
သွေးတိုးရောဂါလား သွေးပေါင်ကျနေလား ကွဲကွဲပြားပြားသိစေချင်
လူတချို့က ကျန်းမာရေးအသိအမြင် အားနည်း၍သော်လည်းကောင်း၊ တစ်ကြိမ် တစ်ခါမျှ သွေးမတိုးဖူး၍သော်လည်း ကောင်း၊ သွေးပေါင်ကျသောအခြေအနေကိုမရိပ်စားမိ၍သော်လည်းကောင်း မိမိ သည် သွေးတိုးရောဂါလား၊ သွေးပေါင်ကျ နေလားမသိနိုင်ကြပေ။ ထို့ပြင် သွေးတိုး ရောဂါလက္ခဏာနှင့် သွေးပေါင်ကျရောဂါ လက္ခဏာများက ခပ်ဆင်ဆင်တူနေကြ သဖြင့် မိမိဘာဖြစ်နေသည်ကို မခန့်မှန်း တတ်ကြပေ။ ထို့ကြောင့် သွေးတိုးရောဂါနှင့် သွေးပေါင်ကျရောဂါတို့ အကြောင်းကို ကွဲကွဲပြားပြား သိရှိနားလည်စေရန် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။
သွေးတိုးရောဂါဆိုသည်မှာ
ကမ္ဘာတစ်ဝန်း သွေးတိုးရောဂါဖြစ်ပွားမှု တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် ပို၍မြင့်တက် လာကြသည်။ ထို့ကြောင့်လည်း ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို အသံတိတ် လူသတ်သမားဟု ခေါ်ကြသည်။ သွေးတိုးရောဂါသည် အချိန်အခါမရွေး၊ ရာသီဥတု မရွေးဖြစ်တတ်သည့် ရောဂါအမျိုးအစားဖြစ်ကာ အပူအကြောင်းခံ၍ သွေးတိုး ခြင်း၊အအေးအကြောင်းခံ၍ သွေးတိုးခြင်း နှင့် အပူအအေးနှစ်ပါးပြိုင်၍ သွေးတိုးခြင်း ဟူ၍ သုံးမျိုးရှိသည်။
သွေးဖိအားကို မီလီမီတာမာကျူရီ
ယူနစ်ဖြင့်တိုင်းတာ၍ နှလုံးကြွက်သားညှစ်ထုတ်စဉ် သွေးကြောအတွင်းဖြစ်ပေါ် နေသောဖိအားကို အပေါ်သွေးဟုခေါ်ပြီး နှလုံးကြွက်သား မူလအတိုင်းပြန်ဆန့်စဉ် ဖြစ်ပေါ်နေသောဖိအားကို အောက်သွေး ဟုခေါ်သည်။အသက် ၁၈ နှစ်နှင့်အထက် ရှိသူအားလုံး၏ သွေးဖိအား အခြေအနေ ကို ပုံမှန်သွေးဖိအား၊ ပုံမှန်ထက် မြင့်မားပြီး သွေးတိုးမဟုတ်သည့် အခြေအနေ၊ အဆင့်-၁ သွေးတိုးရောဂါနှင့် အဆင့်-၂ သွေးတိုး ရောဂါဟူ၍ အပိုင်းလေးပိုင်းခွဲခြားသတ် မှတ်လေ့ရှိသည်။
အပေါ်သွေး ၁၂၀ အောက်နှင့် အောက် သွေး ၈၀ အောက်သည် ပုံမှန်သွေးဖိအား ဖြစ်သည်။ အပေါ်သွေး ၁၂၀ မှ ၁၃၉ ကြား နှင့် အောက်သွေး ၈၀ မှ ၈၉ ကြားသည် ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ် သေးသည့်အခြေအနေဟု ယူဆလေ့ရှိ သည်။ အပေါ်သွေး ၁၄၀ မှ ၁၅၉ ကြားနှင့် အောက်သွေး ၉၀ မှ ၉၉ ကြားကို သွေးတိုး ရောဂါ အဆင့်-၁ အဖြစ် သတ်မှတ်သည်။ အပေါ်သွေး ၁၆၀ နှင့်အထက်၊ အောက်သွေး ၁၀၀ နှင့်အထက်သည် သွေးတိုး ရောဂါ အဆင့်-၂ ဖြစ်၍ စိုးရိမ်ရသည်။
သွေးပေါင်ကျခြင်းဆိုသည်မှာ
ကျန်းမာရေးကောင်းမွန်သော အရွယ်ရောက်သူတစ်ဦး၏ ပုံမှန်သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိသင့်သည်။ အကယ်၍ သွေးပေါင်ချိန်သည် အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ အောက် သို့ ထိုးဆင်းသွားခြင်းကို သွေးပေါင်ကျသည်ဟု ခေါ်ဆိုနိုင်သည်။ ရုတ်တရက် သွေးပေါင်ကျခြင်းသည် ရုတ်တရက်သွေးတိုးခြင်းကဲ့သို့ အသက်အန္တရာယ်စိုးရိမ်ရ သည်။ နာတာရှည်သွေးပေါင်ကျခြင်း ကြောင့် ခန္ဓာကိုယ်၏ အရေးကြီးအစိတ်အပိုင်းများ အောက်ဆီဂျင်ပြတ်လပ်ကာ နောက်ဆုံးတွင် နှလုံး၊ ဦးနှောက်အာရုံ ကြောနှင့်သွေးပြန်ကြောများကို ထိခိုက် ပျက်စီးစေသည်။
