စာပေဆိုတာ လောကလူသားတွေအတွက် မျက်စိဖွင့်ပေးတဲ့အလင်းရောင်ဖြစ်တယ်။  စာပေကိုလေ့လာဖတ်ရှုပြီး ဆည်းပူးနိုင်မယ်ဆိုရင် အကျိုးများမယ်။  အတွေးအခေါ်တွေရင့်ကျက်မယ်။ နိုင်ငံအတွက်နဲ့မိမိပတ်ဝန်းကျင်မှာ အကျိုးရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်

စာပေဆိုတာ လောကလူသားတွေအတွက် မျက်စိဖွင့်ပေးတဲ့အလင်းရောင်ဖြစ်တယ်။  စာပေကိုလေ့လာဖတ်ရှုပြီး ဆည်းပူးနိုင်မယ်ဆိုရင် အကျိုးများမယ်။  အတွေးအခေါ်တွေရင့်ကျက်မယ်။ နိုင်ငံအတွက်နဲ့မိမိပတ်ဝန်းကျင်မှာ အကျိုးရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်မှဌာနချုပ်များ/တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့တက်ရောက်လာသူများ၏ စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက်များ ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကြံပြုပြောဆိုသည့် စကားသံများကိုလည်း အောက်ပါအတိုင်းကြားသိခဲ့ရသည်-

ဦးအုန်းမောင်  (မြင်းမူမောင်နိုင်မိုး)

