တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ရေး

 

တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ရေး

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားတို့၏ သွေးအသက်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် နယ်နိမိတ်သတ်မှတ်ထားသော ပိုင်နက်နယ်မြေနှင့် ထိုနိုင်ငံပေါ်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများဟူ၍ရှိသည်။ ပိုင်နက်နယ်မြေသည် ပထဝီမြေပြင်ပိုင်နက် ကန့်သတ်ထားသောနယ်နိမိတ်အတွင်း၌ မလှုပ်မယှက်တည်ရှိနေမည်ဖြစ်သော်လည်း ထိုပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သော နိုင်ငံသားတို့ကမူ မွေးလိုက်ကွယ်လွန်လိုက်ဖြင့် သက်တမ်းအုပ်စုအလိုက် အမြဲရွေ့လျား စီးဆင်းဖြစ်ပေါ်တိုးတက်နေကြသည်။  သက်တမ်းအုပ်စုအလိုက်  မျိုးဆက်သစ်(Generation)များအဖြစ် ဆက်ကာဆက်ကာ ဖြစ်ထွန်းနေကြမည်ဖြစ်သည်။

သက်တမ်းအလိုက် ရှိနေသူများက မိမိတို့နေထိုင်သော နိုင်ငံ၏ပိုင်နက်နယ်မြေ တစ်လက်မမျှ မဆုံးရှုံးစေရေး ကာကွယ်နေကြရမည်ဖြစ်သည်။ ပိုင်နက်နယ်မြေမဆုံးရှုံးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် နိုင်ငံသားတိုင်း အစဉ်အမြဲမပြောင်းမလဲ လက်ဆင့်ကမ်းထမ်းဆောင်ကြရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်။

အဆိုပါ အမျိုးသားရေး တာဝန်များကို ဦးလည်မသုန်ထမ်းဆောင်နေကြသူများမှာ တပ်မတော်သားများပင် ဖြစ်သည်။  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် တပ်မတော်သားတိုင်း၏ အမျိုးသားနိုင်ငံရေး တာဝန်အဖြစ် သတ်မှတ်ပေးထားသည်။

တပ်မတော်သည်နိုင်ငံတော်အတွက် မရှိမဖြစ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တပ်မတော်သားဆိုသည်မှာ ပြည်သူမှမွေးဖွားလာသော သားကောင်း၊ သမီးကောင်းရတနာများဖြစ်သည်။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆန္ဒဖြင့်  တပ်မတော်သို့ ဝင်ရောက်လာကြသူများဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန်အတွက် ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝကြသည်။ တပ်မတော်သားတစ်ဦး ဖြစ်လာသည်နှင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသောစိတ်ဓာတ်မှာ တစ်ပြေးညီထားရှိသော စိတ်ဓာတ်ဖြစ်သည်။

တပ်မတော်သားတို့သည်  စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံကြရသည်။ ထိုသို့ပြည့်စုံနေရမည့်အပြင်  အထက်ကပေးအပ်သော အမိန့်နှင့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရသည်။ အဓိကအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့်လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကိုအသက်စွန့်ပြီး မြှင့်တင်လိုသည့်စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့် စိတ်ဓာတ်နှင့်ရဲဘော်ရဲဘက်စိတ်တို့ ပြည့်ဝနေကြရသည်။ သို့မှသာ တိုက်ပွဲတိုင်းတွင် အောင်ပွဲဆင်နိုင်မည်ဖြစ်သည်။

တပ်မတော်တွင် သတ်မှတ်ထားသည့် ရာထူးအဆင့်အတန်းအလိုက် တာဝန်ထမ်းဆောင်နေကြရာ နိုင်ငံနှင့်တပ်မတော်အတွက် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်သူများကိုလည်း ချီးမြှင့်မြှောက်စားလျက်ရှိသည်။ မိမိတို့၏ဘဝတက်လမ်းကို မိမိတို့ကိုယ်တိုင်ရိုးသားကြိုးစားမှုဖြင့် မြှင့်တင်ကြရသည်။ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသူများကို ဗိုလ်လောင်းအဖြစ်ရွေးချယ်ကာ ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်စေလျက်ရှိသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၇)သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ သင်တန်းပြီးမြောက် အောင်မြင်ပြီဖြစ်သည်။ လေ့ကျင့်ရေးနှင့်ပတ်သက်၍ တစ်ဦးချင်းအနေဖြင့် လည်းကောင်း၊  အဖွဲ့လိုက်အနေဖြင့်လည်းကောင်း လိုက်ပါလုပ်ဆောင်တတ်စေရန် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းတော်ကြီးက လေ့ကျင့်သင်ကြားပေးလိုက်ပြီး ဖြစ်သည်။ သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို မမေ့မလျော့အောင် အမြဲတမ်းလေ့ကျင့်ရမည်။ အမြဲတမ်းစစ်ရေးသတိရှိရမည်။ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရမည်ဆိုသည့် မြဲသုံးမြဲကိုလက်ကိုင်ထားကာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။

တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိများ ဖြစ်လာကြသည်နှင့်အညီ ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆) ချက်နှင့်အညီ ကျင်ကြံကြိုးစား လုပ်ဆောင်ကြရမည်ဖြစ်သည်။ စစ်စည်းကမ်းသည် တပ်မတော်၏အဓိက ကျောရိုးမဏ္ဍိုင် ဖြစ်ခြင်းကြောင့် စစ်ဘက်နယ်ဘက်စည်းကမ်းများကို တိတိကျကျ လိုက်နာကြပြီး တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) ကျောင်းဆင်းဗိုလ်လောင်းများသည် အနာဂတ်၏ စစ်ခေါင်းဆောင်ဆိုသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်က အားကိုးရသည့် စစ်ဘက်ခေါင်းဆောင်များ ဖြစ်စေရန်အတွက် ကြုံတွေ့လာနိုင်သည့် မည်သည့် အခက်အခဲများကိုမဆိုရင်ဆိုင်ကျော်လွှားပြီး ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။  ။