သွေးတိုးရောဂါလက္ခဏာများ
သွေးတိုးရောဂါရှိသူများ၏ ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာမျှ ထွေထွေထူးထူးမပြတတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို သွေးတိုးနေမှန်း မသိနိုင်ကြခြင်းဖြစ်သည်။ လူအများစုဖြစ်တတ်သော သွေးတိုးရောဂါအစပိုင်း လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း၊ နားအူခြင်း၊ မျက်နှာ ရောင်အန်းခြင်း၊ မျက်နှာနီခြင်း၊ နှာခေါင်း သွေးလျှံခြင်း၊ မျက်ခွံမို့အစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းစသည်တို့ဖြစ်သည်။ အမျိုး သမီးများ ဓမ္မတာလာနေစဉ် သွေးဖိအားတိုးလေ့ရှိသည်။
သွေးတိုးရောဂါ၏ သဘောသဘာ၀ သည် ရောဂါစဖြစ်ပြီဆိုသည်နှင့် ဆက်တိုက် သွေးတိုးသွားရန်သာရှိသည်။ ပြန်ကောင်း သွားစရာအကြောင်းမရှိပေ။ ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာ ဖြစ်သည်။ ထို့ကြောင့် နာတာရှည်သွေးတိုး ရောဂါမဖြစ်စေရန် ဆရာဝန်နှင့်ဆွေးနွေးကာ သွေးကျဆေးနေ့စဉ် သောက်သုံးသင့်သည်။ သွေးတိုးရောဂါအတွက် သောက်ရမည့် ဆေးအမျိုးအစားသည် တခြားပဋိဇီ၀ အကိုက်အခဲ ပျောက်ဆေးများကဲ့သို့ သောက်သုံးသူကို ဆေးယဉ်ပါးခြင်း(ဆေး မတိုးခြင်း) ပြဿနာလုံး၀ မဖြစ်နိုင်ပေ။ ထို့ကြောင့် မိမိသဘောဖြင့် ရောဂါလက္ခဏာပေါ်လျှင် ဆေးသောက်မည်၊ ရောဂါလက္ခဏာမပေါ်လျှင် ဆေးမသောက်ဘဲ နေဦးမည်ဆိုသည်မျိုး မပြုလုပ်သင့်ပေ။
မည်သည့် ရောဂါလက္ခဏာမျှမပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွား ရှိနေနိုင်သည်ကို အထူးသတိပြုစေလိုပါသည်။
သွေးပေါင်ကျလက္ခဏာများ
သွေးပေါင်ကျခြင်းကလည်း သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တတ်ပါသည်။ ထို့ပြင် မူးနောက် နောက်ဖြစ်ခြင်း၊ အီလည်လည်ဖြစ်ခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ အမြင်အာရုံဝေဝါး ခြင်း၊ ရေငတ်ခြင်း၊ နှုတ်ခမ်း၊ လက်ဖဝါး၊ မျက်တွင်းသား၊ ခြေဖဝါးနှင့် အရေပြား အရောင်ဖျော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးလျင်မြန်စွာခုန်လာခြင်း၊ အသက် ပြင်းပြင်းမရှူနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်မေ့မျောခြင်း၊ ရုတ်တရက်မွန်းကျပ်ခြင်း စသည်တို့မှာ သွေးပေါင်ကျ လက္ခဏာများဖြစ်ကြသည်။
သွေးတိုးရောဂါဖြစ်ရသောအကြောင်းရင်း