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ

ကျွန်တော်က မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအုန်းမောင် (စာရေးဆရာ မြင်းမူ မောင်နိုင်မိုး)ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာသတင်းမီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ ဒီနေ့က မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ စာကြည့်တိုက်များ၊ တပ်မတော်ဌာနချုပ်များ၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့ စာကြည့်တိုက်များကို နိုင်ငံတော်ကနေ စာအုပ်စာစောင်များပေးအပ်တဲ့ အခမ်းအနား ဖြစ်ပါတယ်။ ကျွန်တော်ကစာရေးဆရာ အသင်းအနေနဲ့ရော၊ သတင်းမီဒီယာကောင်စီအနေနဲ့ရော၊  စာကြည့်တိုက်ဖောင်ဒေးရှင်း အနေနဲ့ရော တက်ရောက်ခြင်းဖြစ်ပါတယ်။ စာကြည့်တိုက်တွေ ရေရှည်တည်တံ့ဖွံ့ဖြိုးအောင်  အဓိကကတော့ နိုင်ငံတော်ရဲ့ ထောက်ပံ့ကူညီမှုကိုလည်း  အများကြီးလိုအပ်ပါတယ်။ နောက်ပြီးစာကြည့်တိုက်တွေမှာလည်း စာကြည့်တိုက်ဆောက်ဖို့မြေနေရာနဲ့ အဆောက်အအုံ၊  စာအုပ်တွေရှိရမယ်။ နောက်ပြီး စာအုပ်ဖတ်ရှုငှားရမ်းတဲ့ သူတွေနဲ့စာကြည့်တိုက်မှူးလည်း ရှိရမယ်။    နောက်တစ်ချက်က ဘတ်ဂျက်လည်းရှိရမယ်။   အမှန်တော့ မြို့နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ထူထောင်ထားတဲ့ စာကြည့်တိုက်တွေရော၊ ဖောင်ဒေးရှင်းရဲ့အကူအညီ၊ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့အကူအညီနဲ့ ထူထောင်ထားတဲ့  စာကြည့်တိုက်များအားလုံးဟာ တကယ်တော့မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်အောင် အတွက်ကို ဝိုင်းဝန်းကြိုးစားပြီးတော့မှ ဘဏ္ဍာငွေရရှိအောင်လည်း ရှာဖွေနိုင်ရမယ်။ စာတကယ်ဖတ်ချင်တဲ့သူတွေ၊ စာဖတ်တဲ့သူတွေကို ဖော်ရှိုးမဟုတ်ဘဲ  တစ်ယောက်လာလာ၊ နှစ်ယောက်လာလာ တကယ့်ကိုဆောင်ရွက်လုပ်ဆောင်ပေးသင့်တယ်လို့ ယူဆပါတယ်။ ရှေးလူကြီးတွေက စာဖတ်ခြင်းအကျိုးကို ရေးခဲ့တဲ့ကဗျာ၊ စာတွေရှိခဲ့ပါတယ်။  စာပေမျက်စိအမြင်မရှိက မသိတရားအယူမှား၏ စာပေမျက်စိထင်လင်းရှိမှ အသိဉာဏ်လင်း နေသို့ဝင်း၏ ဆိုတဲ့အတိုင်း စာပေဆိုတာ လောကလူသားတွေအတွက် မျက်စိဖွင့်ပေးတဲ့ အလင်းရောင်ဖြစ်ပါတယ်။  စာပေကိုလေ့လာဖတ်ရှုပြီး  ဆည်းပူးနိုင် မယ်ဆိုရင်အကျိုးများမယ်။ အတွေးအခေါ် တွေရင့်ကျက်မယ်။ နိုင်ငံအတွက်နဲ့ မိမိပတ်ဝန်းကျင်မှာ  အကျိုးရှိတဲ့လုပ်ငန်းတွေကို   လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ ရှာဖွေဖတ်လော့၊ ဖတ်ဖန်သော်များ၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်ဟု ရှေးစာဆိုကြီးတွေက ရေးစပ်ဖွဲ့ဆိုထားခဲ့ကြပါတယ်။  တပ်မတော် တပ်ရင်းတပ်ဖွဲ့ တွေတိုင်းမှာ စာကြည့်တိုက်တွေ ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲကလည်း စာကြည့်တိုက်တွေ ရှင်သန်အောင်အများကြီး ထောက်ပံ့ကူညီပေးနေတာတွေ ရှိပါတယ်။    ဈေးနှုန်းသက်သာတဲ့ မြဝတီစာပေတိုက်တို့၊ စာပေဗိမာန်တို့က နေထုတ်ဝေတဲ့ စာအုပ်တွေကိုလည်း အဲဒီအထဲမှာ ဖြည့်ဆည်း ထည့်သွင်းခင်းကျင်း ထားတာကိုလည်း ကျွန်တော်တို့တွေ့မြင်ရပါတယ်။  တကယ်တော့ စာအုပ်တွေရှိ နေသလို စာဖတ်ဖို့ရဲဘော်တွေ၊ စစ်သည်တွေ၊ ရဲမေတွေအချင်းချင်း အချိန်ရတဲ့အခါ၊ အားတဲ့အခါတွေမှာ  စာကြည့်တိုက်မှာ မွေ့လျော်ပျော်ရွှင်အောင်တတ်နိုင်သမျှစာဖတ်ဝိုင်း အခမ်းအနားလေးတွေ လုပ်သင့်တယ်လို့ထင်မိပါတယ်။ ဆောင်းပါးတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို ရဲဘော်တွေ၊ စစ်သည်တွေ၊ ရဲမေတွေ၊ မိသားစုဖြစ်ဖြစ် ခံစားပြီး စာပေတွေကို နှီးနှောဖလှယ်ဆွေးနွေးကြလို့ရှိရင် တပ်တွင်းစာကြည့်တိုက်တွေရဲ့ တိုးတက်အောင်မြင်မှုကလည်း ပိုပြီးရလာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။  အဖေကလည်းစစ်သားဆိုတော့  ကျွန်တော်ငယ်ငယ်ကတည်းက  တပ်မတော်စာစဉ်ကို ဖတ်ခဲ့ရပါတယ်။ တပ်မတော်စာစဉ်ရဲ့ အပြင်အဆင်ကလည်း  ကောင်းပါတယ်။ ကျွန်တော်တို့က စာအုပ်အပြင်အဆင်ဆိုတာထက် စာပေအနှစ်သာရလည်းပါမယ်။ သို့သော်လည်း အီအိုင်လေးလံမနေအောင် ရုပ်ပြတွေ၊ ကာတွန်းတွေကို တစ်ကွက်ကောင်းနှစ်ကွက်ကောင်းနဲ့ တပ်မတော်သားတွေရဲ့ လက်တွေ့ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကို ဖော်ကျူးတဲ့ ဝတ္ထုတွေ၊ ကဗျာတွေကို ထည့်ပေး လိုက်နိုင်မယ်ဆိုရင် နောက်ပြီးစာမျက်နှာလည်း အခုထက်ပိုများမယ်ဆိုရင် ပိုအောင်မြင်ပြီးတော့ စစ်သည်တွေ မက်မက်မောမောဖတ်ရှုကြမယ်လို့ ကျွန်တော်ထင်မိပါတယ်။ နောက်ပြီး စာဖတ်သူများဖို့အတွက်    တိုက်တွန်းလှုံ့ဆော်နိုင်ဖို့အများကြီးလိုအပ်တယ်လို့ ပြောချင်ပါတယ်။

