လူငယ်တိုင်းအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ   ၂၇  ရက်)

 

လူငယ်တိုင်းအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်

ကာကွယ်ရေးအင်အားတောင့်တင်းခိုင်မာမှုရှိရေးသည် နိုင်ငံတိုင်း၏အသက်သွေးကြောပမာဖြစ်လာ သည့်အတွက်နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ကာကွယ်ရေးအင်အားကို တောင့်တင်းခိုင်မာအောင် ဆောင်ရွက်စီမံကြသည်။ ကာကွယ်ရေးအင်အားခိုင်ခိုင်မာမာရှိနေမှ နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးနေမည်ဖြစ်သည်။ ထို့အတူ ပြည်ပစွက်ဖက်နှောင့်ယှက်မှုများလည်း နည်းပါးလာမည်ဖြစ်သည်။ အကယ်၍ပြည်ပနိုင်ငံများက သွေးထိုးနှောင့်ယှက်မှုများရှိလာခဲ့လျှင်လည်း မိမိနိုင်ငံ၏ကာကွယ်ရေးစွမ်းပကားမြင့်မားနေမှုများကြောင့် အဖျက်အမှောင့်လုပ်ရပ်များပေါ်လာနိုင်မည်မဟုတ်ပေ။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံသည်လည်း ကာကွယ်ရေးစွမ်းအားမြင့်မားနေမှဖြစ်မည်။ မြန်မာနိုင်ငံ၏တည်နေရာသည် ပထဝီနိုင်ငံရေးအရအချက်အချာကျသည့်နေရာတွင် တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ကာကွယ်ရေးအင်အားသည် အစဉ်အမြဲတောင့်တင်းခိုင်မာနေရမည်ဖြစ်သည်။ ဆိုလိုချင်သည်မှာ နိုင်ငံအတွင်းရှိနိုင်ငံသားများသည် အရွယ်ရောက်လာသည်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာတာဝန်များကိုထမ်းဆောင်ကြရမည်ဖြစ်သည်။ လူတိုင်းသည် မိမိတို့၏မိဘညီအစ်ကိုမောင်နှမများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသကဲ့သို့ မိမိတို့နေထိုင်ရာနိုင်ငံတော်ကိုလည်းတန်ဖိုးထားမြတ်နိုးကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း အဓိကထားလုပ်ဆောင်ပေးလျက်ရှိသည်။ လူငယ်များအတွက် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည်ဖော်နေခြင်းနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ အဓိကအင်အားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် ဦးတည်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးနေသည်မှာ မိမိတို့နိုင်ငံတော်၏အနာဂတ်ဖွံ့ဖြိုးတိုးတက်နေရေးကို အလေးထားလုပ်ဆောင်ပေးခြင်းဖြစ်သည်။

လူငယ်တိုင်းစာပေတတ်မြောက်ပြီး နိုင်ငံတကာရေးရာများကိုလေ့လာနိုင်သည့်အသိများဖြစ်ပေါ်လာမည်ဆိုလျှင် မိမိနိုင်ငံကို မိမိတို့လူငယ်မောင်မယ်အစဉ်အဆက်က ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှဖြစ်တော့မည်ဆိုသည့်အသိတရားကိုမြင်လာပေလိမ့်မည်။ မိမိနိုင်ငံကိုချစ်မြတ်နိုးစိတ်ရှိသည့်လူငယ်များပေါများကြွယ်ဝလာမှသာ နိုင်ငံတော်ကာကွယ်ရေးအင်အားခိုင်မာလာမည်ဖြစ်သည်။ မျိုးချစ်စိတ်ရှိသည့်နိုင်ငံသားများရှိနေသည့်နိုင်ငံသည် မည်သည့်အခါမျှ ကမ္ဘာတွင် အောက်ကျနောက်ကျရှိနေမည်မဟုတ်ပေ။လက်တွေ့အားဖြင့် ကမ္ဘာ့နိုင်ငံအချို့ကိုလေ့လာကြည့်လျှင်သိနိုင်သည်။