သွေးတိုးရောဂါရှိသူများ၏ ၉၀-၉၅ ရာခိုင်နှုန်းခန့်မှာ အကြောင်းရင်းတိတိကျကျမသိရဘဲ သွေးတိုးနေကြပြီး ကျန် ၅-၁၀ ရာခိုင်နှုန်းခန့်က ခန္ဓာကိုယ်တွင်း ရောဂါတစ်မျိုးမျိုး စွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါ ခံစားလာကြရသည်။ အထူးသဖြင့် အိပ်ရေးမ၀ခြင်း၊ အမျက်ဒေါသကြီး ခြင်း၊ နိစ္စဓူဝနေထိုင် စားသောက်မှုပုံစံမမှန်ခြင်း၊ ပတ်၀န်းကျင်ဆူညံသံများ စသည်တို့ကြောင့် သွေးတိုးရောဂါဖြစ်လာကြသည်။ ကျောက်ကပ်ရောဂါ အမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ၊ Cocaine၊ Cyclosporine၊ Erythro-poietin၊ Adrenergic စသည့် ပဋိဇီ၀ဆေးများမှီဝဲသောက်သုံးရခြင်း၏ ဘေး ထွက်ဆိုးကျိုးများ၊ ကိုယ်၀န်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံသောက် ခြင်းနှင့် ပူပြင်းသော နေရောင်ခြည်အောက် အချိန်ကြာမြင့်စွာသွားလာခြင်း စသည်တို့ကြောင့်လည်း သွေးတိုးရောဂါဖြစ်လာရသည်။
သွေးပေါင်ကျရသောအကြောင်းရင်း
ပျမ်းမျှ အမျိုးသား၊အမျိုးသမီး ၁၀ ဦး လျှင် သုည ဒသမ ၅ ဦးနှုန်းခန့် မွေးရာပါ သွေးပေါင်ကျရောဂါ ဖြစ်လာတတ်သည်။ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချို၊ ဂလူးကို့စ်ကျဆင်းခြင်း၊ ဟော်မုန်းမျှတမှုမရှိခြင်း၊ ဓာတ်မတည့်ခြင်း၊ သွေးမလျှောက်ရောဂါ စသည်တို့ ကြောင့် သွေးပေါင်ကျစေသည်။ ထို့ပြင် သွေးတိုးကျဆေးများ ဆက်တိုက်သောက် သုံးခြင်း၊ နှလုံးရောဂါ ပျောက်ဆေး၊ လေဖြတ်ရောဂါနှင့် အသည်းရောဂါဆေး မှီဝဲကြရသူများတွင်လည်း ထိုဆေးများ၏ ဘေးထွက် ဆိုးကျိုးကြောင့် သွေးပေါင်ကျလာရသည်။ ကိုယ်ဝန်ဆောင်မိခင်လောင်း များမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ် စီးဆင်းမှုချဲ့ထွင်ပေးရသဖြင့် မကြာခဏ သွေးပေါင်ကျလေ့ရှိသည်။ အမျိုးသမီး တချို့ လစဉ်ဓမ္မတာဆင်းလွန်းခြင်းကြောင့် လည်း သွေးပေါင်ကျတတ်သည်။
သွေးတိုးရောဂါအတွက် ဘ၀နေထိုင်မှုပုံစံ
အဝမလွန်စေရန် ထိန်းသိမ်းထားရမည် ဖြစ်ပြီး BMI ကို ၁၈ ဒသမ ၅ မှ ၂၄ ဒသမ ၅ အတွင်း ရှိနေသင့်သည်။ လမ်းသွက် သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူး ခြင်း စသည့်ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများ တစ်နေ့ မိနစ် ၃၀ ပုံမှန်လုပ်ပေး ပါ။ စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ အမျက်ဒေါသထွက်ခြင်းတို့က သွေးတိုးစေ နိုင်သဖြင့် အတတ်နိုင်ဆုံး စိတ်အေးချမ်းသာစွာနေထိုင်ပါ။ နေပူဆာလှုံရင်း လမ်းလျှောက်ပါ။ သီတင်းတစ်ပတ်လျှင် နှလုံးအားကောင်းစေသော လေ့ကျင့်ခန်း ကို လေးကြိမ်မှ ငါးကြိမ်အထိပြုလုပ်ပါ။ နံနက်နှင့်ညနေတို့တွင် ၁၀ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ။ တရား ရှုမှတ်ပါ။ ယောဂကျင့်ပါ။ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့် အချိန်ပေး၍နေပါ။ သာယာငြိမ့်ညောင်းသော တေးသီချင်းများ နားဆင်ပြီး သက်သောင့် သက်သာဖြစ်အောင်နေပါ။ အိပ်ရေးမဝ ခြင်းကလည်း သွေးတိုးစေနိုင်သည်ကို သတိရှိပါ။ ထို့ကြောင့် ညဉ့်နက်ခံ၍ အွန်လိုင်းသုံးခြင်း၊ ဂိမ်းဆော့ခြင်းများကို ဆင်ခြင်ပါ။
သွေးပေါင်ကျခြင်းအတွက် ဘ၀နေထိုင်မှုပုံစံ