ဦးဟန်ညွန့် (ယဉ်ကျေးမှု)

ဒီနေ့အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းအနေနဲ့ တက်ရောက်လာခြင်း ဖြစ်ပါတယ်။ စာအုပ်စာပေဆိုတာကတော့   လူ့မိတ်ဆွေဖြစ်ပါတယ်။ စာဖတ်မှပဲအသိဉာဏ်တိုးမယ်။ အသိဉာဏ်တိုးမှလည်း တိုင်းပြည်အတွက် အားထားရတဲ့ လူချွန်လူကောင်းတွေထွက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာတွေကို များများ ဖတ်ပေးသင့်ပါတယ်။ စာတတ်ပြီးစာမဖတ်ရင်လည်း အဆင်မပြေပါဘူး။ နောက်ပြီး စာကြည့်တိုက်တွေကို များများဖွင့်နိုင်မှ တိုင်းပြည်အတွက်လူမှုရေးဆိုင်ရာတွေမှာ တိုးတက်လာမယ်လို့မြင်ပါတယ်။ တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကွက်ဒေသအလိုက် စာကြည့်တိုက်တွေများများဖွင့်လေ အကျိုးရှိပါတယ်။ စာကြည့်တိုက်တွေ ပိုပြီးဖွင့်လှစ်နိုင်လေလေ   ပိုပြီးအကျိုးကျေးဇူးတွေ ပိုများလေလေပါပဲ။ စာကြည့်တိုက်ဖွင့်ပြီး သော့ခတ်ထားမယ် ဆိုရင်လည်း အဆင်မပြေပါဘူး။ စာကြည့်တိုက်ဖွင့်မယ်ဆိုကတည်းက လူငယ်တွေ၊ လူကြီးတွေ၊ လူလတ်ပိုင်းတွေအကုန်လုံးက စာကြည့်တိုက်မှာပဲ စိတ်ပါဝင်စားစွာနဲ့စာဖတ်ရှုဖို့လိုကြောင်း ပြောချင်ပါတယ်။ စာများများဖတ်ခြင်းဖြင့် အကျိုးကျေးဇူးတွေ  အများကြီးရရှိနိုင်မှာ ဖြစ်တယ်လို့ ပြောလိုပါတယ်။

ဦးမောင်မောင်တာ(သဘာဝ)၊ နေပြည်တော်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ

