အယ်ဒီတာ့ အာဘော်
( ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာ ၂၅)
အမျိုးသားရေးတာဝန်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်သည် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ အမျိုးသား အောင်ပွဲနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်နှင့်အတူဖြစ်ပေါ်လာခဲ့သည့် မြန်မာ့သမိုင်းဝင်၊ သမိုင်းတွင်နေ့ထူးနေ့မြတ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးယခင်ဘုရင်များအုပ်စိုးစဉ်ကတည်းက ရွှေထီးရွှေနန်း ရွှေကြငှန်း နှင့်၊ ကိုယ့်အရှင်ကိုယ့်ဘုရင်နှင့် ဘုန်းမီးနေလတောက်ပခဲ့သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည်။ မြေသယံဇာတ၊ ရေသယံဇာတ၊ တွင်းထွက်သယံဇာတ၊ သစ်တောသယံဇာတ စသည့်သယံဇာတမျိုးစုံ အပြင် အသားငါးနှင့်ကောက်ပဲသီးနှံ ဆန်ရေစပါးပေါများကြွယ်ဝသောနိုင်ငံလည်းဖြစ်သည်။ ထိုသို့ကောင်းခြင်း အဖုံဖုံနှင့် ပြည့်စုံကြွယ်ဝသော မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှအင်္ဂလိပ်တို့ကမျက်စိကျကာ မျက်စောင်းထိုး လာသည်။ အကြောင်းမရှိအကြောင်းရှာ၊ အပြစ်မရှိအပြစ်ရှာပြီး ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် ကျူးကျော်စစ်သုံးကြိမ်ဖန်တီးကာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက် လိုက်သည်။
နယ်ချဲ့ အင်္ဂလိပ်တို့က မြန်မာနိုင်ငံနှင့်မြန်မာတစ်မျိုးသားလုံးကို ခေတ်မီစစ်လက်နက်များအသုံးပြုကာ အသာစီးဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်မြန်မာတစ်မျိုးသားလုံး၏"သခင်မျိုးဟေ့တို့ဗမာ"ဆိုသော မြန်မာ့စိတ်ဓာတ်နှင့် မြန်မာ့ဇာတိသွေး၊ မြန်မာ့ဇာတိမာန်ကိုမသိမ်းပိုက်နိုင်ခဲ့ပေ။ တတိယကျူးကျော်စစ်ဖြင့် မြန်မာ တို့၏နောက်ဆုံးဘုရင် သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့စဉ်က ဆီးဘန်းနီဆရာတော်ကြီး ရေးဖွဲ့ခဲ့သည့်"ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာ ရလေ၊ တို့တစ်တွေသည်၊ သေသော်မှတည့်၊ ဩော်ကောင်း၏" ဟူသော လင်္ကာအတိုင်း"နယ်ချဲ့ လက်အောက်၊ ကျွန်သပေါက်ဘဝ ဖြင့်နေရသည်ထက် သေရသည်ကမြတ်၏”ဟု မြန်မာတစ်မျိုးသားလုံးက ကြွေးကြော်ကာ မြန်မာ့လွတ်လပ်ရေးရအောင်ကြိုးပမ်းလာကြသည်။
နယ်ချဲ့ အင်္ဂလိပ်အစိုးရက မြန်မာတစ်မျိုးသားလုံး ကျွန်သက်တမ်းရှည်ရေးအတွက် ကျွန်စိတ်မွေးပေးနေ သည်။ မြန်မာတစ်မျိုးသားလုံး၏အညွန့်အဖူးများကို ချိုးနှိမ်ထားသည်။ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူမပြုသည့် တစ်လမ်းသွားကျွန်ပညာကိုသာသင်ကြားပေးသည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရ အကွက်ဆင်ထား သည့် ကျွန်ပညာရေးကိုကန့်ကွက်ကြသည်။ မြန်မာနိုင်ငံတွင်လည်း အိန္ဒိယနိုင်ငံနည်းတူ တက္ကသိုလ်ဖွင့်လှစ်ပေးရန်တောင်းဆိုကြသည်။ ဉာဏ်နီဉာဏ်နက်များလှသည့် နယ်ချဲ့ အင်္ဂလိပ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးပါသော ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကိုရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်း လိုက်သည်။ ထိုအက်ဥပဒေ သည် လူကုံထံအသိုင်းအဝိုင်းအတွက်သာဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး တက္ကသိုလ်ပညာသင်ယူခွင့်အခွင့်အလမ်းကို ပိတ်ဆို့ထားသောအက်ဥပဒေဖြစ်သည်။ ထို့ကြောင့် တစ်မျိုးသား လုံးကကန့်ကွက်ကြသည်။
နယ်ချဲ့ အင်္ဂလိပ်အစိုးရက မြန်မာတစ်မျိုးသားလုံးကန့်ကွက်နေသော တက္ကသိုလ်အက်ဥပဒေနှင့်ပင် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်လိုက်သည်။ ကျောင်းတက်နေဆဲ ကောလိပ်ကျောင်းသားများက ငုံ့ခံမနေကြတော့ဘဲ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)တွင် ဆန္ဒပြသပိတ်မှောက်လိုက်သည်။ ထိုသပိတ်က တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ သွားသည်။ သပိတ်မှောက်ကျောင်းသားများ၏ ပညာရေးကိုမထိခိုက်စေလိုသော မျိုးချစ်ပညာရှိကြီးများက အမျိုးသားကျောင်းများနှင့် အမျိုးသားကောလိပ်ကိုပါဖွင့်လှစ်သင်ကြားပေးသည်။ အမျိုးသားကျောင်းများနှင့် အမျိုးသားကော လိပ်မှထွက်ပေါ်လာသော အမျိုးသားရေးအသံများသည်နယ်ချဲ့ အင်္ဂလိပ်အစိုးရကို ကြောက်ဒူး တုန်အောင် ခြောက်လှန့်နိုင်ခဲ့သည့်အပြင် မြန်မာ့လွတ်လပ်ရေးရောင်နီသန်းလာသည်အထိ အောင်ပွဲခံနိုင် ခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်စတင်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်ကို အမျိုးသားအောင်ပွဲနေ့ဟု ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။
နှစ်စဉ်အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များနှင့်အညီကျင်းပခဲ့ပြီး ယခု(၁၀၄)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို "(က)တိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရေး၊ (ခ)နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ် ပညာပြည့်ဝသော ပညာတတ်များပေါများရေး၊ (ဂ)ပြည်ထောင်စုကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးတွင် တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီပံ့ပိုးရေး၊ (ဃ)တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ဆောင်ရွက်ရေး"ဟူသည့်ဦးတည်ချက်(၄)ရပ်ဖြင့်ကျင်းပမည် ဖြစ်ရာ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး တစ်မျိုးသားလုံး တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။