မြန်မာ့တိုင်းရင်းဆေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်)

မြန်မာ့တိုင်းရင်းဆေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံတွင် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့်ကုထုံးများသည် အနောက်တိုင်းဆေးပညာများ၊ ခေတ်မီဆေးဝါးများနှင့် ဆေးကုသမှုအတတ်ပညာများ မပေါ်ပေါက်မီကပင် ရှိနှင့်နေပြီးဖြစ်သည်။ မြန်မာဘုရင်များလက်ထက်မှစပြီး မိမိတို့၏ရေမြေသဘာဝတောတောင်များမှရရှိသည့် ဆေးဖက်ဝင် ပစ္စည်းများနှင့်ကုသခြင်း၊ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများနှင့်ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။
ရတနာပုံခေတ်မင်းတုန်းမင်းကြီး လက်ထက်တွင် ဆရာတော်များ၊ သမားတော်များက အာယုဗ္ဗေဒဆေးကျမ်းများကို သက္ကတဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုခြင်း၊ တိုင်းရင်းဆေးကျမ်းများပြုစုခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မြန်မာတို့၏တိုင်းရင်းဆေးပညာရပ်များမကွယ်ပျောက်စေရန် သမားတော်များက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးသောအခါ မြန်မာ့တိုင်းရင်းဆေးပညာရပ်များကို ပြန်လည်ဖော်ထုတ်ကာအားပေးခဲ့သည်။ ၁၉၈၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီး ဌာနအဖြစ် သီးခြားဖွဲ့စည်းတိုးမြှင့်ပေးသည့်အတွက် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်လာခဲ့သည်။ ၂၀၀၁ ခုနှစ်က မန္တလေးမြို့ တွင် မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ်များကို မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့များ အပ်နှင်းနိုင်ခဲ့သည်။ ထို့အတူ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကို အခါအားလျော်စွာလုပ်ဆောင်ခဲ့
သည်။

၂ဝဝဝ ပြည့်နှစ်မှစတင်ကာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို နှစ်စဉ်ကျင်းပပေး လျက်ရှိရာ ယခုအခါ (၂၃) ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ (၂၃) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာလ ၂၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ကျင်းပသည်။ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ၏ရည်ရွယ်ချက်များအနေဖြင့် “တိုင်းရင်းဆေးပညာ သင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့် တိုင်းရင်းဆေးဝါးများခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာရိုးရာယဉ်ကျေးမှုအမွေ အနှစ်အား လေးစားတန်ဖိုးထားတတ်စေရန်” တို့ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ... တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားစေရန် စဉ်ဆက်မပြတ်အားပေးဆောင်ရွက် လျက်ရှိသည်။ တိုင်းရင်းဆေးကဏ္ဍကိုအလေးအနက်ထားပြီး အားပေးချီးမြှောက်ပေးလျက်ရှိနေသကဲ့ သို့ တိုင်းရင်းဆေးပညာရှင်များကလည်း ကြိုးစားအားထုတ်လျက်ရှိကြသည်။ ထိုသို့ကြိုးစားအားထုတ် ကြရာတွင် ကျင့်ဝတ်နှင့်အညီ စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေ၊ တိုင်းရင်း ဆေးဝါးဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်ဖြစ်သည်။ ယခုအခါတွင် တိုင်းရင်းဆေး တက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှတိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့ အထိ ပေးအပ်နိုင်ရန်အတွက်လည်း ၂၀၂၅ ခုနှစ်ပညာသင်နှစ်မှစ၍ ပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင် တော့မည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည်(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနား၊ အဖွင့်ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာတွင် “ဒီနေ့အချိန်အခါဟာ နိုင်ငံတော်ရဲ့အမျိုးသားရေးဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မယ့် ကျန်းမာရေး ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လူသားအရင်းအမြစ်ဟာအဓိက ကျပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနဲ့သာ နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အဆင့်အတန်းမြင့်မားလာစေရေးအတွက် ပုံဖော်စွမ်းဆောင်နိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုဖွင့်လှစ်ပြီး မြန်မာ့တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်လျက်ရှိပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာ့တိုင်းရင်းဆေးပညာကိုခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာသင်များစေလွှတ် ပြီးနည်းပညာသင်ယူခြင်း၊ မျှဝေခြင်း၊ မိမိနိုင်ငံနှင့်လိုက်လျောညီထွေပြန်လည်အသုံးချပြီး ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)နှင့် တရုတ်နိုင်ငံယူနန်တိုင်းရင်းဆေးတက္ကသိုလ်တို့ ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၅ ရက်က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတော်၏အားပေးမှုနှင့်အတူ တိုင်းရင်းဆေးပညာရှင်များကလည်း ပြည်သူလူထု၏ကျန်းမာရေး ကို အစဉ်အမြဲစောင့်ရှောက်ပေးလျက်ရှိပေရာ မြန်မာ့တိုင်းရင်းဆေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ပါစေ ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။