ဟိုင်းကြီးကျွန်းမြို့၌ ကြားသီးနှံအဖြစ် ဝဥပင်များကို တိုးချဲ့စိုက်ပျိုးလာ
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ တောင်သူများ အနေဖြင့် နှစ်ရှည်ပင်များကြား၌ ဝဥပင်များကို ယခုနှစ်တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။ ''လက်ရှိမှာ ဝဥကို ၁ဝ ဧကနီးပါး စိုက်ပျိုးထားပါတယ်။ မျိုးကတော့ ဒေသထွက်မျိုးပဲ။ ပျိုးပင်ပေါက်ကတော့ တစ်ပင်ကို ငွေကျပ် ၁ဝဝ နဲ့ ဝယ်ရပါတယ်။ အဓိကအားဖြင့် ဈေးကွက်အနေအထား တိကျခိုင်မာတယ်ဆိုရင် ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးမယ့် တောင်သူတွေ များပါတယ်။
ဝဥစိုက်ခင်းတွေ အောင်မြင်မယ်ဆိုရင် တောင်သူတွေအနေနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးတာပေါ့'' ဟု ဝဥစိုက်ပျိုးသူ တစ်ဦးက ပြောသည်။ ဝဥများမှာ မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ သဘာဝအလျောက် ပေါက်ရောက် နေသည်ကို တွေ့ရှိရပြီး ဝဥအမျိုးပေါင်း ၁ဝဝ ကျော်ရှိသည့် အနက် ၁၂ မျိုးခန့်ကိုသာ ဖော်ထုတ်သုံးစွဲလျက် ရှိကြောင်း၊ ဝဥကို စားသုံးကုန်အဖြစ် လည်းကောင်း၊ တိုင်းရင်းဆေးအနေဖြင့် လည်းကောင်း၊ အလှကုန်ပစ္စည်း ကုန်ကြမ်းအဖြစ် လည်းကောင်း၊ စက်မှုကုန်ကြမ်း အနေဖြင့်လည်းကောင်း အသုံးပြုမှုများသည့် အတွက် ဈေးကွက်အတွင်း ဝယ်လိုအား ကောင်းပြီး စီးပွားရေးအရလည်း တွက်ခြေကိုက်သည့် အပင်မျိုး ဖြစ်ကာ ပူနွေးစိုစွတ်သည့် ရာသီဥတုနှင့် လောင်းရိပ်ကြိုက်သည့် အပင်မျိုး ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များက ဝဥဝယ်လိုအား ကောင်းပြီး တူးယူရောင်းချသူများသဖြင့် နှစ်အနည်းငယ်အတွင်း ဝဥမျိုးစိတ်များ မျိုးသုဉ်းသွားနိုင်ကြောင်း၊ ယခုကဲ့သို့ စနစ်တကျစိုက်ပျိုးထားမည် ဆိုပါက တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့်အပြင် ဝဥမျိုးစိတ်များ မျိုးသုဉ်းမသွားစေရန် ထိန်းသိမ်းရာ ရောက်ကြောင်း၊ ဝဥစိုက်ပျိုးရာတွင်၂ဝ ကျပ်သားခန့်ရှိ ဝဥများကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း၊ ဥကြီး များကို လေးစိတ်ခွဲ၍ စိုက်ပျိုးခြင်း၊ ဝဥ ပန်းခိုင်မှရရှိသော မျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးခြင်း၊ မြေကြီးထဲရှိ ဝဥမကြီးပေါ်မှ အဖုကလေးများကို ဖဲ့ယူ၍ စိုက်ပျိုးခြင်း၊ အရွက်ပေါ်မှ အသီးကလေးများကို ပျိုးထောင် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း မြေအပေါ်ပိုင်းပင်စည် မျိုးခြောက်သွားချိန်တွင် တူးဖော် ကြရကြောင်း သိရသည်။