ဝမ်းသမုဒ္ဒရာ အူအင်္ဂါက ဆာလှချေပြီ။ လူသူမနီးသည့် ကွင်းကြီးခေါင်ခေါင်တွင် အာဟာရအတွက် မည်သို့မျှကြံစည်မရကြ။ နေကလည်း ပူလိုက်သည်မှာ ပြောစရာမရှိပြီ။ နွေနေက ကျောကွဲမတတ် ပူလှပေသည်။
မွန်းလွဲပိုင်းလောက်တွင် အမ်းမြို့နယ် ဒုက္ကံရွာသို့ရောက်ရှိခဲ့ကြပါလေပြီ။ ချင်းလူမျိုးများနေထိုင်ကြသော ရွာကလေးပင်ဖြစ်သည်။ ဦးစံဖေ၏အသိ ချင်းအမျိုးသား အောင်ကျော်မင်းအိမ်ကိုမေးကြည့်ပြီး ဝင်နားလိုက်ကြ၏။ အောင်ကျော်မင်းအိမ်တွင်ပဲ မနက်စာစားပြီး ရခိုင်ရိုးမတောင်ခြေအတိုင်း ခရီးဆက်ခဲ့ကြပြန်
သည်။ ဝေးလံသော တောကြိုတောင်ကြားလမ်းဖြစ်၍ လူသူအသွားအလာလည်းမရှိကြ။
နေခြည်ညှိုးလာပြီမို့ ကြောက်စိတ်များဝင်လာကြသည်။ တောင်တန်းတစ်ခုကြားမှထွက်ကြ ချိန်တွင် ရှေ့ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ ရေနံဆီမီးခွက်မီးလေးများ မှိတ်တုတ်မှိတ်တုတ်ကို လှမ်းမြင်ကြရသည်။ မဝှမ်းရွာဟု ဦးစံဖေကပြောသည်။ မိုးချုပ်ချိန်မှာတော့ ကျွန်တော်တို့ ရွာထဲသို့ ရောက်ခဲ့ကြလေပြီ။ မဝှမ်းရွာကိုရောက်တော့ ဦးအောင်တင်(ကျောင်းအုပ်) (မာန်အောင်ကျွန်းသား) အိမ်မှာပဲ တည်းခိုပြီး ညအိပ်လိုက်ကြသည်။
မြစ်အတန်တန်ကိုဖြတ်၊ လယ်ကွင်းစပ်ကိုကျော်ပြီး ရိုးမတောင်ကြီး တောင်ခြေလမ်းအတိုင်း မနားတမ်းလျှောက်လှမ်းလာခဲ့ရသော ခရီးကြမ်းက လွယ်မတဲ့လား။ ကျောင်းဆရာဘဝကို မြတ်နိုးတွယ်တာ တန်ဖိုးထားလွန်းလှသော ကျွန်တော်မောသည်ဟု သဘောမထားခဲ့ပါ။ ကျေးလက်နေ ရင်သွေးငယ်များ၏ ပညာရေးမို့ ချွေးမြေကျအောင်အထိ ကြိုးစားခဲ့ခြင်းပင်ဖြစ်ပေသည်ဟုဆိုက မှားမတဲ့လား။
တနင်္ဂနွေနေ့မနက်တွင်တော့ မဝှမ်းရွာနေ ဆရာဦးအောင်တင်နှင့်ပဲ သစ်ပို့ပေးနိုင်သည့်လူကိုစုံစမ်းပြီး အစီအစဉ်ချလိုက်ကြသည်။
မွန်းလွဲပိုင်းလောက်ရောက်မှပဲ လုပ်ငန်းအဆင်ပြေသွားတော့သည်။
"ကဲ ဆရာကြီးရေ ကျွန်တော်မနက်ဖြန် တနင်္လာနေ့ကျောင်းချိန်မီဖို့လိုတယ်၊ သွားလိုက်ဦးမယ်နော်"
"ဒါနဲ့ ဆရာကြီးဦးဘညွန့်ကို ပြောရဦးမယ်၊ နေမဝင်ခင်တော့ ဒုက္ကံရွာအရောက်သွားရမှာနော်၊ အဲဒီတစ်ဝိုက်မှာ ကျားရောက်နေတယ်ကြားတယ်ဗျ"
"ဟုတ်လား ကံတရားပဲ သွားပြီဗျာ"
ဦးစံဖေနှင့်ကျွန်တော်ကား ခြေကုန်သုတ်ခဲ့ကြပြန်လေပြီ။ လမ်းတစ်ဝက်မှာပဲ နေခြည်ညှိုးလို့ မှောင်ရီပျိုးခဲ့ပြန်လေပြီ။
"ဦးစံဖေရေ တို့ ဒီအတိုင်းသွားရင် ဒုက္ကံကို ညနက်မှရောက်မှာ၊ ကဲ ပြေးလိုက်ကြစို့"
ဦးစံဖေနှင့် ကျွန်တော်တို့ကား တာထွက်ကြသည့် အပြေးသမားများနှယ် တစ်ယောက်နောက် တစ်ယောက်လိုက်ကာ ပြိုင်တူပြေးခဲ့ကြလေပြီ။ တောလမ်းတစ်လျှောက် အစွန်းထွက်နေကြသော သစ်ခက်သစ်ရွက်တို့က ရိုးမတောလမ်းသွားခရီးသည်နှစ်ဦးအား မညှာမတာရိုက်နှက်ကြ၏။ သို့သော် ကျွန်တော်တို့ကား မဖြုံပေ၊ ပြေးမြဲပြေးကြ၏။ ကလေးမဟုတ် သူငယ်မဟုတ် တောလမ်းထဲပြေးနေကြသည်မှာ လူမြင်လျှင် ရယ်ဖွယ်ရာလည်းဖြစ်ချေ၏။ ပြောရလျှင် ကျွန်တော်တို့နှစ်ယောက်မှာ ညအချိန် လူသူအသွားအလာ မရှိသည့်အချိန်ဖြစ်၍ အရဲစွန့်ပြီး ပြေးနေ ကြခြင်းပင်ဖြစ်သည်။ သို့သော် ကျွန်တော်တို့နှစ်ယောက် တောက်လျှောက်မပြေးနိုင်ကြပေ။ အနှေးသွားလိုက်၊ ပြေးလိုက်နှင့်ပဲ မနားတမ်းလှမ်းခဲ့ကြသည်။ ဒုက္ကံရွာအရောက်တွင် အောင်ကျော်မင်းတို့အိမ်မှာပဲ ညအိပ်တည်းခိုလိုက်ကြသည်။
ဆက်လက်ဖော်ပြပါမည်။