ကျွန်တော်ကတော့ ဦးမောင်မောင်တာဖြစ်ပါတယ်။ စာရေးဆရာအမည်က သဘာဝကလောင်အမည်နဲ့ စာတွေရေးပါတယ်။ အခုအခမ်းအနားကို နေပြည်တော်စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအနေနဲ့ တက်ရောက်လာခြင်း ဖြစ်ပါတယ်။ နေပြည်တော်မှာရှိတဲ့   စာကြည့်တိုက်ပေါင်း ၁၂၀ လောက်ရှိပါတယ်။ ကျေးရွာ၊ ရပ်ကွက်တွေမှာရှိတဲ့ စာကြည့်တိုက်တွေကို စာအုပ်စာပေများ ဖြန့်ဝေခြင်းအားဖြင့် ကျေးရွာနေ၊ ရပ်ကွက်နေ ပြည်သူလူထုတွေက စာပေဗဟုသုတတွေကို    ဖတ်ရှုလေ့လာခြင်းအားဖြင့်  စာပေမှရရှိတဲ့ အသိပညာများနဲ့ ရပ်ရွာအကျိုးစွမ်းဆောင်နိုင်တဲ့   စာပေအသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ စာပေဗဟုသုတတွေကို ဖတ်ရှုပြီး လက်တွေ့လိုက်နာကျင့်သုံးမယ်ဆိုရင်  တစ်ဦးချင်းစီရဲ့ ကျန်းမာရေး၊ အားကစား၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေကို ဘက်စုံဖွံ့ဖြိုး တိုးတက်လာပြီး မိမိရပ်ရွာ၊ မိမိမြို့နယ်မှတစ်ဆင့် နိုင်ငံအဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ်များအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုမျိုးစာအုပ်တွေကို  လှူဒါန်းပေးတာလည်း အလွန်ကောင်းပါတယ်။ ဝမ်းသာဂုဏ်ယူမိပါတယ်။  စာကြည့်တိုက်တွေ ရှင်သန်တည်မြဲဖို့အတွက် စံသတ်မှတ်ထားတာကတော့ B ငါးလုံးလို့ဖြစ်ပါတယ်။  အဲဒါတွေကတော့ အဆောက်အအုံ၊ စာအုပ်စာစောင်၊ စာဖတ်သူ၊ စာကြည့်တိုက်မှူး၊ ရန်ပုံငွေဆိုပြီး သတ်မှတ်ထားတဲ့အချက် ငါးချက်ရှိပါတယ်။ ဒီငါးချက်ပြည့်စုံရမယ့် အပြင် စာကြည့်တိုက်တွေကို အချိန်မှန် နေ့စဉ်ဖွင့်ဖို့ လိုပါတယ်။ စာဖတ်ပရိသတ်တွေကို  ဆွဲဆောင်နိုင်မယ့် အစီအစဉ်တွေကိုလည်း စာကြည့်တိုက်တွေက လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်ပေးနိုင်ဖို့ဆိုရင် အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ပြန်ကြား ရေးဝန်ကြီးဌာနမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ စာရေးဆရာတွေ၊ စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ၊ ကျေးရွာရပ်ကွက် ပြည်သူလူထုတွေအားလုံး  ဒီအားငါးအားလုံးစုပေါင်းလုပ်မှသာ စာကြည့်တိုက်က ရေရှည်တည်တံ့ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ ဒီနေ့ စာအုပ်လှူဒါန်းတဲ့ အခမ်းအနားက အင်မတန်မှမင်္ဂလာရှိတဲ့အပြင်  အနာဂတ်အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ ဒီအတွက်အလွန်ဝမ်းမြောက်မိကြောင်းနဲ့ ထာဝရရှင်သန်ထက်မြက်ဖို့အတွက် အားငါးအားကဆက်လက်စုပေါင်းပြီး ဆောင်ရွက်ဖို့ တိုက်တွန်းပြောလိုပါတယ်။

မသိမ့်မြတ်နိုး၊    ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၁၁)

ကျွန်မကတော့    ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၁)မှာ တက်ရောက်နေတဲ့ ကျောင်းသူပဲဖြစ်ပါတယ်။ ကျောင်းကဆရာမတွေက ခေါ်တာနဲ့ ကျွန်မကိုယ်တိုင်ကလည်း စာပေတွေကိုဖတ်ရတာဝါသနာလည်းပါတော့ ဒီပွဲအခမ်းအနားကို တက်ရောက်ခြင်း ဖြစ်ပါတယ်။ အခမ်းအနားမှာ တက်ရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။  

