အင်ဂျင်နီယာနှစ်တစ်ရာ ဂုဏ်ပြုလျက်ပါ
အင်ဂျင်နီယာပညာရေးသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက ရန်ကုန်တက္ကသိုလ်၌အင်ဂျင်နီယာ ဌာနကို ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်ပထမဆုံးဖွင့်လှစ်ခဲ့ခြင်းက စတင်ခြင်းဖြစ်ပြီး ၂ဝ၂၄ ခုနှစ်တွင် နှစ်(၁ဝဝ)သို့ရောက်ရှိလာပြီဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်အတွင်း တက္ကသိုလ်အင်ဂျင်နီယာပညာရေးကို ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်၌ အင်ဂျင်နီယာပညာမဟာဌာနအဖြစ် ပထမဆုံးစတင်ဖွဲ့စည်းခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် B.Sc(Engg.)ပရိုဂရမ်အဖြစ် မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် မြန်မာ့ပထမဦးဆုံးအင်ဂျင်နီယာဘွဲ့ရ ၂၅ ဦး စတင်မွေးထုတ်ပေးနိုင်ခဲ့သည်။
၁၉၉၁ ခုနှစ်တွင် မန္တလေးစက်မှုတက္ကသိုလ်၊ ၁၉၉၄ ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ၁၉၉၈ ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ်၊ ၂ဝဝ၂ ခုနှစ်တွင် အရှေ့တောင်အာရှတွင်တစ်ခုတည်းသောတက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တို့ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်ကအားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့်ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University နှင့် Polytechnic University ခုနစ်ခု၊ နည်းပညာတက္ကသိုလ် ၂၇ ခု၊ ကွန်ပျူတာတက္ကသိုလ် ၁၉ ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တစ်ခု၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တစ်ခု စုစုပေါင်းအင်ဂျင်နီယာပညာရပ်သင်ကြားပို့ချပေးသည့် တက္ကသိုလ် ၅၆ ခုအထိဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University ငါးခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် တစ်ပြိုင်နက်တည်းဖွင့်လှစ်ခဲ့သည်။
၂ဝ၂၄ ခုနှစ်သည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁ဝဝ)ပြည့်မြောက်သောအချိန်ဖြစ်သည်။
မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များသည် ပျူခေတ်၊ ပုဂံခေတ်မှစပြီးထွန်းကားခဲ့သည်ကို သမိုင်းအထောက်အထား မှတ်တမ်းများအရ တွေ့ရှိရသည်။ ပျူခေတ်မြန်မာ့ဗိသုကာ အမွေအနှစ်လက်ရာများကို ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့တွင် အထင်အရှား တွေ့ရှိရသည်။
ပုဂံခေတ်တွင်တည်ထားခဲ့သည့် အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရားတို့တွင်ရှိသည့် ဗိသုကာ လက်ရာများသည် မြန်မာတို့၏ ဗိသုကာပညာရပ်အဆင့်အတန်း မြင့်မားမှုကို အထင်အရှားဖော်ပြနေသည်။
ရတနာပုံခေတ်တွင် အင်ဂျင်နီယာပညာများဖွံ့ဖြိုးတိုးတက်လာပြီး ၁၈၅၈ ခုနှစ်မှ ၁၈၇၄ ခုနှစ်အတွင်း မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသားကြီးက ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ သကြားစက်ရုံ၊ သင်္ဘောစက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ရက်ကန်းစက်ရုံစသည့်ရတနာပုံခေတ်စက်ရုံများကိုတည်ထောင်ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် မောင်ရွှေအိုးက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ရှိသည့် ဗဟိုဝိဇ္ဇာတက္ကသိုလ်မှ သိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့အပြင် မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ဖန်ချက်ပညာဆိုင်ရာ စာတမ်းကို ဆက်သွင်းခဲ့သဖြင့် ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည့်မြန်မာ့ပထမဦးဆုံးသောအင်ဂျင်နီယာလည်းဖြစ်သည်။ ၁၈၆၆ ခုနှစ်တွင် ယောမင်းကြီးဦးဘိုးလှိုင်သည် အီတလီနိုင်ငံ၏ ဟိုတယ်ဒီဇိုင်းကို အခြေခံပြီး ယောမင်းကြီးအုတ်ကျောင်းကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ယောမင်းကြီးဦးဘိုးလှိုင်က မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ရေးသားပြုစုခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် မြန်မာ့ကြေးနန်းလိုင်းများကို စတင်သွယ်တန်းခဲ့သည်။ ကင်းဝန်မင်းကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၈၇၂ ခုနှစ်တွင် ဗြိတိန်နှင့်အခြားဥရောပနိုင်ငံများကို သွားရောက်ခဲ့ပြီး လမ်းနှင့်တံတား တည်ဆောက်မှုအပါအဝင် အနောက်တိုင်းပညာရေးစနစ်များ၊ အုပ်ချုပ်မှုနှင့် အခြေခံအဆောက်အအုံ များကို လေ့လာခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် စစ်ကိုင်းသံဖိုရုံကို အုတ်မြစ်ချ စတင်ဆောက်လုပ်နိုင်ခဲ့သည်။ ပြင်သစ်တွင် သံချက်ပညာသင်ယူခဲ့သည့် သံချက်ဝန်မင်း ဦးမြူက ကြီးကြပ်ပြီး သံပွတ်လုံးမှအစ သံပြား၊ သံလုံး၊ သံမြှောင်များ၊ လက်နက်များပြုလုပ်နိုင်ခဲ့သည်။
ခေတ်အဆက်ဆက်တွင် မြန်မာ့အင်ဂျင်နီယာနှင့်ဗိသုကာပညာရှင်အမြောက်အမြားပေါ်ထွန်းခဲ့သည်။
နေပြည််တော်မြို့တော် တည်ဆောက်ရေးနှင့် နေပြည်တော်တွင်ရှိသည့် လွှတ်တော်အဆောက်အအုံများကို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ဗိသုကာလက်ရာများနှင့် ခြယ်မှုန်းပြီး မြန်မာဗိသုကာပညာရှင်များ၊ မြန်မာအင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးသည် ဘူမိဖဿမုဒြာစကျင်ကျောက်ရုပ်ပွားတော်ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးနှင့် အလေးချိန် အများဆုံး စကျင်ကျောက်ရုပ်ပွားတော်ကြီး တစ်ဆူအဖြစ် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် CNC နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ တည်ထားခြင်းဖြစ်သည်။ ထို့ပြင်၂ဝ၂၄ ခုနှစ်ဇွန်လတွင် ဖွင့်လှစ်ခဲ့သည့် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ကိုလည်း မြန်မာ့အင်ဂျင်နီယာ ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော စွမ်းဆောင်နိုင်မှု များနှင့်အတူ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁ဝဝ)ပြည့်မှသည် နှစ်ပေါင်းထောင်သောင်းမက ပိုမိုဖွံ့ဖြိုးတိုးတက် ပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။