မြန်မာအနေဖြင့်လည်း မြန်မာနိုင်ငံ၏ကာကွယ်ရေးအင်အားသည် စဉ်ဆက်မပြတ်ရှိနေရမည်ဖြစ်သည်။ကာကွယ်ရေးအင်အားလျော့နည်းသွားလျှင် မိမိတို့ပိုင်ဆိုင်ထားသောလွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာသည် တစ်ခဏအတွင်းဆုံးရှုံးသွားနိုင်သည်။ လွတ်လပ်ရေးဆိုသည်မှာ တစ်ခဏအတွင်းဆုံးရှုံးသွားနိုင်သော်လည်း  ဆုံးရှုံးသွားသည့်လွတ်လပ်ရေးပြန်လည်ရရှိရန်မှာ  အသက်၊ သွေး၊ ချွေးမြောက်မြားစွာရင်းနှီးပေးဆပ်ရသလို အချိန်ကာလအားဖြင့်ကြာရှည်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ရေးအင်အားလိုအပ်မှုကိုသိရှိနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏အနာဂတ်အကျိုးစီးပွားကိုရည်မြော်လျက် ပြည်သူ့စစ်မှုထမ်းဥပဒေကို၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။  ဤဥပဒေနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး၊ ဝေဖန်မှုအဖုံဖုံရှိခဲ့သော်လည်း နိုင်ငံနှင့်လူမျိုးကိုချစ်သည့်မျိုးချစ်စိတ်ရှိသူတိုင်းက နှစ်သက်သဘောကျသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယခုမှသာအတည်ပြုပြဋ္ဌာန်းဖြစ်သော်လည်းအမှန်အားဖြင့် ၁၉၅၉ ခုနှစ်ကတည်းက အာဏာသက်ဝင်ခဲ့သည့်ဥပဒေတစ်ရပ်ဖြစ်သည်။ ထိုစဉ်က၁၉၅၉ ခုနှစ်ဥပဒေတွင်သတ်မှတ်သည့်အသက်အရွယ်ရှိသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သော်လည်းဆရာဝန်များအတွက်သာ အဓိကအသုံးပြုခဲ့ကြောင်းတွေ့ရှိရသည်။၂ဝ၁ဝ ပြည့်နှစ်ရောက်သည့်အခါ အဆိုပါ၁၉၅၉ ခုနှစ်ဥပဒေကိုအခြေပြုလျက် ခေတ်ကာလနှင့်လျော်ညီအောင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းရှင်းလင်းလင်းရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စတင်အာဏာသက်ဝင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့အတွက်စစ်မှုထမ်းရမည့်ကာလမှာ နှစ်နှစ်ကာလမျှသာဖြစ်သည်။ ရရှိခံစားရမည့်လစာနှင့်စရိတ်များမှာလည်း အမြဲတမ်းစစ်မှုထမ်းများရရှိသည့်အတိုင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ခွင့်ရရှိခြင်းမှာ ဂုဏ်ယူရမည့်ကိစ္စရပ်ဖြစ်သည်။ သင်တန်းကျောင်းမှသင်ကြားပို့ချပေးလိုက်သည့်စိတ်ဓာတ်၊ စည်းကမ်းကောင်းများနှင့်အတူ နိုင်ငံတော်အပေါ်သစ္စာရှိရှိကာကွယ်လိုသည့်စိတ်များဖြစ်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ယခုအခါအမှတ်စဉ်(၇)ထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများသည်လည်း နိုင်ငံအနှံ့ရှိတပ်ရင်း၊ တပ်ဖွဲ့များတွင် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်ရာ  နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အားတက်သရော ပါဝင်ထမ်းဆောင်ကြသောပြည်သူ့စစ်မှုထမ်းများအတွက်ဂုဏ်ယူပါကြောင်းရေးသားလိုက်ရပေသည်။   ။