အခုဆိုရှယ်မီဒီယာတွေ  ခေတ်စားလာတဲ့အတွက်  ကျောင်းသားလူငယ်တွေက အွန်လိုင်းပေါ်က မီဒီယာတွေအပေါ်မှာ အချိန်ဖြုန်းဖတ်ရှုလာတာကို တွေ့ရပါတယ်။ ကျွန်မတို့ ကျောင်းသားလူငယ်တွေက ကျောင်းစာအပြင် ပြင်ပကဗဟုသုတ ရရှိတဲ့စာတွေကို ဖတ်ရှုဖို့ လိုပါတယ်။ အဲဒီလိုဖတ်ရှုဖို့လိုတဲ့အတွက် စာအုပ်ထဲမှာပါတဲ့ အသိပညာဗဟုသုတတွေရဲ့ အကျိုးကျေးဇူးကိုရရှိစေမှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာက စာတွေက ဒေသန္တရ စကားတွေအများကြီးပါပြီး အကျိုးမရှိတဲ့ အသုံးအနှုန်းတွေ အများကြီးပါတာကို တွေ့ရတယ်။ ကျောင်းသားလူငယ်တွေ အတွက်ဆိုရင် တချို့ဆိုမသင့်လျော်တဲ့ စကားလုံးတွေ အများကြီးပါတာကို တွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း သုံးနှုန်းပြောဆိုတာတွေလည်းတွေ့ရပါတယ်။  စာအုပ်စာပေမှာကျတော့ သက်ဆိုင်ရာက စာပေစိစစ်ပြီး တရားဝင်ထုတ်ဝေတဲ့   စာအုပ်တွေကိုသေချာ ကောက်နုတ်ရေးသား ထားတာကြောင့် စာပေဗဟုသုတတွေ ရရှိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ စာအုပ်စာပေတွေ  ဖတ်တဲ့ လူငယ်တွေ၊ လူကြီးတွေရှိရင် သူတို့ရဲ့အသိ ပညာဗဟုသုတများကြွယ်ဝပြီး   နိုင်ငံတိုးတက် အောင်မြင်လာမှာ ဖြစ်ပါတယ်။ စာအုပ်စာပေနဲ့ ပတ်သက်လို့  ကျွန်မတို့လိုကျောင်းသားလူငယ်တွေအတွက် သုတ၊ ရသ၊ ဗဟုသုတမျိုးစုံတွေကိုပေးတဲ့ စာအုပ်မျိုးစုံရှိပါတယ်။ ကျောင်းသားလူငယ်တွေအတွက် စိတ်အာဟာရပေးတဲ့ စာပေတွေကို ဖတ်ရှုသင့်တယ်လို့လည်း ထင်ပါတယ်။ ဒါမှသာ ဘဝမှာတွေ့ကြုံရမယ့် အခက်အခဲတွေ၊ လောကဓံတွေကို စာအုပ်ကရတဲ့ အသိပညာဗဟုသုတတွေနဲ့ ပေါင်းပြီး ထိန်းသိမ်းနိုင်မယ်လို့ ထင်ပါတယ်။ အသက်တွေကြီးလာရင်လည်း ဓမ္မစာပေ၊ ဘာသာတရားနဲ့ဆိုင်တဲ့စာပေတွေ၊ အသိပညာ တိုးလာမယ့် စာအုပ်တွေကို အများကြီးဖတ်ရှုနိုင်မယ်လို့လည်း ထင်ပါတယ်။  ကျွန်မကလည်း အသိပညာ၊ အတတ်ပညာနဲ့  ဗဟုသုတများတိုးပွားအောင်ကြိုးစားပြီး နိုင်ငံအတွက်အထောက်အပံ့ပေးနိုင်တဲ့   နိုင်ငံသားတစ်ယောက်ဖြစ်အောင် လုပ်ဆောင်မယ်လို့ ခံယူထားပါတယ်။   ။

လင်းကြည်လင်း၊ လဲ့ရည်လှိုင်