ခြေထောက်မှသွေးများ နှလုံးထံ ပြန်လည်စီးဆင်းလာစေရန် အိပ်ရာထက်တွင်ပက်လက်လှန်ပြီး ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာလှုပ်ရှား ပေးပါ။ ယောဂကျင့်စဉ်ကလည်း စိတ်တည်ငြိမ်၍ အာရုံကြောအဖွဲ့အစည်းကို မျှတစေသည့်အပြင် သွေးလည်ပတ် စီးဆင်းမှုကို တိုးတက်ကောင်းမွန်လာစေသည်။ အချိန် ကြာကြာမတ်တတ်မရပ်ပါနှင့်။ ထိုင်ရာမှ ချက်ချင်းမတ်တတ်ထရပ်ခြင်း သို့မဟုတ် ဦးခေါင်းကို တစ်ဖက်သို့ ရုတ်တရက် လှည့်ခြင်းမပြုလုပ်ရပါ။ ချွေးထွက်မလွန်အောင် နေအပူရှိန် သို့မဟုတ် မီးပူဒဏ် မခံပါနှင့်။ လျှပ်စစ်ပစ္စည်းများကို အား ဖြည့်သွင်းသကဲ့သို့ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်လည်ဖြည့်ပေးရန် လိုအပ်ပါသည်။
ထို့အတွက် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ တရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါးစလုံးအတွက် သဘာ၀အားဖြည့်ဆေးဖြစ်သည်။ ဖြည်းဖြည်းမှန်မှန်လမ်း လျှောက်၍ အသက်ရှူသွင်းလေ့ကျင့်ခန်း က သွေးလည်ပတ်စီးဆင်းမှုကို ကောင်း မွန်တိုးတက်စေသည်။ နေ့စဉ် မိနစ် ၂၀ ခန့် လမ်းလျှောက်ရင်း လေရှူသွင်းပါ။ လေတစ်ကြိမ်ရှူလိုက်တိုင်း အနည်းဆုံးသုံးမိနစ်ကြာအောင်ရှိုက်ပါ။
သွေးတိုးရောဂါအတွက် ဆောင်ရန် ရှောင်ရန်အစားအစာများ
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားသော နို့နှင့်နို့ထွက်ပစ္စည်း များကိုပိုစားပါ။ ဆား(ဆိုဒီယမ်) ပမာဏ ပါ၀င်မှုနည်းသော အစားအစာများကို ရွေးချယ်ပါ။ အရသာကောင်းမွန်စေရန် ပြုပြင်ထားသော အစားအစာများနှင့် အသင့်စားအစားအစာများတွင် ဆားပါဝင်မှုများ၍ သတိပြုပါ။ ငါးကို အနည်းဆုံး တစ်ပတ်လျှင် သုံးရက်စားပေးပါ။ အဆီ ပါဝင်မှုများသော အနီရောင်အသားများနှင့် ကြက်၊ ဘဲ အရေခွံများကိုရှောင်ပါ။
သွေးပေါင်ကျခြင်းအတွက် ဆောင်ရန် ရှောင်ရန်အစားအစာများ
ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးခြင်းက သွေးပေါင်ချိန်ကျစေသဖြင့် ရေဓာတ် မဆုံးရှုံးရအောင် တစ်နေ့လျှင် အနည်းဆုံး သောက်ရေရှစ်ခွက် သို့မဟုတ် အရည်ရွှမ်း သောသစ်သီးများစားပေးပါ။ ဆားနှင့် ဆိုဒီယမ်ဓာတ် ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေသည် သို့သော် အလွန်အကျွံမစားပါနှင့်။ စပျစ်သီးခြောက် ၁၀ လုံးကို ရေတစ်ညသိပ်ပြီးစားပါ။ ဤနည်းအတိုင်း တစ်လတိတိစားပါက သွေးပေါင်ချိန် ပုံမှန်ဖြစ်လာ စေသည်။ မြေပဲတွင် ဗီတာမင်နှင့်ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါရှိသဖြင့် မြေပဲကြော်စားပေးပါ။ ဆီကြော်မုန့်များနှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်းက သွေးပေါင်အတက်၊ အကျကြမ်းစေရုံ သာမက ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများလည်း ဖြစ်လာစေသည်။ ဗီတာမင် C ကြွယ်၀သော သံပရာသီးကို ဆား၊ သကြား နှင့် သင့်ရုံဖျော်သောက်ပေးခြင်းက အမူးအမော်ပြေစေပြီး သွေးပေါင်ချိန်ပုံမှန် ဖြစ်လာစေသည်။ အစားအစာများကို နည်းနည်းနှင့် မကြာခဏစားပေးခြင်းက သွေးပေါင်ချိန် ရုတ်တရက် လျော့ကျခြင်းမှ ကာကွယ်ပေးသည်။
ပေါက်ပေါက်