အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်)
ပညာရေးဆိုင်ရာအမျိုးသားရေးလုပ်ငန်းစဉ်
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ဉာဏစွမ်းရည်ကိုပြုစုပျိုးထောင် ပေးရမည်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ကောင်းမွန်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက အဆင့်မြင့်ပညာရပ်များတတ်ကျွမ်းပြီး အရည်အချင်းပြည့်မီသည့်လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။ လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်ကအားကိုးအားထားပြုနိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များအဖြစ်ပေါ်ထွက်လာစေရန် နိုင်ငံတော်ကလူတိုင်းပညာသင်ယူနိုင်မည့် ဘက်စုံပညာရေးစနစ်ဖြင့်ဆောင်ရွက်ပေးနေသည့်အတွက် အပြည့်အဝရရှိအောင်သင်ယူကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်တို့၏အခန်းကဏ္ဍကို အစဉ်မြင့်မားနေစေရေး အထူးအလေးထားဆောင်ရွက်နေချိန်တွင် လူငယ်များကလည်းသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင် ကြရမည်ဖြစ်သည်။ အောင်မြင်မှုကိုရယူလိုသူတိုင်းကြိုးစားကြရမည်ဖြစ်သည်။ ကြိုးစားအားထုတ်မှု မရှိဘဲ မည်သည့်အောင်မြင်မှုမှပေါ်ထွန်းလာမည်မဟုတ်ပေ။ မိမိကိုယ်ကိုချစ်မြတ်နိုးတန်ဖိုးထားလျှင် မိမိဘဝတိုးတက်ရေးအတွက် ပညာကိုဆုံးခန်းတိုင်အောင်သင်ယူကြရမည်ဖြစ်သည်။ ဆုံးခန်းတိုင်အောင် ဟူသောစကားရပ်သည်သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ အဆင့်မြင့်ဆုံးဘွဲ့များရရှိအောင် ကြိုးစား ရမည်ကိုဆိုလိုခြင်းဖြစ်သည်။ အခြေခံအားဖြင့် အတန်းပညာရှိမှသာ အသိပညာနှင့်အတတ်ပညာရရန် လွယ်ကူမည်ဖြစ်သည်။ အသိပညာနှင့်အတတ်ပညာ ဟန်ချက်ညီမှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတို့တွင် အားသာချက်များဖြစ်ပေါ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ် (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ‘‘ပညာရေးဆိုင်ရာအမျိုးသားရေးလုပ်ငန်း စဉ်ကြီးမှာတစ်ခဏတာဖြင့်ပြီးမြောက်မည်မဟုတ်သည့်အပြင်တစ်ဦးတစ်ယောက်ကောင်းဆောင်ရွက်ရုံမျှဖြင့် အောင်မြင်နိုင်သည့် လုပ်ငန်းမျိုးမဟုတ်ဘဲ နိုင်ငံသားအားလုံးက အမျိုးသားရေးစိတ်ဓာတ်ဖြင့်ပါဝင်မှသာ ပြီးမြောက်အောင်မြင်မည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် စိတ်ရှည်သည်းခံဇွဲသန်သန်ဖြင့် စွန့်လွှတ်အပင်ပန်းခံကာကြိုးစားမှ အောင်မြင်နိုင်မည်ဖြစ်ရာ နိုင်ငံတော်ကဘက်ပေါင်းစုံမှအားပေးကူညီထောက်ပံ့လျက်ရှိသကဲ့သို့ တာဝန်ရှိသူအသီးသီးနှင့် ပြည်သူအားလုံးမှတက်ညီလက်ညီပူးပေါင်းပါဝင်ရန်လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံ့အနာဂတ်ကောင်းမွန်ရေး မျှော်မှန်းဆောင်ရွက်နေသည့်ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများကို အားလုံးကသိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်’’ ဟူ၍ဖော်ပြပါရှိသည်။
ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာနေထိုင်နိုင်ခြင်း၊ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့မှာ တိုင်းပြည်သာယာဝပြောခြင်းဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးကို နိုင်ငံတော်အစိုးရက ဦးဆောင်လမ်းပြလျက်ရှိရာပြည်သူတစ်ရပ်လုံးက ကျရာနေရာမှ ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။ပညာသင်ကြားနိုင်ခြင်းဆိုသည်တွင်မိဘများသည်အဓိကဖြစ်သည်။ မိမိတို့၏ရင်သွေးငယ်များကို အမှန်တကယ်ချစ်မြတ်နိုးတန်ဖိုးထားပါလျှင်ကျောင်းနေအရွယ်ကလေးအားလုံးကို ကျောင်းထားပေးရပါမည်။ သားသမီးများကိုမွေးဖွားသည်မှ လူလားမြောက်သည့်အချိန်အထိ ပညာရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်းစနစ်ရှိအောင်သွန်သင်ဆုံးမပေးကြရမည်ဖြစ်သည်။
မိဘတိုင်းက မိဘတို့၏တာဝန်ကိုကျေပွန်ကြသလို ဆရာ၊ ဆရာမများကလည်း တာဝန်ကိုကျေပွန်စွာစေတနာ၊ ဝါသနာ၊ အနစ်နာဟူသောနာသုံးနာနှင့် ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဆရာကောင်းတစ်ဦးဖြစ်ရမည့် အချက်များနှင့်ကိုက်ညီအောင် ကျင့်ကြံအားထုတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ စိတ်ဓာတ်၊စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံ့အကျိုးထမ်းသယ်ပိုးမည့် အနာဂတ်နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများပေါ်ထွန်းလာရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်လှသည်။ ပညာကွင်းဆက်တစ်လျှောက်တွင်ကျောင်းသား၊ ကျောင်းသူတို့နှင့်အနီးကပ်၊ အချိန်ကြာကြာရှိနေသည်မှာ ဆရာ၊ ဆရာမများသာဖြစ်သည်။ဆရာ၊ ဆရာမတို့၏နှုတ်ထွက်စကား၊ သင်ကြားပို့ချမှုများမှာ တပည့်တို့အတွက် ဆရာကောင်းတပည့်ပန်းကောင်းပန်သူများဖြစ်သွားနိုင်သကဲ့သို့ ‘‘ဆရာလွှတ်တော့ ရိုင်း၊ မျဉ်းလွှတ်တော့ကိုင်း’’ ဆိုသည့်ပုံပမာဖြစ်သွားနိုင်သည်။ မျဉ်းကြောင်းကိုအားမကိုးဘဲစာရေးလျှင် စာကြောင်းများမဖြောင့်မတန်းဖြစ်တတ်သကဲ့သို့ဆရာကောင်းကို မမှီဝဲမဆည်းကပ်သူသည် ရိုင်းစိုင်းတတ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်မှာ ပညာရေးဆိုင်ရာ အမျိုးသားရေးလုပ်ငန်းစဉ်တွင် အမျိုးသားရေးစိတ်ဓာတ်ဖြင့်တက်ညီလက်ညီပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။